Pages

Subscribe:

Tuesday, August 19, 2014

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမှန်တံဆိပ်တုံးနှိပ်မဲပေးစနစ် ကျင့်သုံးမည်

 

အမှန် အမှတ်အသားပါ ရှိသော တံဆိပ်တုံးကို ထုနှိပ်၍ မဲပေးရမည့်စနစ်ကို လာမည့်၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် စတင် ကျင့်သုံးတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နည်းဥပဒေတွင် ပြင်ဆင် ထုတ်ပြန်လိုက်သည်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲ ကျင်းပစဉ်က မဲကတ်ပြားပေါ်တွင် အမှားအမှတ်အသားပါရှိသော တံဆိပ်တုံးကိုထု၍ မိမိရွေးချယ် လိုသော ကိုယ်စားလှယ်ကို မဲပေး ခဲ့ရသည်။ ယခုအဆိုပါစနစ်ကိုပြောင်းပြန်ပြင်ဆင်လိုက်ခြင်းဖြစ်ပြီး စနစ်အမှန်ဖြစ်သည့် အမှန်အမှတ်သား တံဆိပ်တုံးဖြင့် မဲပေးရမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားလွှတ် တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ် တော်ရွေးကောက်ပွဲနည်းဥပဒေ များကို ပြင်ဆင်ထုတ်ပြန်လိုက်ရာ တွင် နည်းဥပဒေပုဒ်မ ၄၁(ခ)တွင် ပါရှိသော အမှန်အမှတ်အသား ပြုရမည်ဆိုသည့် စာသားကို အမှန်အမှတ်အသားပါရှိသည့် တံဆိပ်တုံးကိုနှိပ်၍ ဆန္ဒပြုရမည်ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆန္ဒမဲပေးပြီးသူ များ နောက်တစ်ကြိမ် ဆန္ဒမဲပေး ခွင့်မရှိစေရန် သတ်မှတ်ထား သည့်အတိုင်း မင်တို့သည့်စနစ် ကျင့်သုံးရမည်ဟု ဥပဒေတွင် ထပ်မံဖြည့်စွက်ထားသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တို့တွင် မဲကတ်ပြားပေါ်၌ ဘောပင်ဖြင့် အမှန်ခြစ်မဲပေးရာတွင် မင်မထင်သော ဘောပင်များ ဖြစ်နေခြင်း၊ မဲကတ်ပြားများ အရည်အသွေးကြောင့် မင်ခြစ်၍မရခြင်း၊ အမှန်ခြစ်ရာတွင် နှစ်ကြောင်းဖြစ်သွားခြင်းစသည့် အချက်များကြောင့် ပယ်မဲများ များစွာဖြစ်ခဲ့၍ တံဆိပ်တုံးနှိပ်သည့်စနစ်ကို ကျင့်သုံးခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

‘‘အခု တံဆိပ်တုံးမှာ မင် လည်းစွန်းထင်းခြင်းမရှိဘူး။ သတ်မှတ်ထားတဲ့ အကွက်ကိုးကွက်ပေါ်မှာ ကျွန်တော်တို့ လက်ခံနိုင်တဲ့ ပမာဏဖြစ်ရင် လက်ခံနိုင်အောင် သတ်မှတ်ထားပါတယ်။ အဓိက အားသာချက်ကတော့ ပယ်မဲအရေအတွက် နည်းသွားမှာပါ’’ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ညွှန်ကြား ရေးမှူး ဦးသောင်းလှိုင်က ပြော ကြားခဲ့သည်။

Monday, August 18, 2014

ပီအာရ်စနစ်သုံးမည့်နည်းလမ်း ဆုံးဖြတ်တော့မည်


ပါတီအလိုက်ရရှိသည့် ဆန္ဒမဲအရေအတွက် စုစုပေါင်း၏ ရာခိုင်နှုန်းပေါ်မူတည်၍ အမတ်ဦးရေ အချိုးကျရရှိမည့် ပီအာရ်ကို မည်သို့သောနည်းလမ်းဖြင့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများ၌ အသုံးပြုမည်ဆိုသည်ကို သြဂုတ် ၁၈ ရက် ကျင်းပမည့် အစည်းအဝေးတွင် အပြီးသတ်ရွေးချယ်တော့မည်ဟု အမျိုးသားလွှတ်တော်ပီအာရ် အကောင်အထည်ဖော်ရေးကော်မရှင်အဖွဲ့ဝင်တချို့က မဇ္ဈိမကို ပြောသည်။

“တစ်ရက်နဲ့ ဆွေးနွေးလို့ မပြတ်ရင် ပြတ်တဲ့အထိ ဆွေးနွေးသွားမှာပါ”ဟု မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၇) ဒေါက်တာဗညားအောင်မိုးက ပြောသည်။

လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်တစ်ခုတွင် မဲအများဆုံးသူ အနိုင်ရစနစ်မှ အနာဂတ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု ခွင့်ရမည့် ပီအာရ်စနစ်ကို ပြောင်းသုံးရန် ကော်မရှင်ဖွဲ့ ဆွေးနွေးနေကြခြင်းဖြစ်သည်။ ကော်မရှင်သည် ပီအာရ်နှင့် ပတ်သက်သည့် ရွေးကောက်ပွဲ ပုံစံလေးမျိုးကို ရေးဆွဲထားပြီး ယင်းတို့အနက် အားသာချက်၊ အားနည်းချက်များကို နှိုင်းယှဉ်ရွေးချယ်ရန်သာ ရှိတော့သည်ဟု ၎င်းက ပြောသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ဘယ်မှာ ကျင့်သုံးမလဲဆိုတာ ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ မပြတ်ရင် လွှတ်တော်တင်တဲ့အခါမှာ ပြန်ဆုံးဖြတ်လို့ရပါတယ်” ဟု ဦးဗညားအောင်မိုးက ဆိုသည်။ ၎င်းက တစ်နိုင်ငံလုံး သို့မဟုတ် တိုင်း(သို့မဟုတ်) ပြည်နယ် မည်သည့်နေရာများအတွက် ပီအာရ်စနစ် ကျင့်သုံးမည်ဆိုသည်ကို ဆုံးဖြတ်ရန် ခက်ခဲဖွယ်ရှိသည်ဟု ယူဆထားသည်။

တိုင်းရင်းသားပါတီတို့က နိုင်ငံတစ်ဝန်းရရှိသည့် စုစုပေါင်းမဲအရေအတွက်ဖြင့် အချိုးချပါက ကိုယ်စားပြုခွင့် လျော့နည်းနိုင်ပြီး တန်းတူအခွင့်အရေးမရနိုင်၊ ဒီမိုကရေစီစနစ်ကျင့်သုံးမှု နုနယ်သေးချိန်တွင် မသင့်လျော်သေးစသဖြင့် မီဒီယာတို့ကို ထုတ်ဖော်ပြောဆိုကာ ကန့်ကွက်ထားကြပြီး ၃၆ ဦးပါ ကော်မရှင်တွင် ရှစ်ဦး နုတ်ထွက်ထားကြသည်။

“ခုတော့ သူတို့ရဲ့အသံတွေ ပျောက်သွားတာပေါ့”ဟု အခြားသော ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် (၃) အမတ်ဦးဖုန်းမြင့်အောင်က ဆိုသည်။

၎င်းသည် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရေး လွှတ်တော်သို့ အဆိုတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင် တစ်ဦးလည်းဖြစ်သည်။ ၎င်းနှင့်တစ်ပါတီတည်းဖြစ်သူ ရန်ကုန်တိုင်း၊ မဲဆန္ဒနယ် အမှတ်(၁)၊ အမတ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လအတွင်း အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်းခြင်းဖြစ်သည်။

“ဒါပေမဲ့ လွှတ်တော်ကို ပြန်တင်လာရင် ကန့်ကွက်လို့ အကျိုးမရှိဘူးဆိုပေမယ့် ကန့်ကွက်စရာရှိတာကိုတော့ ကန့်ကွက်သွားမှာပါ”ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

၎င်းသည် ကော်မရှင်အဖွဲ့မှ နုတ်ထွက်ထားသူဖြစ်ပြီး ဥပဒေကြမ်းအဖြစ် တင်သွင်းလာလျှင် အမျိုးသား လွှတ်တော်အစည်းအဝေး၌ ထပ်မံကန့်ကွက်သွားမည်ဟု ပြောသည်။ အမျိုးသားလွှတ်တော် ပီအာရ်စနစ် အကောင်အထည်ဖော်ရေးကော်မရှင်သည် လာမည့် စက်တင်ဘာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းအဖြစ် တင်သွင်းရန် တာဝန်ယူထားသည်။

mizzima

Sunday, August 17, 2014

ကချင်တွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်ရန် ပါတီတွေ ပြင်ဆင်


၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ကချင်ပါတီတွေ အပါအ၀င် နိုင်ငံရေးပါတီတွေ ပြင်ဆင်နေကြပါပြီ။

Kachin-Manawကချင်ပြည်နယ်ထဲက လစ်လပ်မဲဆနနယ်တွေမှာ ၀င်ပြိုင်ဖို့ ပြင်ဆင်နေကြတာဖြစ်ပြီး ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက သူကိုယ်တိုင် ၀င်မပြိုင်ပေမယ့် သူ့ပါတီက ကိုယ်စားလှယ်လောင်းတွေ ၀င်ပြိုင်ဖို့ ရှိတယ်လို့ ပြောပါတယ်။

“အနည်းဆုံး ၃ နေရာတော့ ဖြစ်မှာပါ။ ၄ နေရာစလုံးလည်း ဖြစ်သွားနိုင်စရာအကြောင်း ရှိပါတယ်။ ကျနော်တို့ အယူအဆမှာကတော့ ပါတီကြီး ပါတီငယ် မခွဲခြားဘူး။ ပါတီကြီးဆိုပြီး လူထုထောက်ခံမှုမဲ့တဲ့ ပါတီကြီးတွေ ရှိသလို ပါတီလေးဆိုပေမယ့် လူထုထောက်ခံတဲ့ ပါတီလေးတွေလည်း ရှိတယ်။ ဒါကြောင့်မို့လို့ အဓိက ကတော့ ကျနော်တို့က ပြည်သူနဲ့ တသားတည်း ဖြစ်ဖို့ပဲ။ ပြည်သူလူထုထောက်ခံမှုအများဆုံးဖြစ်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ ”

လစ်လပ်နေရာ အားလုံးဝင်ပြိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်ထဲ လတ်တလော ထုတ်ပြန်ချက်တွေအရ ၀ိုင်းမော်၊ဖားကန့်၊ဗန်းမော်နဲ့ မိုးကောင်းတို့မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ ရှိပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ကချင်မှာ သူ့ပါတီကိုယ်စားလှယ်တွေ ၀င်ပြိုင်မယ်လို့ ပြောပါတယ်။

“ကျနော်တို့ ကချင်မှာ ပြီးခဲ့တဲ့နှစ်က ဖားကန့်ရယ် ဗန်းမော်ရယ် မိုးကောင်းရယ် မ၀င်လိုက်ရဘူး။ အဲဒီသုံးခုအပြင် ၀ိုင်းမော်မှာ ပြည်နယ်လွှတ်တော်ပေါ့ အဲဒီအတွက်ပါ ၄ နေရာဝင်ဖို့ သတ်မှတ်ထားပါတယ်။ ၀င်လည်း ၀င်ကြမှာပါ။”

စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ တွဲဘက်အတွင်းရေးမှူး ဒေါ်ဒွဲဘူကတော့ သူတို့ ပါတီအနေနဲ့ ကြားဖြတ်ဝင်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။

ပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ တို့ကလည်း ကြားဖြတ်မှာ လစ်လပ်နေရာ အားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။

ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေနဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) နဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP တို့က ကိုယ်စားလှယ်လောင်းတွေ ၀င်ပြိုင်ဖို့ ပဏာမလူရွေးထားပြီးဖြစ်တယ်၊ပြည်နယ်အားလုံးမှာ သူတို့ ကိုယ်စားလှယ်လောင်းတွေအားလုံး အနိုင်ရဖို့ ရှိတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးစောသန်းမြင့်က ဒီဗွီဘီကို ပြောထားပါတယ်။

အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မဆလပါတီကို အမွေဆက်ခံတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီဟာ ခုနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိနေတဲ့ ကြားဖြတ်ရွေး ကောက်ပွဲမှာ အမတ်နေရာ ၁၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ က ဒီဗွီဘီကိုပြောပါတယ်။ အမျိုးသားလွှတ်တော်မှာ နေရာ (၆)နေရာ၊ ပြည်သူ့လွှတ်တော်မှာ (၆) နေရာနဲ့ ပြည်နယ်တိုင်းဒေသကြီးလွှတ်တော် ၆ နေရာမှာ ၀င်ပြိုင်မှာဖြစ်တယ်လို့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပြောပါတယ်။ တစညပါတီအနေနဲ့ ရှမ်းနဲ့ ကရင်ပြည်နယ်က လွဲလို့ ကချင်နဲ့ ရခိုင်ပြည်နယ် အပါအ၀င် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေက လစ်လပ်မဲ ဆန္ဒနယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ကော်မရှင်က သတ်မှတ်ထားတဲ့ မဲဆွယ်ကာလ တိုတောင်းတယ်လို့ ပြောပါတယ်။

“ရက်ပေါင်း ၃၀ ပြန်ဖြစ်သွားတယ်။ အဲဒါကလည်း ကော်မရှင်ကပြောတာ ကျနော်တို့ ကြားရတယ်။ အဲဒီ ရက်ပေါင်း ၃၀ ကို ကြားဖြတ်ရွေးကောက်ပွဲမှာ စမ်းကြည့်မယ်။ စမ်းကြည့်ပြီးတော့မှ တိုလွန်းတယ်ဆိုတာ ဖြစ်လို့ရှိရင်တော့ လာမယ့် ၂၀၁၅ မှာ တိုးရင်တိုးပေးမယ်။ ကျနော်တို့ အမြင်ကတော့ ရက်ပေါင်း ၃၀ ဆိုတာ မလုံလောက်ပါဘူး။”

လတ်တလော စာရင်းတွေအရ ကချင်ပါတီ ၄ ခုရှိပါတယ်။

လစ်လပ်မဲဆန္ဒနယ်မြေတွေ အတွက် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ကို ဒီနှစ်ကုန်ပွင့်လင်းရာသီဖြစ်တဲ့ နိုဝင်ဘာလကုန် ဒါမှမဟုတ် ဒီဇင်ဘာလဆန်းလောက်မှာ ကျင်းပမယ့်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြီးခဲ့တဲ့ မတ်လက တရားဝင်ပြောကြားထားတာပါ။

(DVB)

Monday, July 21, 2014

ကြားဖြတ် ရာနှုန်းပြည့်အနိုင်ရရှိရေး ပါတီကြီးနှစ်ခု ကြိုးပမ်းဆောင်ရွက်မည်

၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်အနိုင်ရရှိရေး ပြင်ဆင်နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့မှ တာဝန်ရှိသူတို့က မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က “ကျွန်တော်တို့လာမယ့် ကြားဖြတ်ကိုလည်း ပြီးခဲ့တဲ့ ၂၀၁၂ တုန်းက ရလဒ်လိုပဲ ရမယ်လို့ထင်ပါတယ်။ အောင်နိုင်ရေးအတွက် မြို့နယ်၊ ခရိုင်၊ တိုင်းအောင်နိုင်ရေးအဖွဲ့ ဖွဲ့ဖို့အတွက် ဆွေးနွေးပြီးသွားပြီ”ဟု ဆိုသည်။

NLD သည် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်နှင့်တိုင်းတို့ကို ညွှန်ကြားထားပြီး တင်ပြလာသည့် ကိုယ်စားလှယ်များကို ပါတီဝင်မဟုတ်သည့် ပြင်ပပညာရှင်များနှင့် စိစစ်ကာ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များက နောက်ဆုံးရွေးချယ် ဆုံးဖြတ်သွားမည်ဟု ဦးဝင်းမြင့်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီကလည်း လာမည့်၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ်များအတွင်းရှိ ကြားဖြတ်နေရာအားလုံး ရာနှုန်းပြည့်အောင်နိုင်ရန် ပြင်ဆင်နေသည်ဟု ပါတီဗဟိုကော်မတီဝင်လည်းဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ပြောသည်။

“ပြည်သူ့ပါတီအဖြစ်နဲ့ ရပ်တည်သွားနိုင်ဖို့အတွက်လည်း လုပ်နေကြတယ်”ဟု ဦးသာဝင်းက ပြောသည်။

လက်ရှိ လစ်လပ်မဲဆန္ဒနယ်များသည် ကချင်ပြည်နယ်မြို့နယ်အချို့တွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်အတွင်း မပြုလုပ်နိုင်ခဲ့ခြင်း၊ အချို့ တိုင်းနှင့်ပြည်နယ်များမှ အမတ်များသည် အစိုးရအရာရှိများဖြစ်သွားခြင်း၊ သေဆုံးမှုရှိခြင်းတို့ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၃ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခြောက်နေရာနှင့် တိုင်းနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၄ နေရာတို့ စုစု ပေါင်း ၃၃ နေရာ လစ်လပ်နေ ခြင်းဖြစ်သည်။

အနီးဆုံးဖြစ်သည့်၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် လစ်လပ် ၄၅ နေရာ၌NLD က ၄၃ နေရာ အနိုင်ရ၍ ပြည်ခိုင်ဖြိုးက တစ်နေရာသာ နိုင်ခဲ့သည်။

Saturday, June 7, 2014

PR စနစ် ရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်တွင် အဆိုတင်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က ကန့်ကွက်ထားပြီး တိုင်းရင်းသား နိုင်ငံရေးပါတီများအကြား အဓိက အငြင်းပွားနေသော အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ကျင့်သုံးရေးအတွက် ရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်တွင် အဆိုတင်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ထံမှ သိရှိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် PR စနစ် ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လ ၃ ရက်နေ့၌ ယင်းလွှတ်တော်တွင် အဆိုတင်သွင်းရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံလိုက်ပြီးနောက် ယခုထပ်မံ၍ ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းမည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် PR စနစ်ကို ကျင့်သုံးခြင်းထက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်မှုတွင် ယင်းစနစ်ကို ကျင့်သုံးရန် ပိုမိုသင့်လျော်သည့် အတွက် ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းမည် ဆိုခြင်းမှာ ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဌေးဦးကလည်း အမျိုးသားလွှတ်တော်၌ တင်သွင်းထားသော PR ကိစ္စမှာ ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာမည် ဖြစ်ပြီး ပြည်သူ့လွှတ်တော်အတွက် သီးသန့် ထပ်မံတင်သွင်းမည် ဆိုသည်ကိုမူ မပြောနိုင်သေးကြောင်း မှတ်ချက်ပြုသည်။

သို့သော် လွှတ်တော်ကိုယ်စားလှယ် အချို့ထံ စုံစမ်းမေးမြန်းချက်အရ အဆိုပါ PR စနစ်ကို ဇွန်လ ၇ ရက်နေ့ နောက်ပိုင်းတွင် တင်သွင်းရန် စီစဉ်နေခြင်း ဖြစ်ကြောင်း၊ အဆိုတင်သွင်းခွင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လက်ခံလိုက်ပြီ ဆိုပါက ယင်းအဆိုကို လွှတ်တော်၌ ရက်ပိုင်းအတွင်း တင်သွင်းရန် သေချာကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ 

PR စနစ်ကို အဓိက ကန့်ကွက်ထားသော NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း ယင်းစနစ်ကို ပြည်သူ့လွှတ်တော်၌ တင်သွင်းလာနိုင်သေးကြောင်း ပြောဆိုသော်လည်း အတိအကျ ပြောဆိုခြင်း မရှိပေ။

ယင်းအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြုစု ထုတ်ဝေထားသော PR စနစ် သုတေသန စာတမ်းတွင် ယင်း PR စနစ်ကို ကျင့်သုံးမည် ဆိုပါက တိုင်းရင်းသား တန်းတူအခွင့်အရေးအတွက် ရည်ရွယ် ဖွဲ့စည်းထားသော အမျိုးသားလွှတ်တော်ထက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်မှုတွင် ကျင့်သုံးရန် ပိုမိုသင့်လျော်ကြောင်း ဖော်ပြထားသည်။

အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်များ အတွက်မူ လက်ရှိ ကျင့်သုံးနေသော နိုင်သူအကုန်ယူစနစ် (FPTP) ကိုသာ ဆက်လက် ကျင့်သုံးသင့်ကြောင်း ဖော်ပြပါရှိသည်။

PR စနစ် ကျင့်သုံးရေး ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းလာပါက လက်ရှိ နိုင်ငံရေး အခြေအနေများအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှု ရရှိနိုင်ပြီး တိုင်းရင်းသားပါတီများ အနေနှင့်မူ ကန့်ကွက်ဖွယ် ရှိကြောင်း၊ အမျိုးသားလွှတ်တော်တွင်း တင်သွင်းထားသည့် ယင်း PR စနစ်ကိုလည်း ယခုလအတွင်း ဆွေးနွေး ဆုံးဖြတ်မည် ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်၏ သဘောထားနှင့် အခန်းကဏ္ဍမှာလည်း အရေးပါလာမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

(The Voice)

Wednesday, June 4, 2014

အချိုးကျ ကိုယ်စားပြု (PR) စနစ် လွှတ်တော်တွင် ဆွေးနွေးမည်


၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပါအ၀င် ရွေးကောက်ပွဲ အားလုံးတွင် အမျိုးသား လွတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ မဲအချိုးကျ ကိုယ်စားပြု (Proportional Representative – PR) စနစ်ကို ကျင့်သုံးရန် အမျိုးသား လွှတ်တော်တွင် လက်ခံဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လာမည့် မည်သည့် ပါတီစုံ ရွေးကောက်ပွဲများတွင် မဆို အမျိုးသားလွှတ်တော် အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးပါရန်နှင့် ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူလိုက်ခြင်း ဖြစ်သည်။

မဲအချိုးကျ ကိုယ်စားပြု (PR) စနစ်ဆိုသည်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံး ရရှိသူက အနိုင်ရရှိသည့် ပုံစံမဟုတ်ဘဲ ထောက်ခံမဲ အချိုးကျအပေါ် မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ် ရရှိသည့်ပုံစံ ဖြစ်သည်။

ပါတီစုံ ဒီမိုကရေစီ စနစ် မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ရန်နှင့် ပြည်သူလူထု၏ ဆန္ဒအများစု လွှတ်တော်အတွင်းသို့ ရောက်ရှိရန် မဲအချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးရန် လွှတ်တော်သို့ တိုက်တွန်းရခြင်း ဖြစ်ကြောင်း၊ ယင်း PR စနစ်ကို လွယ်လွယ်ကူကူ ကျင့်သုံးနိုင်ရန် အမျိုးသားလွှတ်တော်အတွက် တင်သွင်းရခြင်း ဖြစ်ကြောင်း ယင်းအဆို တင်သွင်းခဲ့သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဧရာဝတီသို့ ပြောသည်။

“ပါတီစုံ ဒီမိုကရေစီ ဖြစ်ဖို့အတွက် PR ကို တင်တာ။ အခု ပါတီက ၆၅ ခု တောင် ရှိနေပြီ။ သို့သော်လည်း နိုင်သူ အကုန်ယူ စနစ်သာ လုပ်မယ်ဆိုရင်တော့ မဲ ၅၁ ရာခိုင်နှုန်း ရရင် နိုင်တဲ့သူက နိုင်သွားပြီးတော့ ကျန်တဲ့ ၄၉ ရာခိုင်နှုန်း မဲတွေက Waste ဖြစ်သွားလိမ့်မယ်။ ကျန်တဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေက အလကား ဖြစ်သွားမယ်။ အပယ်ခံ ဖြစ်သွားမယ်။ အချိုးချ စနစ်လုပ်ရင် ပြည်သူလူထုရဲ့ ဆန္ဒ ၉၅ ရာခိုင်နှုန်းလောက်က လွှတ်တော်ထဲကို ရောက်သွားမှာ။ အဲဒါကြောင့် PR စနစ်ကို လုပ်နေတာ” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ အဆိုကို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံမဲပေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ NLD က ကိုသိမ်းဆွေကို ကန့်ကွက်ဖို့ တာဝန်ပေးလိုက်တယ်လေ။ ကန့်ကွက်ဖို့ ပြောချင်တာကို ပြောခွင့် မပေးဘူး။ အဲဒါနဲ့ မဲခွဲမယ်ဆိုပြီး ခွဲလိုက်တော့ သူတို့က ၁၆၅ မဲ လို့ သိရတယ်။ ထောက်ခံတဲ့သူကို ရေတွက်ရမှာ အကုန်လုံးနီးပါးက ထပြီး ထောက်ခံလိုက်တော့ အများစု ဖြစ်သွားတာပေါ့။ ကျနော်တို့က လွှတ်တော်ထဲမှာ လူနည်းစု ဆိုတော့ ဘာမှ လုပ်မရဘူး။ တိုင်ရင်းသား တချို့တောင် ထပြီး ထောက်ခံတယ်။ ကြံ့ခိုင်ရေးနဲ့ စစ်တပ်က လူတွေ အားလုံးက ထောက်ခံကြတယ်” ဟု ဒေါက်တာမြင့်နိုင်က ဆိုသည်။

PR စနစ်ကို လွှတ်တော်တွင် စတင်ဆွေးနွေပါက ကန့်ကွက် ဆွေးနွေးသွားရန်ရှိပြီး PR စနစ်ကို ထောက်ခံသော တိုင်းရင်းသား များမှာလည်း အာဏာရ ကြံ့ခိုင်ရေးပါတီမှ တိုင်းရင်းသား အမတ်များသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

PR စနစ်ကို ကန့်ကွက်သော  အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “ဒီ PR စနစ်ကို ကျင့်သုံးမယ် ဆိုရင် လူမျိုးစွဲ၊ ၀ါဒစွဲ၊ အစွန်းရောက် ပါတီတွေက အချိုးကျ စနစ်နဲ့ မဲရလာနိုင်တယ်။ အဲဒီလို ဖြစ်လာရင် တိုင်းပြည်ရဲ့ကံကြမ္မာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။ ဂျာမနီနိုင်ငံမှာ PR စနစ် ကျင့်သုံးခဲ့လို့ နာဇီတွေ နေရာရလာပြီး အာဏာရှင် ဟစ်တလာ တက်လာတာကို ကျနော် ဥပမာပေး ထောက်ပြခဲ့တယ်။ ဂျာမန် ဒီမိုကရေစီ ပျက်စီးရခြင်းဟာ PR စနစ်ကြောင့်လို့ ပြောစမှတ် တွင်သွားတယ်။ အခုဒီက ဒီမိုကရေစီ စနစ်က အပင်ပေါက်လေး ပဲရှိသေးတယ်။ သင်းသတ်တဲ့ ပုံစံမျိုးတော့ အဖြစ်မခံနိုင်ဘူး” ဟု ပြောသည်။

PR စနစ်ကျင့်သုံးရန် ထောက်ခံသော ပါတီများမှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်ပြီး ကန့်ကွက်နေသော ပါတီများမှာ အတိုက်အခံ အင်အားကြီးပါတီဖြစ်သည့် NLD ဖြစ်သည်။

Sunday, May 11, 2014

ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေး ပါတီ ၆၅ ခုနဲ့ တွေ့ဆုံမည်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ နိုင်ငံရေးပါတီ (၆၅) ပါတီတို့ ရန်ကုန်မြို့က Sky Star ဟိုတယ်မှာ မေလ (၁၅) ရက် ကြာသာပတေးနေ့ မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က RFA ကိုပြောပါတယ်၊

အဓိကကတော့ မြန်မာနိုင်ငံမှာ ဒီနှစ်မကုန်ခင်ကျင်းပ မယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်မယ့် နည်းဥပဒေမူကြမ်းအပေါ် နိုင်ငံရေးပါတီတွေရဲ့ သဘောထား ကို ဆွေးနွေးရယူဖို့ ဖြစ်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးသောင်းလှိုင် က ပြောပါတယ်။
"ကျနော်တို့ဆီမှာက ရွေးကောက်ပွဲနှစ်ခုရှိတယ်လေ၊ အဲ့ဒီရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်လည်းပါတယ်၊နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ရော ၊နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ရော ညီအောင်ဆိုပြီးတော့ ကျနော်တို့ နည်းဥပဒေတွေ ပြင်ဆင်ထား တာတွေရှိတယ် အဲ့မှာလုပ်ငန်းလမ်းညွှန်တို့ဘာတို့လည်း ကျနော်တို့ ပြင်ဆင်ထားတယ်၊နောက်တခါ ကျနော်တို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ကိုလည်း ညွှန်ကြားချက်အသစ် ထုတ်ပြန် ဖို့ကိုစီစဉ်ထားတာရှိတယ်၊ကျနော်တို့ စီစဉ်ထားတာတွေ အားလုံးကို သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ ကိုလည်းကျနော်တို့က ဒီမူကြမ်းတွေကိုဖြန့်ဝေပြီးတော့ပေါ့နော် သူတို့ရဲ့သဘောထားအကြံ အဥာဏ်လေးတွေကိုလည်း ကျနော်တို့ အဲ့ဒီညှိနှိုင်းအစည်းအဝေးမှာပဲ ကျနော်တို့ ရယူသွားပြီးဆောင် ရွက်သွားဖို့ရှိပါတယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နည်းဥပဒေမူကြမ်းထဲမှာ ရွေးကောက်ပွဲကာလအတွင်း သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအပြင် တခြားမဲဆွယ်ဟောပြောလိုသူရှိ ရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီမှာ ခွင့်ပြုချက်တောင်းခံရမယ်ဆိုတဲ့ အချက်ပါဝင်တယ်လို့လည်း သိရပါတယ်၊ ဒါပေမယ့် ဒီအချက်အပေါ် အခုမေလ (၁၅)ရက်နေ့  နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံတဲ့အခါ သူတိုရဲ့ သဘောထားတွေရယူပြီး ပြန်လည်သုံးသပ်သွားမယ်လို့လည်း ဦးသောင်းလှိုင်ကပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဝင်ခွင့်မှတ်ပုံတင်ကြေးကိုလည်း အသစ်ပြင်ဆင်ရေးဆွဲထားတယ်လို့လည်းဆိုပါတယ် ။ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒနယ်တွေအတွင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦးသာ မဲဆွယ်ဟောပြောခွင့်ပြုမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက သူရဲ့ ပုသိမ်မြို့ ခရီးစဉ်အတွင်းပြောဆိုခဲ့တဲ့အပေါ်  နိုင်ငံရေးပါတီတွေက ဝေဖန်ထောက်ပြနေကြတာလည်း ဖြစ်ပါတယ်။

Friday, May 9, 2014

ရွေးကောက်ပွဲကာလ မဲဆွယ်ခွင့် NLD မေးမြန်းမှုကို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြန်လည်ဖြေရှင်းချက် ရှေ့နောက်မညီဟု NLD ဝေဖန်

ရွေးကောက်ပွဲကာလ မဲဆွယ်ခွင့်နှင့် ပတ်သက်သော သဘောထားများကို NLD ပါတီမှ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား စာဖြင့်ရေးသား မေးမြန်းရာတွင် အမေးနှင့်အဖြေ ရှေ့နောက်မညီဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မေလ (၅)ရက်နေ့တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန် ပြောကြား လိုက်သည်။

NLD ပါတီသည် ရွေးကောက်ပွဲကာလ မဲဆွယ်မှုနှင့် ပတ်သက်သော သဘောထားများကို ဧပြီလ ၂၃ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံ စာရေးသား မေးမြန်းခဲ့သည်။ကော်မရှင်မှလည်း ၎င်းတို့၏ သဘောထားများကို မတ်လ ၄ရက်၊ NLD ပါတီထံ ပြန်လည်ပေးပို့ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောစကားများနှင့် ယခုပြန်လည်ဖြေဆို ပေးပို့သော သဘောထားများ ရှေ့နောက် ညီညွတ်မှု မရှိခြင်းအပေါ် NLD ပါတီမှ ပြန် လည် ဝေ ဖန်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ပါတီက သူပုသိမ်မြို့ ခရီးစဉ်မှာ ပြောတဲ့စကားရဲ့ သဘောထားကို သိချင်လို့ စာရေးသား မေးခဲ့တယ်။ သူကမေးတာကို မဖြေဘဲ ဆန့်ကျင်ဘက် ဘာပြောလဲဆိုတော့ ရွေးကောက်ပွဲဝင်မယ့် သူရော၊ သူ့ရဲ့ကိုယ်စားလှယ်ရော၊ ပါတီက ကိုယ်စားလှယ်ရော ၀င်ပြီး မဲဆွယ်စည်းရုံးခွင့် ရှိတယ်လို့ ဖြေထားတယ်။ အရင်ဂျာနယ် တွေထဲမှာပါတဲ့ ဟာတွေနဲ့တော့ မတူတော့ဘူးပေါ့ဗျာ။ နောက်တစ်ခုက ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(က၊ ခ၊ ဃ)လားမသိ အဲဒါတွေ ညွှန်းထားတယ်။ အဲဒီ ဥပဒေတွေကို ကြည့် လိုက်တော့ ဥပဒေပုဒ်မ (၁၀)မှာ သူပြောတဲ့ဟာတွေ ပါမလာဘူး။ ဘာတွေမှား ပြောလဲတော့ မသိဘူးဟု”” ဦးဉာဏ်ဝင်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဧပြီလ ၇ ရက်နေ့က ပုသိမ်မြို့ ခရီးစဉ်တွင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်သည့်နေရာတွင် မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်းများကိုသာ မဲဆွယ်စည်း ရုံးခွင့် ပြုမည်ဟု ပြောဆိုခဲ့သည့် အတွက် ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။

ဦးဉာဏ်ဝင်းက ““အမေးနဲ့အဖြေ လွဲနေတဲ့အပေါ်မှာတော့ ပညာ၊ တာဝန် မသိဘဲနဲ့ မာနတွေ ရှေ့တန်း တင်ထားတော့ အဲဒီလိုတွေ ဖြစ်လာတယ်။ သူပြောတဲ့ ဟာတွေက ဥပဒေရော အာဏာအပ်နှင်း ထားခြင်း မရှိတဲ့ ဟာတွေကို သူက လုပ်ပိုင်ခွင့်ရှိနေတယ် ထင်နေတာ””ဟု ၎င်းက ဆက်လက်ပြောသည်။

NLD ပါတီမှ ရွေးကောက်ပွဲကာလ မဲဆွယ်ခွင့်နှင့် ပတ်သက်သော သဘောထားများကို ပါတီတိုင်း သိရှိနိုင်ရန် ဒုတိယအကြိမ် ရွေးကောက်ပွဲ ကော်မရှင်ထံ စာရေးသား ပေးဖို့ရန် စီစဉ်လျက်ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယခင် စစ်တက္ကသိုလ် DSA အပတ်စဉ် ၉ ဆင်းဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) တစ်ဦးဖြစ်သည့် အပြင် ယခင် န၀တကောင်စီဝင် (ယခင် ဦးပိုင် လီမိတက် ဥက္ကဋ္ဌ၊ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး)အဖြစ် ထမ်းဆောင် ခဲ့သူလည်း ဖြစ်သည်။
အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်မှ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးဝင်းဦးခိုင်ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

Sunday, May 4, 2014

ကြားဖြတ်ရွေးကောက်ပွဲတွင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပါဝင်အားစမ်းမည်

တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီအနေဖြင့် လာ မည့် ၂၀၁၄ ကြားဖြတ်ရွေးကောက် ပွဲ၌ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၃ နေရာသာဝင်ရောက်ယှဉ် ပြိုင်သွားရန် ရှိကြောင်းသိရသည်။

၂၀၁၄ ကြားဖြတ်ရွေးကောက်  ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်ရှိပြီး လစ်လပ်မဲဆန္ဒနယ် ၃ နေရာသာဝင်ရောက်ယှဉ်ပြိုင်ရခြင်း မှာလည်း ရွေးကောက်ပွဲကို အားစမ်း သည့် အနေအထားကြောင့် ဖြစ် ကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောသည်။

““၂၀၁၅ ရွေးကောက်ပွဲအတွက် အားစမ်းတဲ့အနေအထားအဖြစ် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို ယှဉ်ပြိုင်တာ””ဟု ဦးကျော်စွာစိုးက ဆိုသည်။

လက်ရှိတွင် အဆိုပါပါတီ အနေဖြင့် ၂၀၁၄ ကြားဖြတ်ရွေး ကောက်ပွဲအတွက် ကိုယ်စားလှယ် ရွေးချယ်မှုကိုစတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဦးကျော်စွာစိုးက ဆက်လက်ပြောသည်။

““မဲဆွယ်စည်းရုံးလုပ်ဖို့အတွက် အချိန်ကနည်းနည်းစောနေသေး တယ်။ အခုလူရွေးချယ်တာတွေ လုပ်နေတယ်။ ဒါပေမဲ့ စိတ်တိုင်း တော့ မကျသေးဘူး””ဟု ဦးကျော် စွာစိုးက ထပ်လောင်းပြောဆိုသည်။

အဆိုပါ ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီ တို့သည် လစ်လပ်မဲဆန္ဒနယ်အား လုံးကို ယှဉ်ပြိုင်သွားဖွယ်ရှိကြောင်း သိရသည်။     

(Hot News)

NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံး ၁၅ နေရာ ဝင်ပြိုင်မည်

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေနှင့် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်တို့တွင် ၁၅ နေရာခန့် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မန္တလေးတိုင်း NDF ပါတီ လူငယ်တာဝန်ခံက ပြောကြားသည်။

မန္တလေးတိုင်းတွင် လစ်လပ် နှစ်နေရာ ရှိနေရာ ခရိုင်အဆင့်တွင်သာ ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ထားပြီး တိုင်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်နေပြီး ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် သင်တန်းများ ပေးနေကြောင်း၊ ပါတီဝင်အင်အား တစ်သိန်းကျော် ရှိသည့် NDF ပါတီ ပဉ္စမအကြိမ်မြောက် ညီလာခံကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အထက်မြန်မာပြည်အတွက် ရည်ရွယ်ကာ မန္တလေးမြို့တွင် ကျင်းပခြင်း ဖြစ်ပြီး ပါတီညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပလေ့ ရှိသည်။

တိုင်းရင်းသားပါတီ ၁၉ ပါတီတို့ စုပေါင်းဖွဲ့စည်း တည်ထောင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ပါတီက ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ လစ်လပ် လေးနေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယင်းအပြင် မန္တလေးမြို့ရှိ လစ်လပ်မဲဆန္ဒနယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး NLD ပါတီအနေနှင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် တရားဝင် မကြေညာသေးသည့် အတွက် ဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ထားမှု မရှိသေးကြောင်း အဆိုပါ ပါတီများထံမှ စုံစမ်းသိရှိရသည်။
(The Voice)

Monday, March 31, 2014

၂၀၁၄-၁၅ Mission

( ဒီကနေ့ထုတ် The Voice weekly ဆောင်းပါးပါ။ ရေလိုက်လွဲနေကြမှာစိုးရိမ်မိလို့
ရေးလိုက်မိခြင်းပါခင်ဗျာ။ )

မြန်မာနိုင်ငံသားများ အားလုံးရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းကျော် လောက်က ဒီမိုကရေစီစနစ်ကို
လိုလားကြတယ်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာတာကို မြင်တွေ့လိုကြတယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။
ဘာကြောင့်လဲ ဆိုတော့ အာဏာရှင်စနစ်ကိုပဲ ဆက်လက် ရှင်သန်နေစေချင်တဲ့သူတွေ ဒါမှမဟုတ် လူထုကြီးကို
ဆင်းရဲတွင်းထဲ ဆက်နှစ်ထားပြီး ကိုယ်နဲ့ကိုယ့်အသိုင်းအဝိုင်းကိုတော့ ချမ်းသာသည်ထက်ချမ်းသာစေချင်ကြသူ
အာဏာယစ်မူးလိုကြသူတွေဟာ သန်းခြောက်ဆယ်ရဲ့တစ်ရာခိုင်နှုန်းတောင်မရှိနိုင်တာ သေချာနေလို့ဖြစ်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ဆိုတာ နှေးတာနဲ့မြန်တာပဲရှိနိုင်ပေမယ့် သေချာပေါက် မျှော်မှန်းနိုင်တဲ့
အခြေအနေကိုရောက်နေပြီလို့ ဆိုနိုင်ပါတယ်။နောက်ကြောင်းပြန်လိုသူ ( ကိုယ်ကျိုးသက်သက်ကြည့်သူ ) တချို့ရဲ့
ပါဝါတွေကလည်း လျော့သည်ထက်လျော့လာနေပြီလို့ယူဆရပါတယ်။ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင်က
ဒီမိုကရေစီဘက်ကို ရွေ့ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်ဆိုတာ လည်း တစ်နေ့ထက်တစ်နေ့ ထင်ထင်ရှားရှားမြင်လာတွေ့လာ
ရပါတယ်။အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို မဖြစ် ဖြစ်အောင်လုပ်ဖို့ သံဓိဌာန်ချထားကြောင်း တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ရဲ့ ပြောဆိုမှုက လူထုကြီးရဲ့ မျှော်လင့်ချက်ကို အတိုင်းအတာတစ်ခုအထိ ပိုမိုခိုင်မာလာစေတာလည်းဖြစ်ပါတယ်။

ဒီတော့ ဒီမိုကရေစီနဲ့ နီးသည်ထက်နီးဖို့ နိုင်ငံတော် လည်း မြန်နိုင်သမျှ မြန်မြန်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လူထုတစ်ရပ်လုံးရော
stakeholder အားလုံးပါ အားထုတ်ကြိုးပမ်းရမယ့်ကိစ္စဖြစ်ပါတယ်။ ဆိုလိုတာက ကိုးဆယ့်ကိုးရာခိုင်နှုန်းကျော်တဲ့ နိုင်ငံသားအပေါင်းက
လိုလားတောင့်တနေတဲ့အခြေအနေတစ်ရပ်ကို မြန်မြန်ရောက်ဖို့ အထိရောက်ဆုံး အကောင်းဆုံးနည်းလမ်းမှန်သမျှကို အားလုံးက
လက်မလွတ်တမ်း ပိုင်ပိုင်နိုင်နိုင်အသုံးချကြဖို့ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးခရီးမှာ စိန်ခေါ်မှုတွေ အမြောက်အမြားရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။ လောလောဆယ်လည်းကြုံတွေ့နေရဆဲ
ဖြစ်သလို နောက်ထပ်လာမယ့် အခက်အခဲတွေကလည်း ရှေ့မှာတန်းစီ စောင့်ဆိုင်းနေမှာမုချဖြစ်ပါတယ်။ဘယ်လိုအခက်အခဲမျိုးတွေပဲ ကြုံရကြုံရ
ဘယ်လို စိန်ခေါ်မှုများနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုရ သန်းခြောက်ဆယ်ရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းကျော်က လိုလားတောင့်တနေတာဖြစ်လေတော့
တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီမိုကရေစီပန်းတိုင်ကို သေချာပေါက်အရောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။ဒီမိုကရေစီခရီးကို အမြန်ဆုံးလျှောက်လှမ်းပြီး
ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိဖို့ဆိုရင် လက်တွေ့ကျတဲ့ထိရောက်တဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဖြစ်ရပါလိမ့်မယ်။

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာသန်းခြောက်ဆယ်ရဲ့ vision ဖြစ်ပါတယ်။ နိုင်ငံရေးပါတီများ ၊တပ်မတော်၊အစိုးရ ၊လွှတ်တော်များနဲ့ လူထုတစ်ရပ်လုံးရဲ့
vision ဖြစ်ပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်များမှာ ထိရောက်တဲ့ mision ကို ချမှတ်ပြီး အားလုံးက အာရုံစူးစိုက်လုပ်ဆောင်ကြမယ်ဆိုရင်
ပန်းတိုင်နဲ့ မြန်မြန်နီးနိုင်မှာဖြစ်ပြီး လက်တွေ့ကျပြီး အလုပ်ဖြစ်မယ့် mision ကို အာရုံမစိုက်နိုင်ကြရင် ပန်းတိုင်ကို တော်တော်နဲ့ရောက်နိုင်ဖို့
မလွယ်လှပါဘူး။ ဒီတော့ နိုင်ငံတည်ဆောက်ရေးအတွက် လက်ရှိအချိန်ကာလမှာ mision ကို ဘယ်လိုရွေးချယ်သတ်မှတ်မလဲဆိုတာက
ပဓါနကျလှတာကို တွေ့ရပါတယ်။

နိုင်ငံသစ်တည်ဆောက်ရေးဆိုတာဟာ ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါတယ်။အဲဒီရလာဒ်ကိုရဖို့ လက်ငင်းအရေးကြီးတာဝန်များကိုပြောရရင်
ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ဆိုတဲ့ အဓိက လုပ်ငန်းကြီး သုံးခုကို မြင်တွေ့ကြရမှာပါ။ဒီသုံးချက်ကို
အောင်မြင်အောင်ဆောင်ရွက်နိုင်တာနဲ့ ဒီမိုကရေစီလည်းထွန်းကားမှာဖြစ်သလို နိုင်ငံတော်လည်း သေချာပေါက် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။
ဒါပေမယ့် လောလောဆယ်အနေအထားမှာ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာရရှိဖို့ဆိုတာလည်း ခဲရာခဲဆစ် ကြိုးပမ်းနေကြရဆဲဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေးအဆင့်ကိုရောက်အောင်ပဲ လုပ်ရဦးမယ့်လုပ်ငန်းစဉ်တွေ ဖြတ်သန်းကျော်လွှားရဦးမယ့် စိန်ခေါ်မှုတွေ မြောက်များစွာ
ရှိနေတာတွေ့ရပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကိုလည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ အကန့်အသတ်နဲ့သာ ဆောင်ရွက်နိုင်
မယ်ဆိုတာ သေချာနေပါပြီ။ နှစ်ဆယ့်ငါးရာခိုင်နှုန်းကိစ္စ၊ ဖက်ဒရယ်ကိစ္စ စတာတွေကို ဘယ်လိုမှ ရာခိုင်နှုန်းပြည့်ပြင်ဆင်နိုင်ဦးမှာမဟုတ်သလို
ပုဒ်မ ၅၉ ပြင်ဆင်ရေးအတွက်လည်း အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးကို ပြောရင် ၁။ တပ်မတော် ၂။ အာဏာရပါတီ
၃။အတိုက်အခံပါတီများနဲ့ ၄။ တိုင်းရင်းသားများ အားလုံးသဘောတူညီမှုရရှိတဲ့အထိ ညှိနှိုင်းဆောင်ရွက်ကြရမှာဖြစ်တာကြောင့် အခုကျန်နေသေးတဲ့
လွှတ်တော်သက်တမ်းကာလမှာ ဘယ်လိုမှ အပြည့်အဝ ဆောင်ရွက်လို့ မရနိုင်တာ သေချာလှပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပြင်ဆင်ရေး
တို့ဟာ ပြိုင်တူ တိုးတက်ဖြစ်ထွန်းအောင်ဆောင်ရွက်ရမယ့်ကိစ္စများဖြစ်ပြီး တစ်ခုအောင်မြင်မှသာ နောက်တစ်ခုလည်းအောင်မြင်နိုင်ဖို့ရှိပါတယ်။
ဒီတော့ အဲဒီကိစ္စနှစ်ခုစလုံးကို ၂၀၁၅ ရွေးကောက်ပွဲကာလနောက်ပိုင်းအထိ စိတ်ရှည်လက်ရှည်နဲ့ ဇွဲကောင်းကောင်းနဲ့ ဆောင်ရွက်ကြဖို့
အားလုံးက သံဓိဌာန်ချမှတ်ထားသင့်ပါတယ်။

နောက်တစ်ခုက ဆင်းရဲမွဲတေမှု ပပျောက်ရေးပါ။ လက်ရှိအစိုးရရဲ့ ဦးစားပေးလုပ်ငန်းကြီးတစ်ခုလည်းဖြစ်ပေမယ့် လောလောဆယ်အခြေအနေအထိ
ထိရောက်အောင်မြင်အောင်ဆောက်ရွက်ဖို့ ခက်ခဲနေဆဲ ပြသနာကြီးလည်းဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုကို မတိုက်ဖျက်နိုင်ဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆီ
တက်လှမ်းဖို့မဖြစ်နိုင်ဘူးဆိုတာ အားလုံးအသိဖြစ်ပါတယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအလုံးအရင်းနဲ့ဝင်ရောက်လာရေးဟာဒီပြသနာပြည်လည်ရေး
အတွက် တော်တော် အရေးပါတဲ့ကိစ္စဖြစ်ပေမယ့် လောလောဆယ်အနေအထားကိုသုံးသပ်ရသလောက်တော့ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှသာ
ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ တိုးတက်လာမယ်လို့ ယူဆရပါတယ်။( လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စမှာ အခက်အခဲတွေရှိနေသေးတာကိုလည်း
ထည့်တွက်ကြဖို့လိုအပ်ပါမယ်။)

ဒီတော့ လောလောဆယ် ( ၂၀၁၅ မတိုင်ခင်မှာ ) စောစောကပြောတဲ့ အဓိက လုပ်ငန်းကြီးသုံးရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်
နိုင်ကြဖို့ ဆိုတာ တော်တော်အခွင့်အလမ်းနည်းနေပြီလို့ပဲ ပြောရမှာဖြစ်ပါတယ်။လာမယ့်၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှာ အဲဒီ အရေးကြီးလှတဲ့ လုပ်ငန်း
တာဝန်များကို အခုထက်အများကြီးပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို အားလုံးက လက်တွေ့ကျကျ အာရုံစိုက်ပြီး
အောင်မြင်ချောမွေ့စွာ ကျင်းပ ပြီးစီးနိုင်ဖို့ အခုကတည်းကလုပ်ကိုင်သင့်ပြီဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ကို အောင်မြင်ချောမွေ့စွာကျင်းပပြီးစီးနိုင်ရေးဆိုတာ
တပ်မတော်အပါအဝင် အင်အားစု အားလုံးရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ ကျင်းပပြီးစီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ တို့နဲ့ များစွာကွာခြားမှုရှိမှာဖြစ်ပါတယ်။ အာဏာရပါတီနဲ့ (တိုင်းရင်းသားများအပါအဝင် )အတိုက်အခံတို့
လွတ်လပ်စွာ တရားမျှတစွာယှဉ်ပြိုင်ခွင့်ရအောင် ကြိုးပမ်းကြရမှာဖြစ်ပြီး အတိုက်အခံတို့ နိုင်ခြေများနေတယ်ဆိုတာ အားလုံးက သိရှိနားလည် လက်ခံထားပြီးလည်းဖြစ်သလို
တစ်ကယ်တမ်း အတိုက်အခံတို့ အနိုင်ရခဲ့ရင်လည်း ( ၁၉၉၀ နဲ့ လုံးဝမတူဘဲ ) အတိုက်အခံအစိုးရ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်အောင်
ကျင်းပပြီး ဖြတ်သန်းနိုင်မယ်ဆိုရင် မြန်မာ့ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ့ ကြီးမားတဲ့ အရေးပါတဲ့ ခြေတစ်လှမ်း လှမ်းနိုင်မှာဖြစ်တယ်ဆိုတာ အားလုံးက မျက်ခြေမပြတ်သင့်
ပါဘူး။ လောလောဆယ်အတိုက်အခံပါတီကြီးအနေနဲ့ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်နေတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများ ထိထိရောက်ရောက် အောင်မြင်ဖြစ်ထွန်းဖို့
ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ အများကြီးမျှော်လင့်လို့ရနိုင်တယ်ဆိုတာလည်း မျက်ခြေမပြတ်သင့်ပါဘူး။ ဒီတော့ ပြင်ဆင်ရေးကိစ္စ လောလောဆယ်ဆောင်ရွက်နေမှုများကို
ပထမဦးစားပေးအဆင့်မှာထားမယ့်အစား ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ရေးကိစ္စကို ဦးစားပေးဆောင်ရွက်မယ်ဆိုရင် အများကြီးပိုပြီး အကျိုးများမယ်ဆိုတာ မျက်ခြေမပြတ်သင့်ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲအောင်မြင်ရေးဟာ အခြေခံဥပဒေအရ stakeholder အားလုံးက အလေးအနက်ထားရမယ့်ကိစ္စလည်းဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို တစ်နည်းနည်း
နဲ့ ဖျက်လိုဖျက်ဆီး လုပ်လိုသူ မည်သူမဆို မည်သည့်အဖွဲ့အစည်းမဆိုဟာ အခြေခံဥပဒေကို ထိပါးရာရောက်မှာဖြစ်တဲ့အပြင် ဒီမိုကရေစီတည်ဆောက်ရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး
ကိုလည်း နှောက်ယှက်ဖျက်ဆီးရာရောက်မယ်ဆိုတာ အထူးတလည်ပြောဖို့လိုမယ်မထင်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ပါဝင်ကူညီရေး
ဆိုတာဟာ နိုင်ငံရေးသမားများအားလုံး၊နိုင်ငံသားအားလုံးနဲ့ တပ်မတော်ရဲ့ တာဝန်ဖြစ်ပါတယ်။ အထူးသဖြင့် အတိုက်အခံတို့အနေနဲ့ ပြင်ဆင်ရေးကို ၂၀၁၅ မတိုင်ခင်မှာ အာရုံစိုက်ပြီး
အတင်းတွန်းလုပ်ဖို့ကြိုးစားရင်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြင်ဆင်ဆောင်ရွက်ရမယ့်ကိစ္စတွေမှာ လစ်ဟင်းခဲ့မယ်ဆိုရင် ဒါဟာ အတိုက်အခံတို့အတွက်သာမက နိုင်ငံသားအားလုံးအတွက်
ထောက်ချောက်တစ်ခုဖြစ်သွားနိုင်ပါတယ်။ ဆိုလိုတာက ပြင်ဆင်ရေးကို ၂၀၁၅ မတိုင်ခင်မှာ ဘယ်လောက်ရနိုင်သလဲဆိုတာ တိုင်းတာတွက်ချက်ပြီး အနီးစပ်ဆုံးရရှိအောင်ကြိုးစားရင်း
တစ်ဖက်က ရွေးကောက်ပွဲကို အာရုံစိုက်မယ်ဆိုရင် ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထိရောက်ဆုံးဖြစ်မှာဖြစ်ပေမယ့် အခြေခံဥပဒေပြင်ဆင်ရေးကို အာရုံစိုက်သင့်တာထက်ပိုစိုက်မိရင်
ရွေးကောက်ပွဲအတွက် ပြင်ဆင်ရေးမှာ ဟာကွက်များပေါ်ပေါက်နိုင်ပြီး ဒီမိုကရေစီအရေးဟာ နှောင့်နှေးသွားနိုင်တာဖြစ်ပါတယ်။တခြားကိစ္စတွေကို ဒုတိယဦးစားပေးအဖြစ်သတ်မှတ်ပြီး
ရွေးကောက်ပွဲကို အားလုံးက အာရုံစိုက် ဆောင်ရွက်နိုင်ကြရင် ( ဥပမာအားဖြင့် ပြင်ဆင်ရေးကို အားသွန်ခွန်စိုက်တွန်းလုပ်လို့ တွေ့ကြုံလာရနိုင်တဲ့ တပ်မတော်နဲ့အတိုက်အခံအကြား
အထင်အမြင်လွဲမှားမှုများကိုရှောင်ရှားနိုင်ပြီး )တပ်မတော်နဲ့လူထု ပိုမိုစည်းလုံးညီညွတ်ရေးအတွက်နားလည်မှုတည်ဆောက်နိုင်ရေးကိုလည်း ကျွဲကူးရေပါဆောင်ရွက်ပြီးသားဖြစ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးဖို့ဆောင်ရွက်နိုင်ရင် ၂၀၁၅ နောက်ပိုင်းမှာ ၁။ အပစ်အခတ်ရပ်စဲရေးဟာ ခရီးအတော်အတန်ရောက်နေမှာဖြစ်လို့ ငြိမ်းချမ်းရေးအတွက် တစ်ဆင့်တက်
ဆောင်ရွက်နိုင်တဲ့ အခြေအနေ ၂။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အခုထက် ပိုမိုစီးဝင်လာမယ့်အခြေအနေ များဟာ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မယ့်အခြေအနေသစ်နဲ့
သေချာပေါက် တစ်ချိန်ထဲ မှာ တိုက်ဆိုင်ဖြစ်ပေါ်လာမှာဖြစ်ပြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံဖြစ်တဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး နဲ့ ဒီမိုကရေစီရေးအတွက် အခြေခံဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ
ပြင်ဆင်ရေးတို့ဟာလည်း များစွာအရှိန်အဟုန်ပိုကောင်းလာဖို့ရှိပါတယ်။

ဒီတော့ သက်ဆိုင်တဲ့ stakeholder အားလုံးအပါအဝင် နိုင်ငံသားအားလုံးဟာ ပန်းတိုင်နဲ့ပိုနီးနိုင်မယ့် ခြေလှမ်းသစ်တစ်ရပ်ကို ပိုင်ပိုင်နိုင်နိုင်လှမ်းနိုင်ဖို့ ၂၀၁၅ ရွေးကောက်ပွဲအတွက် အခုကတည်းက
ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့လိုအပ်ပါတယ်။ လက်တွေ့ကျတဲ့ အားထုတ်ကြိုးပမ်းမှုတွေကိုပဲရွေးချယ်ပြီး အာရုံစိုက်လုပ်ဆောင်သင့်ကြပါတယ်။ သန်းခြောက်ဆယ်ရဲ့vision ဟာ ဒီမိုကရေစီပေါ်ထွန်းရေး
နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်တယ်ဆိုရင် အဲဒီ ပန်းတိုင်
ကိုမြန်မြန်ရောက်ဖို့ အတွက်၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်များမှာ အားလုံးရဲ့ mission ဟာ "၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး " ဖြစ်ရမယ်လို့ ယူဆမိပါကြောင်း။ ။

ပိုက်တင်

Monday, March 24, 2014

ရှုထောင့်လေးပါးနှင့် မြန်မာပြည်


Written by ပေါ်လင်းဦး

လတ်တလော မြန်မာ့နိုင်ငံရေးကို ကြည့်မိရင်း အတွေးတစ်ခု ပေါ်လာပါသည်။ မြန်မာ့နိုင်ငံရေးတွင် အခြေခံ အတွေးအခေါ်များ၊ အယူအဆများက အုပ်စုဖွဲ့လာလိုက်၊ ပြန်ကွဲသွားလိုက်နှင့် သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ပြောင်းလဲနေသည်ဟု ခံစားမိပါသည်။ ယခု စာစုအနေနှင့်လည်း ယနေ့နိုင်ငံရေးတွင် အိုင်ဒီယာတို့ ထွန်းကားလာပုံ၊ အနည်ကျလာပုံတို့ကို စာရေးသူ ခံစားမိသလို တင်ပြကြည့်လိုခြင်းသာ ဖြစ်ပါသည်။

Thursday, February 27, 2014

သဘောရှိသာ…ကရောဟိကြပါဗျို့



၂၀၁၅မတိုင်မီမှာ ဒေ၀ါသိကြားတွေမစလို့ ၅၉(စ)က ပြင်ခွင့်ရ။၂၀၁၅ရွေးကောက်ပွဲမှာ NLDပါတီက တစ်နိုင်ငံလုံးမှာ (တိုင်းရင်းသားပါတီရှိတဲ့နေ
ရာတွေအပါအ၀င်) မဲအပြတ်အသတ်နဲ့နိုင်။လက်ရှိကြံဖွံ့ပါတီက အာဏာလက်လွှဲ..။

ကဲ..။စပါပြီ။အစိုးရသစ်တစ်ရပ် ဤသို့ ဖွဲ့စည်းလေသတည်း။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၅)၊ ပုဒ်မ(၂၀၀)အရ..နိုင်ငံတော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်-

(က)နိုင်ငံတော်သမ္မတ။
(ခ)ဒုတိယသမ္မတများ။
(ဂ)ပြည်ထောင်စုဝန်ကြီးများ။
(ဃ)ပြည်ထောင်စုရှေ့နေချုပ်။ 

သမ္မတရာထူးကတော့ လူမက နတ်တမျှသော တန်ခိုးတေဇော်အာနုဘော်တို့ဖြင့် အလုံးစုံပြည့်ဝတော်မူပေထသည့် ဒုတိယဘုရားသခင် ကောင်းကင်မေမေ။ဒါတော့ ခြွင်းချက်မရှိ။

အဲ..ဒုတိယသမ္မတ…။ …ကွိစိ..ကွစ…။ ကွကိုသာ ဆက်ခန့်တော့ဗျို့။

ကွန်မြူနစ်ဝါဒီမှ ခေတ်သစ်ဒီမိုကရေစီလမ်းကြောင်းသို့ အလွန်ညင်သာသိမ့်မွေ့စွာ အသွင်ကူးပြောင်းခဲ့သည့်
ဒေါ်စု၏ပန်းပျိုးလက်ပိုင်ရှင် ဦးဝင်တင်..။ 

တပ်မတော်ကာကွယ်ရေးဦးစီးပြုတ်(ငြိမ်း)ဘ၀မှ NLDနာယကဖြစ်လာသူ ဘဘဦးတင်ဦး။ 

Saturday, February 22, 2014

ပထမဆုံးမဲပေးမည့်သူများ၏ ၂၀၁၅ ရင်ခုန်သံ


ရေးသားသူ- အိဖြူလွင်

ခေတ်အလိုက် ဆံပင်ကိုထောင်ထားကာ တီရှပ်အင်္ကျီ၊ ဂျင်းပင်န်ဝတ်ထားသည့် ဗညားသည် လက်ဖက်ရည်ဆိုင်များတွင် အပေါင်းအသင်းများနှင့် ပျော်လေ့ရှိသည်။ ရော့ခ်ဂီတကို စွဲစွဲလမ်းလမ်းနှစ်သက်သည့် ဗညားက သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်ခဲ့ဖူးသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အသက်(၁၆)နှစ်ကျော်ကျော်သာရှိခဲ့ပြီး မဲမပေးလိုက်ရသည့် ဗညားက လာမည့်ရွေးကောက်ပွဲတွင်မူ ဆုံးဖြတ်ပိုင်ခွင့်ရှိသူ၊ အရွယ်ရောက်ပြီးသူတစ်ဦးအဖြစ် နိုင်ငံရေးသမားတစ်ဦးဦးကို မဲပေးနိုင်တော့မည်ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နိုင်ငံရေးသမားလို့ ခေါ်လို့ရမယ်ထင်တယ်။ တခြားဘယ်လိုလူတွေကို နိုင်ငံရေးသမားလို့ခေါ်လဲ၊ ကျွန်တော်သေချာမသိဘူး”ဟု အသက် (၂၀) ပြည့်ပြီဖြစ်သည့် ဗညားက သူသိသော နိုင်ငံရေးသမားပုံစံကို ခဏမျှအချိန်ယူတွေးလိုက်ရင်းပြောသည်။

ဗညားလိုပင် နိုင်ငံရေးသမားဆိုသည်မှာ မည်သို့လူမျိုးကို ခေါ်သလဲဆိုခြင်းကို သေချာမသိသော်လည်း နိုင်ငံရေးသမားများသည် အများပြည်သူကောင်းကျိုးကို လုပ်ရမည့်သူများဖြစ်သည်ဟု ထူးချွန်ကျောင်းသားများသာတက်ရသည့် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်နေသည့် အသက်(၁၉)နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မမွန်မွန်ကယူဆသည်။

ဒီမိုကရေစီအစိုးရအတွက် ဒုတိယအကြိမ်မြောက်ရွေးကောက်ပွဲတွင် ပထမဆုံးမဲပေးခွင့်ရသည့် လူငယ်များသည် နိုင်ငံရေးသမားဆိုသည့်ပုံရိပ်ကို ရှင်းလင်းစွာမသိသေးပါ။

“ကျွန်တော်တို့မှ နိုင်ငံရေးသမားကိုမမြင်ဖူးတာ။ နိုင်ငံရေးသမားဆိုတာ ဆန္ဒပြသူများကိုပါခေါ်လား၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုပါခေါ်လား၊ ဘယ်လိုလူတွေကိုခေါ်လဲ သေချာမသိဘူး”ဟု အသက်(၂၁)နှစ်ရှိနေပြီး ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေပြီဖြစ်သည့် မောင်မျိုးက နိုင်ငံရေးသမားပုံရိပ်သည်ေ၀၀ါးနေပုံကိုပြောပြခဲ့သည်။

မကြာမီလာတော့မည့် ၂၀၁၅ ရွေးကောက်ပွဲသည် သူတို့ဘ၀တွင် ပထမဆုံးမဲပေးခွင့်ရသည့် အချိန်အဖြစ် ဖြတ်သန်းရမည့် လူငယ်များသည် မဲရလဒ်ကို အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်စေနိုင်သောကြောင့် သူတို့၏ဆုံးဖြတ်နိုင်စွမ်းသည်လည်း အရေးပါလာမည်ဖြစ်သည်။

“မဲရုံထဲကိုမရောက်ဖူးလို့ သွားကြည့်ချင်တယ်”ဟု ဒုတိယနှစ်မြန်မာစာကျောင်းသား အေးမင်းထက်ကပြောသည်။ “အဲဒီထဲမှာ ဘယ်လိုပုံစံမျိုးရှိနေလဲဆိုတာ စိတ်ဝင်စားတယ်”

မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိမည်ဖြစ်သော်လည်း အဆိုပါကိစ္စအပေါ် မည်သို့မျှစိတ်မ၀င်စားသူ လူငယ်အများအပြားလည်း ရှိနေပေသည်။ အင်အားအကောင်းဆုံး၊ လူထုထောက်ခံမှုအများဆုံး အတိုက်အခံပါတီဟုဆိုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၌ပင် ပထမဆုံးမဲပေးသူများ (First Voters)ဖြစ်မည့် ပါတီဝင်အရေအတွက်သည် တစ်နိုင်ငံလုံးတွင် နှစ်သောင်းကျော်ခန့်သာရှိနေသည်။

ဒီမိုကရေစီနိုင်ငံများနှင့် စီးပွားရေး၊ နိုင်ငံရေး အေးချမ်းသောနိုင်ငံတိုင်းတွင် အဆိုပါအပိုင်း အခြားလူငယ်များ၏ မဲပေးမှုအရေအတွက်သည် နည်းပါးသည်ဟု ကျွမ်းကျင်သူများကဆိုကြသည်။

“နိုင်ငံမှာ ပဋိပက္ခတွေ၊ စစ်ဘေး၊ စီးပွားရေး၊ လူမှုရေး ဒီလိုပြဿနာကြီးတွေရှိနေရင်တော့ လူငယ်တွေ နိုင်ငံရေးမှာပါဝင်လိမ့်မယ်”ဟု အာဖဂန်နစ္စတန်နိုင်ငံတွင် ရွေးကောက်ပွဲဆိုင်ရာ သုတေသနများပြုလုပ်ခဲ့သူ ဒေါက်တာမင်းဇော်ဦးက သာမန်အခြေအနေသာဖြစ်ကြောင်းပြောသည်။ 

“ဥပမာ ၈၈ အရေးအခင်းပေါ့။ အဲဒီမှာ လူငယ်တွေ အများကြီးပါခဲ့တယ်”

ကမ္ဘာတွင် လူငယ်အတောင့်တင်းဆုံးနိုင်ငံများစာရင်း၌ ပါဝင်နေသည့် မြန်မာနိုင်ငံတွင် (၁၈)နှစ်အောက်လူငယ်နှင့် ကလေးသူငယ်အရေအတွက်သည် သန်း ၃၀ ခန့် ရှိနေသည်။

၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ထားသည့် အစိုးရ၏စာရင်းအရ မြန်မာနိုင်ငံတွင် အသက် (၁၅) နှစ်မှ (၁၉) နှစ်အထိ ဆယ်ကျော်သက်လူငယ်ဦးရေသည် ငါးသန်းခုနစ်သိန်းကျော်ရှိနေပြီး နိုင်ငံ၏လူဦးရေအများဆုံး အသက်အုပ်စုတွင် တတိယအများဆုံးအရေအတွက် ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၁၀ ပုံ၊ တစ်ပုံနီးပါးဟုပြောနိုင်သည့် အရေအတွက်ဖြစ်သည်။

ထိုမနည်းလှသော အရေအတွက်က သူတို့၏အစိုးရဖြစ်လာမည့် နိုင်ငံရေးသမားများထံမှ များများစားစားလည်း မျှော်လင့်မထားကြပါ။ သူတို့၏မျှော်လင့်ချက်နှင့် တောင်းဆိုမှုများကလည်း အများစုတူညီကြပါသည်။

သူတို့က ပညာရေးစနစ်ကို ဒီထက်ပို၍ ကောင်းစေချင်သည်။ သင်ရိုးညွှန်းတမ်းတွေကို ပြောင်းစေချင်သည်။ ဆရာ၊ ဆရာမများ၏ သင်ကြားမှုပုံစံကို ပြောင်းစေချင်သည်။ အများစုကတော့ ကျောင်းပြီးပါက သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း သေချာစေချင်သည်။ 

“သူများနိုင်ငံတွေလို အရမ်းကြီးတိုးတက်ချင်တယ်လို့ မဖြစ်ချင်ပါဘူး။ ဒါတဖြည်းဖြည်းဖြစ်လာမှာလေ။ ချက်ချင်းတော့ ဘယ်ဖြစ်မလဲ”ဟုလည်း ပထမနှစ်တက္ကသိုလ်ကျောင်းသား ဝေယံက သူ့နိုင်ငံတိုးတက်မှုကို အားမလျှော့ဘဲ မျှော်လင့်ချက်ရှိနေသည့်မျက်နှာဖြင့် ပြောသည်။

ထို့ပြင် မြို့ပြတွင်နေသည့် လူငယ်များသာဖြစ်သောကြောင့် သူတို့အတွက် ဈေးနှုန်းသက်သာသည့် အပန်းဖြေရန်နှင့် ကစားရန်နေရာတွေလည်း များများစားစားလိုနေသည်ဟု ပြောကြသည်။

ဆယ်စုနှစ်နှစ်ခုကျော်ကြာ စစ်အုပ်ချုပ်မှုအောက်မှ အရပ်သားအစိုးရသို့ ပြောင်းလဲပြီးချိန် သုံးနှစ်ကျော်ရှိပြီဖြစ်သည့် ယနေ့ထိလူငယ်များ၏ ခေတ်အဆက်ဆက် တောင်းဆိုမှုကို အစိုးရနှင့် နိုင်ငံရေးသမားများက ဖြည့်ဆည်းပေးနိုင်မှုက မနီးစပ်သေးပါ။

ယင်းသို့လူငယ်များ၏မဲကို ရရန်အတွက် ရည်ရွယ်စည်းရုံးသည့်အစီအစဉ်မျိုး သီးခြားမရှိသေးသော်လည်း “သူတို့တွေက ပညာရေးကောင်းကောင်းလိုအပ်တယ်။ အလုပ်အကိုင်လိုအပ်တယ်”ဟု လူငယ်များလိုအပ်နေသည့်ဆန္ဒများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဦးကမှတ်ချက်ချသည်။ 

“အဖွဲ့ချုပ်ရဲ့မူဝါဒနဲ့ လုပ်ငန်းစဉ်တွေက သူတို့လိုအပ်တာနဲ့ ကိုက်ညီမယ်လို့ သူတို့က ယူဆရင်တော့ မဲထည့်မှာပဲ” 

ဖဆပလခေတ်ကပင် ပါလီမန်အမတ်ဖြစ်ခဲ့သည့် သခင်ချန်ထွန်းက “လူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားဖို့ဆိုရင် ပြင်ပက သတင်းစာ၊ ဂျာနယ်တွေကနေ တခြားစာပေတွေအားလုံးကို ဖတ်ဖို့လိုတယ်”ဟု အကြံပြုပြောသည်။

ကမ္ဘာ့နိုင်ငံတိုင်းတွင် ပထမဆုံးမဲပေးသူလူငယ်များ မဲပေးမှုအရေအတွက်သည် နည်းပါးလေ့ရှိပြီး မဲပေးခြင်းနှင့် နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုသည် ပြင်ပဗဟုသုတစာပေများ ဖတ်ရှုခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟုလည်း နိုင်ငံရေးသမားများကယူဆကြသည်။ ဒီမိုကရေစီဖွံ့ဖြိုးပြီဆိုသည့် အမေရိကန်ပြည်ထောင်စုတွင်ပင် လူငယ်များ၏ မဲထည့်မှုနှုန်းသည် နည်းပါးနေသည်။

အမေရိကန်ပြည်ထောင်စု၏ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် အသက်(၁၈) မှ (၂၄) နှစ်ကြား လူငယ်စုစုပေါင်းအနက် ၄၁ ဒသမ ၂ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြသည်။ လူငယ်နှစ်ဦးလျှင် တစ်ဦးသာမဲပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံးဖြစ်သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲထည့်သူအရေအတွက်သည် မဲပေးပိုင်ခွင့်ရှိသူများ၏ ၇၇ ရာခိုင်နှုန်းကျော်ဖြစ်သည်။ သို့ရာတွင် တစ်နိုင်ငံလုံးလူဦးရေ၏ ထက်ဝက်အောက် ၂၉ သန်းကျော်သာ မဲပေးခွင့်ရှိခဲ့ကြသည့်အတွက် ယခုပထမဆုံးမဲပေးခွင့်ရှိသူအရေအတွက် ငါးသန်းကျော်သည် စုစုပေါင်းမဲပေးပိုင်ခွင့်ရှိသူ၏ ခြောက်ပုံတစ်ပုံဖြစ်သည်။ လူငယ်များအတွက် ရည်ရွယ်သည့် မဲဆွယ်စည်းရုံးမှုများသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများတွင် မရှိကြသည့်အတွက်လည်း အဆိုပါလူငယ်များ မဲထည့်ရန်နှင့် ရွေးချယ်ရန် မည်မျှစိတ်ဝင်စားသည်ဆိုသည်မှာတော့ မေးခွန်းထုတ်စရာဖြစ်နေပေမည်။ 

“မဲထည့်တဲ့အခါမှာ ဘယ်လိုဆုံးဖြတ်မလဲဆိုရင် မီဒီယာတွေကိုပဲ အားကိုးရမယ်ထင်တယ်။ သူတို့ရေးပြတာကလွဲရင် ကျွန်တော်တို့အပြင်မှာ မသိနိုင်ဘူးလေ” ဟု မဲထည့်ရန်ရွေးချယ်ရာတွင် မည်သို့ဆုံးဖြတ်မည်လဲဆိုသည်ကို နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဂျပန်ဘာသာဒုတိယနှစ်ကျောင်းသား အေးချမ်းကပြောသည်။

မြို့ပြနေ လူလတ်တန်းစားလူငယ်များကတော့ မဲထည့်မှုကို အနည်းနှင့်အများ စိတ်ဝင်စားနေသည်ဟု ပြောနိုင်သော်လည်း မည်သို့ရွေးချယ်မည်ဆိုသည်ကိုတော့ မပြောနိုင်သေးပေ။ သူ့ဘ၀တွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိကြောင်း သက်သေပြသည့် ပထမဆုံးအခွင့်အရေးတစ်ခုကို လက်လွတ်မခံနိုင်ကြောင်း ရူပဗေဒပထမနှစ်ကျောင်းသူမွန်မွန်က သူ့အတွေးကိုပြောသည်။

“ဒီအခွင့်အရေးက လက်လွတ်ဆုံးရှုံးမခံသင့်တဲ့အတွက် မဲပေးသွားမယ်လို့တော့ စဉ်းစားထားတယ်”


7Day News

Thursday, February 20, 2014

၅၉ (စ)ကို မပြင်ချင်တာ မြန်မာသွေးစစ်စစ်ကသာ မြန်မာပြည်ကို အုပ်ချုပ်စေချင်လို့ပါ


ယခုအချိန်မှာဆိုရင် ကျွန်တော်တို့ရဲ့မြန်မာပြည်ကြီးမှာ ၂၀၁၅ သို့ နီးလာသည်နှင့်အမျှ ပြည်တွင်းလက် နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း နေရာအသီးသီး၌ ကျင်းပပြုလုပ်နေ ကြပါတယ်။ ထို့အပြင် သမ္မတဖြစ်ရေး၊ ပါတီအနိုင်ရရေးစတဲ့ လွန်ဆွဲအားပြိုင်မှုတွေနဲ့ စိန်ခေါ်မှုတွေဟာဆိုရင် လည်း ကြိတ်၍တမျိုး၊ ပေါ်ပေါ်ထင်ထင်တမျိုး အမျိုးမျိုး ဖြစ်ပေါ်နေပါတယ်။ အဓိက ကတော့ ဒီ ၂၀၁၄ မှာ သမ္မတဖြစ်ရေးအတွက် ပုဒ်မ ၅၉ (ဃ)နဲ့(စ)လုံးကို ထောက်ခံသူများနဲ့ မထောက်ခံသူများ ထိပ်တိုင်ရင်ဆိုင် ပွဲတွေ ဆွင်နွှဲနေကြတဲ့ နှစ်တစ်နှစ်လို့တောင်ဆိုရမလိုဖြစ်နေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေဆိုတာ ထိုနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ နိုင်ငံသားတိုင်းက ပိုင်ပါတယ်၊ ဆိုင်ပါတယ်။
ခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ဆိုတာ တစ်ဦးတစ်ယောက် အတွက်ရည်ရွယ်ပြီး ဆွဲတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက်၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ရေရှည် ကိုမျှော်ပြီး ဆွဲထားတာဖြစ်ပါတယ်။ ထိုအတူပဲ ၅၉ (ဃ) ဟာဆိုရင်လဲ နိုင်ငံတော်သမ္မတဟာ စစ်ရေးအမြင် ရှိရမဲ့ဆိုသော အချက်မှာလဲ လုံးဝလိုအပ်ပါသည်။ ပြီးတော့ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ရေးထားတာ မဟုတ် ပါဘူး။ အမြင်ရှိရမယ်လို့သာ ပြောထားတာကိုလဲ သိစေချင်ပါတယ်။ ဒါဟာ ပြည်တွင်းစစ်ကို အတွက်မဟုတ်ပဲ ပြည်ပကျူးကျော်လာမဲ့စစ်ကို မျှော်မှန်း၍ ရေးဆွဲထားသောအချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံရယ်လို့ ရေရှည် အဓွန့်ရှည်ဖို့ အတိတ်မှာ ရှိခဲ့၊ဖြစ်ခဲ့တဲ့ အားနည်းချက်၊ အားသာချက် ဟူသမျှကို လေ့လာဆန်းစစ်ပြီးမှ တိုင်းပြည် အကျိုးအတွက် လိုအပ်လို့ ထည့်သွင်းရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ အရင် ၁၉၄၇ ခုနှစ် တစ်ပါတီစနစ်မှာ တောင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၇၄ မှာ နိုင်ငံခြားရဲ့ သြဇာလွှမ်းမိုးခံ ရှိတဲ့သူဟာဆိုရင် လွှတ်တော်အမတ်တောင်ဖြစ်ခွင့် မရှိဘူးဆိုတဲ့ အချက် ပါ ပါတယ်။ အဲ့တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဆိုရင် ပါတီစုံစနစ်ဖြင့် ရေးဆွဲထားတာဖြစ် သောကြောင့် ပုဒ်မ ၅၉ (စ) ကို လုံးဝမပြင်သင့်သော ပုဒ်မဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ မိမိလူမျိုး အုပ်ချုပ်နေတာတောင်မှ နိုင်ငံတကာရဲ့ ဖိအား တွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ အများအပြား ခံစားနေရပါတယ်။ အကယ်၍သာ ပုဒ်မ ၅၉ (စ) ကိုသာပြင် လိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ တိုင်းတစ်ပါးရဲ့ အုပ်ချုပ်မှုအောက်ကို မလွဲမသေရောက်သွား နိုင်ပါ တယ်။ ပုဒ်မ ၅၉ (စ) မှာ မိမိကိုယ်တိုင်၊ မိမိရဲ့မိဘ၊ မိမိရဲ့ ဇနီး(သို့)ခင်ပွန်း၊ မိမိရဲ့သား/သမီး ပြီးရင် မိမိရဲ့ သားမက်(သို့)ချွေးမ ဆိုပြီး အချက် (၅) ချက်ရှိပါတယ်။ ထို (၅) ချက်မှာ တစ်ချက်မှ ပြင်ဆင်ခွင့်ပေးလိုက်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ဥပမာအားဖြင့် ကျွန်တော်တို့ဟာ ဘင်္ဂလီ လူမျိုးတွေကို မသိလိုက်၊မသိဖာသာ နေထိုင်ခွင့်ပေးလိုက်ရာမှ အခုဆိုရင် လူမျိုးရေးအထိကရုဏ်းတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေဟာဆိုရင် နေရာအ နှံ့အပြားများ ဖြစ်ပွားနေတာကိုလဲ နိုင်ငံသားအားလုံး ကြုံတွေ့ခံစားနေရတာ အမှန်ပါပဲ။ ဒါကြောင့် တိုင်းတစ်ပါး သားသွေးရောနှောနေတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ မြန်မာနိုင်ငံရဲ့ အဓိကဦးသျှောင် အဆုံးအဖြတ်ရှင် ဖြစ် ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ လုံးဝဥဏ်သုံ တိုင်းတစ်ပါးရဲ့ ခြယ်လှယ်မှုတွေကို ခံရတော့မယ်ဖြစ်ပါ တယ်။ မြန်မာနိုင်ငံကြီးဟာ ကမ္ဘာကြီးတည်တံ့နေသမျှ မြန်မာလူမျိုး၊ မြန်မာ့သွေးစစ်ရှိတဲ့ ပုဂ်္ဂိုလ်တွေရဲ့ စီမံ ကွပ်ကဲမှုအတိုင်း တိုးတက်ကောင်းမွန်စေချင်ပါတယ်။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံး ဟာ ဒီပုဒ်မ ၅၉ (စ) ကို မပြင်ပဲ လက်ခံဖို့လိုအပ်ပါတယ်။ 

 မောင်ဇော်

 ဗမာ့ အသံ

Saturday, February 15, 2014

ဒေါ်အောင်ဆန်းစုကြည် ဘာမှားသလဲ ဘာပြင်သင့်သလဲ

၂၀၁၅ ရွေးကောက် ပွဲအကြောင်း စာနယ်ဇင်း အတော် များများက ရေးသား ပြောဆို ကြတယ်။ တရား မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်မယ်ဆို ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နေရာ အများ အပြားမှာ နိုင်မယ် ဆိုတာ အများစုက ယူဆကြတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့် ပိတ်ပင် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက ခက်ခဲတာမို့ ဘယ်သူ့ကို တိုင်းပြည် ဦးဆောင်ဖို့ ပါတီက လျာထားသလဲ မသိရသေးဘူး။ နောက် အစိုးရ အဖွဲ့ကို သင့်လျော်တဲ့ ဘယ်သူတွေနဲ့ ဝန်ကြီးနေရာ ခန့်အပ်ပြီး ဖွဲ့စည်းမယ် ဆိုတဲ့ အဆင်သင့် ပြင်ထားမှုလည်း မရှိဘူး။

"ပီအာ" Proportional Representation (PR) ဆိုသည်မှာ

"ပီအာ" ဆိုသည်မှာ Proportional Representation ဆိုသည်ကိုအတိုကောက်ယူထားခြင်းဖြစ်သည်။ အနီစပ်ဆုံးမြန်မာမှုပြုရလျှင်၊ "အချိုးကျကိုယ်စားပြုစနစ်"ဟုဆိုနိုင်ပါလိမ့်မည်။ နိုင်ငံရေးပါတီများ၊ ရွေးကော်ပွဲတွင် ရရှိသည့် မဲအရေအတွက်အရ၊ ဥပဒေပြုလွှတ်တော်တွင် အချိုးကျခွဲဝေယူရမည့်စစ်ဟု နားလည်ရပါသည်။ အဘိဓာန်ဖော်ပြချက်အတိုင်း အတိအကျဖော်ပြရပါလျှင် ၊ ယခုလို.....။"electoral system designed to produce legistative bodies in which the number of seats held by each group or party is proportional to the number of votes cast for....."


လက်လှမ်းမှီသမျှသမိုင်းကြောင်းအရဆိုရလျှင်၊ ပြင်သစ်တော်လှန်ရေးကာလလောက်ကပင် ပီအာစနစ်အကြောင်းစတင်စဉ်းစားခဲ့ကြသည်ဟု သိရပါသည်။ဗြိတိသျှနိုင်ငံရေးဘောဂဗေဒပညာရှင်ဂျွန်စတုရပ် မီး(လ)က၊ စတင်ဖော်ထုတ်ခဲ့သည်ဟုလည်း အမှတ်အသားရှိသည်။ စံတော်ဝင်ရွေးကောက်ပွဲစနစ်ဟုဆိုနိုင်သော၊ "မဲအများဆုံးရသူက အနိုင်ရသည့်စနစ်" (First Past The Post ) ၊အတိုကောက်FPTP စနစ်မှာ၊ "ပေါက်သူအကုန်ယူ" (winner takes all) သဘောဖြစ်ရာ "အများစုနှင့်ဗိုလ်ကျသည်မျိုး" (tyranny of majority) ဖြစ်နိုင်၍၊ ပါတီငယ်များ အထူးသဖြင့် လူမျိုးစုပါတီများ၊" ဘေးရောက်သွားနိုင်" (marginalized)သောကြောင့်၊ ပီအာစနစ်ကိုအဆိုပြုလာသည်ဟုဆိုပါသည်။

ပီအာစနစ်ကို ပထမဆုံး အကောင်အထည်ဖော် ကျင့်သုံးခဲ့သည်မှာ ဒိန်းမတ်နိုင်ငံဖြစ်သည်(၁၈၅၅)။ ထိုသည်၏နောက်တွင်မူလူမျိုးများစွာဖြင့် ပြည်ထောင်စုပုံသဏ္ဍာန် စုစည်းကြသော နိုင်ငံတော်တော်များများလိုက်ပါကျင့်သုံးလာကြသည်။ ဆွတ်ဇာလန်(၁၈၉၁) ၊ဘယ်(လ)ဂျီယံ(၁၈၉၉)၊ ဖင်လန်(၁၉၀၆)၊ စသည်တို့ဖြစ်ပါသည်။ လူမျိုးစုလူနည်းစုများရှိသော၊ ပါတီတွေအများကြီးရှိနေသောနိုင်ငံများအတွက် ပိုမိုဒီမိုကရေစီနည်းကျသည့် ရွေးကောက်ပွဲစနစ်ဟု၊ ပညာရှင်များကအမှတ်ပေးကြပါသည်။ သို့နှင့်တိုင် ၁၉၂၀ ပြည့်လွန်နှစ်များကပေါ်ထွက်လာခဲ့သော ဂျာမန်ဝိုင်မာသမ္မတနိုင်ငံတွင်ပီအာစနစ်ကိုကျင့်သုံးခဲ့ရာမှ
ဟစ်တလာ၏နာဇီပါတီအာဏာရလာသောသမိုင်းကလည်းရှိနေပြန်သည်။ ဤအချက်ကိုအကြောင်းခံ၍ "ပီအာစနစ်၏အားနည်းချက်မှာ၊ အစွန်းရောက်ပါတီများအာဏာရလာနိုင်သည့်အလားအလာရှိသည်" ဆိုသောဝေဖန်ထောက်ပြချက်များလည်းရှိပါသည်။ သို့နှင့်အမျှနောက်ပိုင်းတွင် ၊ FPTP နှင့် PR ကိုပေါင်းစပ်ကျင့်သုံးသည့်စနစ်လည်း ပေါ်လာသည်။ "တစ်စိတ်တစ်ပိုင်းအချိုးကျစနစ်" (Semi-Proportional System) ဟုခေါ်ပါသည်။
ဘာ့ကြောင့် " ပီအာ"
(သတင်းအဆက်အစပ်)
မြန်မာ့နိုင်ငံရေးတွင် ၊ဘာ့ကြောင့် "ပီအာ" အကြောင်းပြောလာကြပါသနည်း"......။ဤမေးခွန်းကိုဖြေဖို့ စာရေးသူကသတင်းတွေကိုစဉ်ကြည့်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲအပြီးသုံးသပ်ချက်များ၊ ထို့နောက် ဒီမိုကရေစီမတ်ဆွေပါတီများ၏သြစတေးလျခရီးစဉ်...၊ နောက် အဆိုပါ ပါတီများနှင့် သမ္မတကြီး၏နေပြည်တော်လယ်တောတွေ့ဆုံပွဲ....၊ယခုနောက်ဆုံးပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့တွေ့...။ ဇာတ်၏အစမှာ ကြားဖြတ်ရွေးကောက်ပွဲဟုထင်သည်။
အားလုံးသိကြသည့်အတိုင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က၊ နေရာအားလုံးလောက်ဝင်ပြိုင်သည်။ပြောရလျှင်လူမျိုးစုပါတီများရှိရာမဲဆန္ဒနယ်များကိုပင်မရှောင်။ ပြိုင်သလောက်လည်းနိုင်သည်။(ကျားဖြူပါတီတစ်နေရာမှလွဲ၍) NLD အတွက်တော့အောင်ပွဲပင်။ဒီမိုကရက်တစ်အင်အားစုများညီညွတ်ရေးအတွက်တော့မကောင်း။အထူးသဖြင့်လူမျိုးစုပါတီများ။(ဤအလားအလာကိုတွက်ဆမိ၍၊ ရွေးကောက်ပွဲအကြိုကာလကပင်၊ စာရေးသူသတိပေးရေးသားဖူးပါသည်။ ၂၀၁၁ ဒီဇင်ဘာ ၁၁ ထုတ် The Voice ဂျာနယ်ပါ၊ "လမ်းစပေါ်ပြီ၊ မြူတွေဆိုင်းဆဲ" ဆောင်းပါး။ ရှိစေတော့။
ချုပ်လိုက်လျှင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအဖြေမှာ၊ လူမျိုးစုပါတီများအပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများ(တစ်နည်းဒီမိုကရက်တစ်အင်အားစုများ)အတွက်ဘေးဖယ်ခံရမည့်အန္တရာယ်ကြီးဖြစ်လာရတော့သည်။ ဤတွင် သူတို့အနေနှင့် ပီအာ ကိုစဉ်းစားလာကြသည်မှာသဘာဝကျသည်ဟုထင်သည်။ မိမိကိုယ်တိုင်ဆိုလျှင်လည်းဤအတိုင်းပင်စဉ်းစားမိပါလိမ့်မည်။ သို့သော် မိမိမှာ နိုင်ငံရေးသမားမဟုတ်၊မည်သည့်ပါတီဝင်မှလည်းမဟုတ်။ စာရေးသူ(တစ်နည်း မီဒီယာသမား)ပင်ဖြစ်ရာ အချစ်အမုန်းများဖြင့်ပြဿနာကိုချဉ်းကပ်ဖို့မသင့်။ မိမိထင်မြင်ချက်ကိုအရင်းအတိုင်းပြောဖို့တာဝင်ရှိသည်ဟုယူဆသည်။ ခံယူသည်။
ထင်မြင်ချက်(၁)
(သုံးချက်)
အားလုံးသိကြသည့်အတိုင်းမြန်မာနိုင်ငံမှာ၊ လူမျိုးစုများးစွာမှီတင်းနေထိုင်ကြသောပြည်ထောင်စုကြီးဖြစ်သည်။ လူမျိုးစုနိုင်ငံရေးပါတီများလည်းမနည်းမနောရှိသည်။ တိုင်းရင်းသားလူမျိုးများ၏အရေးမှာ မြန်မာ့နိုင်ငံရေး(တနည်းမြန်မာ့ဒီမိုကရေစီရေး)၏ အသည်းနှလုံးနေရာတွင်ရှိသည်ဟုလည်းစာရေးသူနားလည်ထားသည်။ ထို့ထက် မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီတွေအတော်များသည်။ ဒါကလည်းသဘာဝကျသည်။ ကာလတာရှည်ဒီမိုကရေစီနဲ့ဝေးနေသောလူ့အဖွဲ့အစည်းတစ်ရပ်အနေနှင့် ဒီမိုကရေစီတာထွက်တွင်ပါတီတွေများတတ်သည်မှာသဘာဝဖြစ်သည်။ ပိုအရေးကြီးသည်မှာ အဆိုပါပါတီအားလုံးလောက်မှာလည်းဒီမိုကရေစီအင်အားစုများဖြစ်နေခြင်းပင်။
သို့အတွက် ပါတီငယ်လေးများ၏ပြောရေးဆိုခွင့်ကို ပိုမိုအာမခံချက်ပေးနိုင်လိမ့်မည်ဟု ယူဆရသောပီအာ စနစ်မှာ ရေရှည်တွင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် ပို၍ စရွေးကိုက်လိမ့်မည်ဟုသဘောရပါသည်။ သို့နှင့်တိုင်ယခုလောလောဆယ်တွင်မူ ထည့်သွင်းစဉ်းစားစရာများရှိသလောက်ရှိမည်ထင်သည်။ စာရေးသူစဉ်းစားမိသလောက်အနည်းဆုံး "သုံးချက်" ကိုတင်ပြလိုက်ပါသည်။
(၁) ပီအာစနစ်လက်တွေ့ကျင့်သုံးကြသော နိုင်ငံများ၏အတွေ့အကြုံအရ ဤစနစ်၏လုပ်ထုံးလုပ်နည်းများမှာ ရှုပ်ထွေးသည်နှင့်အမျှ လက်ပေါက်စိပ်သည်ဟုသိရပါသည်။ တစ်စုံတစ်ရာရင့်ကျက်ပြီးဒီမိုကရေစီနိုင်ငံများအတွက်ကိစ္စမရှိ။ မြန်မာနိုင်ငံလို သက်တမ်းအရရော ၊အတွေ့အကြုံအရပါနုနယ်သေးသောအနေအထားနှင့်လက်တွေ့ပြဿနာ ရှိနိုင် ,မရှိနိုင် စဉ်းစားဖို့လိုပါလိမ့်မည်။ လက်ရှိအခြေအနေတွင် ဤစနစ်ကိုကျင့်သုံးမည်ဆိုပါက၊( စွမ်းဆောင်ရည်အရရော မရိုးသားမှုများကြောင့်ပါ) အားနည်းချွတ်ယွင်းချက်များရှိလာနိုင်သည်။
(၂) ပီအာ စနစ်မှာ မြန်မာ့လူမှုနိုင်ငံရေးဓလေ့(တစ်နည်း မြန်မာတို့၏စိတ်အခံ)နှင့် အလုပ်ဖြစ်နိုင်, မဖြစ်နိုင် စဉ်းစားဖို့လိုမည်ထင်သည်။ မြန်မာ့ဓလေ့က အကွဲအပြဲဘက်အားသန်သည်။ ပါတီများစွာမဆိုနှင့် ပါတီတစ်ခုထဲမှာပင် ကွဲတတ်သည်။ ကွဲလေ့ရှိသည်။ ထို့ထက် "သူဖြူလျှင် ငါမည်းမည်" ဆိုသောစစ်အေးလော့ဂျစ်ကလည်းစွဲစွဲခိုင်ခိုင်ရှိနေသည်။ ပီအာစနစ်အရ နိုင်ငံရေးပါတီများညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ရာ၊ " ဘုံတူညီချက်" ( Common Ground ) ရှာဖို့ခက်လိမ့်မည်ထင်သည်။ ထိုမျှမက ပီအာစနစ်တွင် အစွန်းရောက်ပါတီအချို့လွှတ်တော်ထဲရောက်လာနိုင်သည်ကိုလည်းစဉ်းစားဖို့လိုပါလိမ့်မည်။
(၃) ပီအာ စနစ်၏လွှတ်တော်တွင် နိုင်ငံရေးပါတီတော်တော်များများအချိုးကျပါဝင်ခွင့်ရကြမည်ဖြစ်ရာ အရေးကြီးသောဆုံးဖြတ်ချက်များ( ဥပမာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး) ချမှတ်နိုင်ရန် လုံလောက်သည့် ၇၅ ရာခိုင်နှုန်း ရဖို့ မလွယ်ဟုစဉ်းစားမိသည်။ ဤသို့ဆိုလျှင် မြန်မာ့ ဒီမိုကရေစီအရေးမှာ ၊ ရှေ့မတိုး နောက်မဆုတ် "အီလည်တန့်ခံမှု" နင်္ှင့် ကြုံရနိုင်သည်။ ဆိုရလျှင် ရွှေပြည်တော်မျှော်တိုင်းဝေးပင်ဖြစ်သွားနိုင်သည်။
ဤသို့ဆိုလျှင် ပီအာ ကိုဆန့်ကျင်သည်မဟုတ်ပါ။ ရေရှည်အတွက်ကောင်းနိုင်ပါသည်။ ရေတိုတွင်မူစဉ်းစားစရာများရှိလိမ့်မည်ထင်သည်။ အထူးသဖြင့်ဆိုခဲ့ပါတတိယအချက်ကို လေးထားစဉ်းစားစေချင်ပါသည်။
ထင်မြင်ချက်(၂)
(တပ်ပေါင်းစုလမ်းကြောင်း)
မြန်မာ့နိုင်ငံရေးနဲ့ပက်သက်ပြီး၊ စာရေးသူစဉ်းစားထားသည်ကတစ်မျိုးဖြစ်သည်။ စာရေးသူမှာ နိုင်ငံတကာအိုင်ဒီယာများနှင့်မိတ်ဆက်ပေးသူဖြစ်သည့်တိုင် မြန်မာ့အရေးနှင့်ပက်သက်လျှင်မူ မိမိနိုင်ငံ၏ ပကတိအရှိမှ စတင်လိုသည်။ စာရေးသူအမြင် မြန်မာ့နိုင်ငံရေးရွှေခေတ်မှာ ဖက်ဆစ်တော်လှန်ရေးအကြိုကာလကစတင်ခဲ့သော လွတ်လပ်ရေးကြိုးပမ်းမှုနှစ်များဟုယူဆသည် ဤကာလအတွင်းရွေးချယ်ခဲ့ကြသည်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တပ်ပေါင်းစုနိုင်ငံရေးလမ်းကြောင်းဟု သဘောရပါသည်။


ဗိုလ်ချုပ်ဦးဆောင်မှုဖြင့် လက်ဝဲညီညွတ်ရေးအခြေခံကာလွတ်လပ်ရေးအရယူပေးခဲ့သလို၊ စာရေးသူတို့ခေတ်တွင်လည်း ဒီမိုကရတ်တစ်အင်အားစုများညီညွတ်ရေးကိုအခြေခံကာ ဒီမိုကရေစီအရယူပေးစေချင်သည်( သမီးဗိုလ်ချုပ်နှင့်ပက်သက်သော စာရေးသူ၏မျှော်လင့်ချက်မှာ ဒါပဲဖြစ်သည်။) ဤသို့ဖြစ်ဖို့ဆိုလျှင် "တစ်ဦးချင်းလျှောက်လွှာတင်" ဆိုသော သခင်စိုး လမ်းကြောင်းအတိုင်းလိုက်လို့မဖြစ်။ လက်တွဲနိုင်သမျှအင်အားစုအားလုံးနှင့်လက်တွဲမည်" ဆိုသောဗိုလ်ချုပ်လမ်းကြောင်း၊ တစ်နည်း တပ်ပေါင်းစုလမ်းကြောင်းနှင့်မှဖြစ်လိမ့်မည်ဟုဆင်ခြင်မိသည်။

ပီအာ ဖြစ်စေ ၊ လက်ရှိ FPTP ဖြစ်စေ၊ သို့မဟုတ် ဤစနစ် နှစ်ခုပေါင်း၍ဖြစ်စေ....၊ မည်သည့်စနစ်နှင့်သွားသွား တပ်ပေါင်းစု နိုင်ငံရေးစိတ်ဓာတ်မပျောက်မှသာ၊ မြန်မာ့ဒီမိုကရေစီဝင်္ကပါလမ်းမှ ဖောက်ထွက်နိုင်လိမ့်မည်ထင်သည်။ နိုင်ငံရေးပါတီအသီးသီးမှ မိတ်ဆွေများနှင့်ဆုံတိုင်လည်း၊ ဤအမြင်, ဤအတွေးကိုပင်ပြောဖြစ်ခဲ့ပါသည်။ သို့တစေ သူတို့က စိတ်ဝင်စားကြဟန်မရှိ၊ ဘာတွေ အရေးကြီးနေသည် မသိ။ " အချိန်မပေးနိုင်" ဟုဆိုသူကဆိုသည်။ ဆရာဗန်းမော်တင်အောင်စကားနှင့်ဆိုရလျှင်၊ "ကျွန်တော်ကကော ဘာများတတ်နိုင်ပါမည်နည်း....."
ဆရာ ..ဦးကျော်ဝင်း ၏ "မြန်မာ့နိုင်ငံရေးနှင်းခဲပျော်ချိန်၊ ထိုသုံးနှစ်(၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂) ....စာမျက်နှာ ၃၂၁-၃၂၅ မှကောက်နှုတ်ဖော်ပြပါသည်။

Friday, February 14, 2014

“ အချိန်ဆွဲ နည်းဗျူဟာကို ရင်ဆိုင်နေရပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ”

The Ladies ဂျာနယ်၊ မွန်းတည့်နေဂျာနယ်၊ ၁၄-၂-၁၄။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း တစ်ချိန်လုံး နိုင်ငံရေး စိတ်ဝင်စားသူတွေနဲ့ ပြည်သူတွေ စိတ်ဝင်စားခဲ့တဲ့ အကြောင်းအရာ တစ်ခုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပါတ်သက်ပြီး နိုင်ငံရဲ့ အဓိက ခေါင်းဆောင် (၃) ယောက်နဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း တောင်းဆိုပါတယ်။ ဖြစ်မလာပါဘူး။ နောက် ပြည်နယ်နဲ့ တိုင်းတွေကို လှည့်လည်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုင်ရာ လူထု စည်းရုံးမှုတွေ လုပ်ပါတယ်။ တစ်ပြိုင်နက်တည်း စောင့်မျှော်နေရတာကတော့ ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား ပြီးစီးရမယ့် လွှတ်တော်ဖွဲ့စည်းပုံ သုံးသပ်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာ ပါ။ အခု အဲဒီ အစီရင်ခံစာကို လွှတ်တော်တင်၊ အတည်ပြုပြီးနောက် လွှတ်တော် နာယက သူရ ဦးရွှေမန်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ” ဆိုတာကို ဖွဲ့စည်း တာဝန်ပေးလိုက်ပါပြီ။ ဒါပေမယ့် အရေးအကြီးဆုံး တစ်ချက်ကတော့ သူရဦးရွှေမန်းရဲ့ အဲဒီ ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တဲ့ အမိန့်ကြော်ငြာစာမှာ ကော်မတီ လုပ်ငန်းကို ဘယ်နေ့ ဘယ်ရက် အဆုံးသတ်ရမယ် ဆိုတဲ့ တိကျတဲ့ အချိန်သတ်မှတ်ချက် ပေးမထားပါဘူး။ ဒီ အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်ရဲ့ ဆောင်ရွက်ချက် ဘယ်လောက် ကြာသွားနိုင်သလဲ၊ ဒါဟာ အချိန်ဆွဲ နည်းဗျူဟာ ကျင့်သုံးတာရော မဖြစ်နိုင်ဘူးလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

ပြောရရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပါတ်သက်ရင် လွှတ်တော်ကနေ ပူးပေါင်းကော်မတီဖွဲ့၊ အစီရင်ခံစာ တင်သွင်းရမယ့် နေ့ရက် အတိအကျ သတ်မှတ်ပေးလိုက်ချိန်ကစ အရှိန်မြင့်လာတာ ဖြစ်ပါတယ်။ လွှတ်တော်ကနေ လူ ၁၀၀ ကျော်ပါတဲ့ အဲဒီ ပူးပေါင်းကော်မတီ ဖွဲ့စည်းပေးလိုက်ကာစ ကဆို အင်န်အယ်လ်ဒီ ကရော၊ ပြည်သူတွေကပါ အတော်လေး မျှော်လင့်ခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇင်ဘာ ၃၁ ရောက်ရင်၊ နောက်ပိုင်း တစ်လ ထပ်ရွှေ့လိုက်လို့ ဇန်န၀ါရီ ၃၁ ရောက်ရင် ဖွဲ့စည်းပုံနဲ့ ပါတ်သက်ပြီး ဘယ်လိုပြင်ဆင်မယ် ဆိုတဲ့ တိကျတဲ့ သုံးသပ်ချက် တစ်စောင် ထွက်လာမယ် လို့ အားလုံး မျှော်လင့်ထားကြတာပါ။ 
တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော် ပူးပေါင်းကော်မတီကပဲ ဆွေးနွေးဆုံးဖြတ်နေတာထက်စာရင် တိုင်းပြည်ရဲ့ တကယ့် အရေးပါတဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြရင် အဲဒီ လုပ်ငန်းစဉ် ပိုပြီး ချောချောမောမော ဖြစ်နိုင်တယ် ဆိုပြီး သမ္မတ၊ လွှတ်တော် နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ပါဝင်တဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ တောင်းဆိုပါတယ်။ သမ္မတ ဘက်ကတော့ လွှတ်တော်ကို ကျော်ပြီး လုပ်သလို ဖြစ်မယ်၊ လွှတ်တော် ပူးပေါင်းကော်မတီရဲ့ ရလာဒ် ဘာထွက်လာမယ် မသိသေးဘူး၊ အဲဒီ ရလာဒ် ထွက်ပြီးတဲ့ အချိန်အထိ စောင့်ကြည့်ရအောင် ဆိုပြီး မယုတ်မလွန် ဆိုပါတယ်။ သူရဦးရွှေမန်းကတော့ တွေ့ဆုံဆွေးနွေးကြတာ ကောင်းတယ် လို့ မှတ်ချက်ပေးပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ နှုတ်ဆိပ်နေပါတယ်။ ဒီလိုနဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်ခဲ့ပါဘူး။
နောက်ဆုံး အားလုံး မျှော်လင့်နေတဲ့ ပူးပေါင်းကော်မတီ အစီရင်ခံစာ ဆိုတာကြီး ထွက်လာပါတယ်။ လေ့လာသုံးသပ်ရေး အစီရင်ခံစာ ဆိုပေမယ့် လေ့လာထားတာ၊ သုံးသပ်ထားတာ ဘာမှ မယ်မယ်ရရ မဖော်ပြထားပါဘူး။ တင်ပြလာတဲ့ အကြံပြုစာ၊ လက်မှတ်ရေးထိုးထားတဲ့ အကြံပြုစာတွေကို အမျိုးအစားအလိုက် ကိန်းဂဏန်း အရေအတွက်နဲ့ ခွဲခြား ဖော်ပြထားတာပဲ ရှိပါတယ်။ ပြောရရင် ရုံးလုပ်ငန်း သာသာလောက် လုပ်ထားတဲ့ နာမည်ခံ အစီရင်ခံစာပါ။ ထူးတာတစ်ခုက ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉ (စ) အပါအ၀င် ပုဒ်မ (၇) ခုကို မပြင်ချင်ပါဘူးဆိုပြီး လိမ်လည်တင်ပြထားတဲ့ လက်မှတ် တစ်သိန်းကျော်ကိုပါ အစီရင်ခံစာထဲ ထည့်သွင်းထားလိုက်တာပါ။ ဒါကို လွှတ်တော်ကလည်း အတည်ပြုပေးလိုက်ပါသေးတယ်။ ဒီ ပြသနာဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ရှုတ်ထွေးစေနိုင်တဲ့ ပြသနာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အခုနောက်ဆုံး လွှတ်တော် နာယက သူရ ဦးရွှေမန်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ” ဆိုတာကို ထပ်ဖွဲ့စည်း တာဝန်ပေးလိုက်ပြန်ပါပြီ။ ကော်မတီထဲ လူပါဝင်မှု၊ လျှို့ဝှက် လုပ်ရမယ်၊ ဆွေးနွေးတာတွေ အပြင်ကို မပေါက်ကြားစေရ၊ သဘောထား မတူညီတာရှိရင် မဲခွဲဆုံးဖြတ်ရမယ် ဆိုတာတွေ အားလုံးကတော့ အရင် လေ့လာသုံးသပ်ရေး ကော်မတီက အတိုင်းပါပဲ။ ကော်မတီ အရွယ်အစား ငယ်အောင် လုပ်လိုက်တာပဲ ကွာပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး တစ်ချက်ကတော့ သူရဦးရွှေမန်းရဲ့ အဲဒီ ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တဲ့ အမိန့်ကြော်ငြာစာမှာ ကော်မတီ လုပ်ငန်းကို ဘယ်နေ့ ဘယ်ရက် အဆုံးသတ်ရမယ် ဆိုတဲ့ တိကျတဲ့ အချိန်ဇယားသတ်မှတ်ချက် ပေးမထားပါဘူး။

အားလုံးခြုံငုံ သုံးသပ်ရရင် ဖွဲ့စည်းပုံထဲက ဘယ်အချက်တွေကို ပြင်မယ် ဆိုတဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ မူကြမ်း တစ်ရပ်” လွှတ်တော်ထဲ ရောက်ဖို့ အချိန် မသိနိုင်တော့ပါဘူး။ ဒီ အတောအတွင်း အဲဒီ ကော်မတီဟာ လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ညွှန်ကြားချက် အမိန့်ကြေငြာချက်တွေအောက်မှာ အလုပ်လုပ်ကြရမှာပါ။ အဲဒီ အတောအတွင်း သမ္မတ အပါအ၀င် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုထားတာကိုလည်း လွှတ်တော်ကော်မတီ ရလာဒ် မသိသေးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတ ဘက်က ဆက်ပြီး အချိန်ဆွဲထားနိုင်ပါတယ်။
တကယ်တော့ လွှတ်တော်ထဲ အဲဒီ ဥပဒေကြမ်း ရောက်သွားတဲ့တိုင် လွယ်လွယ် ပြီးသွားမှာတော့ မဟုတ်ပါဘူး။ တစ်ချက်ခြင်း တစ်ပုဒ်ခြင်း ဆွေးနွေး အမတ် ၇၅ ရာခိုင်နှုန်းကျော် အတည်ပြုတာတွေကိုမှ ပြင်ဖို့ လမ်းစ ပွင့်မယ် ဖြစ်ပါတယ်။ ဒါလည်း မပြီးသေးပါဘူး။ ၇၅ ရာခိုင်နှုန်း သဘောတူထားတဲ့ အချက်တွေကို ပြင်နိုင်ဖို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ကျင်းပရပါဦးမယ်။ အဲဒီ အတွက် ကော်မတီအဆင့်ဆင့်ဖွဲ့တာ၊ ရက်သတ်မှတ်တာ စသဖြင့် လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ အများကြီး လာပါဦးမယ်။ ဒီလို ကိစ္စမျိုးကို လိုရင် လိုသလို အချိန်ဆွဲဖို့ သူရဦးရွှေမန်း အပါအ၀င် စစ်ဗိုလ်ချုပ်ဟောင်းတွေ ကောင်းကောင်း ကျွမ်းကျင်ကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၉၃ ကနေ ၂၀၀၈ ခုနှစ်အထိ ၁၅ နှစ်ကြာအောင် ဆွဲခဲ့တဲ့ အတွေ့အကြုံကြီး သူတို့မှာ ရှိပါတယ်။

နောက်တစ်ချက် ထူးခြားတာ တစ်ခုက အဲလို ဆန္ဒခံယူပွဲ လုပ်မယ့် ဘတ်ဂျက်မျိုး လာမယ့် ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်အတွက် ထည့်သွင်းရေးဆွဲထားခြင်း မရှိတဲ့ ကိစ္စပါ။ တစ်ဖက်ကလည်း ၂၀၁၅ ရွေးကောက်ပွဲ ဆိုတာ ဝေးသလိုလိုနဲ့ နီးနီးလေး ကျန်တော့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲကိုသာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပဲ ကျင်းပခဲ့မယ် ဆိုရင် ဘယ်လိုမှ လွတ်လပ် တရားမျှတတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာမှာ မဟုတ်ပါဘူး။ သေခြာတာ တစ်ခုကတော့ အာဏာကြီးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တစ်ယောက်နဲ့ စစ်ယူနီဖေါင်းချွတ်ထားတဲ့ သမ္မတ တစ်ယောက် လက်အောက်မှာ ပြည်သူတွေ ဆက်ပြီး စခန်းသွားကြရဦးမှာ ဖြစ်ပါတယ်။
လောလောဆယ် မြန်မာ့နိုင်ငံရေး အခြေအနေကို ကြည့်ရင် ရပ်ကွက်ထဲကမှာ ကစားလေ့ရှိတဲ့ ဘောလုံးကစားနည်း တစ်နည်းနဲ့ အသွင်သဏ္ဍာန် တူညီနေပါတယ်။ လူ သုံးယောက်က ဘောလုံးကို တစ်ယောက်ကို တစ်ယောက် အပေးအယူ လုပ်၊ အလယ်က လူတစ်ယောက်က ဘောလုံး မရရအောင် လိုက်လု ရတဲ့ ကစားနည်းမျိုးပါ။ ဘောလုံးကို အပေးအယူ ရှိရှိနဲ့ ကစားနေသူ သုံးဦးကတော့ စစ်ဗိုလ်ချုပ်ဟောင်း နှစ်ယောက်နဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်ပါ။ အလယ်ကနေ ဘောလုံး လိုက်လုဖို့ ကြိုးစားနေရသူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။
သိပ်မကြာခင်တုန်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေး နယ်တကာလှည့် ဟောပြောပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ ဖွဲ့စည်းပုံကို လွှတ်တော်တွင်းမှာပဲ ပြင်နိုင်အောင် ကြိုးစားမယ်၊ မဖြစ်နိုင်ရင်တော့ အခြားနည်းသုံးမယ်၊ ဘယ်နည်းဖြစ်ဖြစ် ငြိမ်းချမ်းတဲ့ နည်းလမ်းပဲ ဖြစ်မယ် လို့ ပြောဆိုခဲ့ပါတယ်။ အခုတော့ အာဏာကို မြဲမြဲမြံမြံ ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေကတော့ “အချိန်ဆွဲ” တဲ့ နည်းဗျူဟာကို အသုံးချနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ဒါကို ဘယ်လို ရင်ဆိုင် ကျော်ဖြတ်မလဲ ဆိုတာကို စောင့်ကြည့်ဖို့ပဲ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်