Pages

Subscribe:

Wednesday, June 26, 2013

အချိုးကျ ကိုယ်စားပြု ပီအာစနစ်ကို အကောင်အထည်ဖော်ရန် သမ္မတအကြံပေး အဖွဲ့က သမ္မတအား တိုက်တွန်းထားသော်လည်း စနစ်မှာ ရှုပ်ထွေး၍ ရွေးကောက်ပွဲ ကော်မရှင်မှ မလုပ်လို

6.24.1


အချိုးကျ ကိုယ်စားပြု စနစ်အား အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတအား သမ္မတ၏ အကြံပေးအဖွဲ့မှ တိုက်တွန်းထားကြောင်း The Educational Initiatives မှ Mr. Igor Blazevic က ပြောကြားသည်။

''သမ္မတရဲ့ အကြံပေးအဖွဲ့နဲ့တွေ့တော့ သူတို့က ဒီစနစ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတယ်လို့ ပြောခဲ့တယ်။ ရွေးကောက်ပွဲကော်မရှင်က လူတွေနဲ့ စကားပြောကြည့်တော့ ဒီစနစ်က အရမ်းရှုပ်လို့ မလုပ်ချင်ဘူး ပြောပါတယ်'' ဟု Mr. Igor Blazevic က ပြောကြားသည်။

''အချိုးကျ ကိုယ်စားပြု စနစ်မှာဆိုရင် မဲဆန္ဒနယ် အကြီးကြီး သတ်မှတ်ပြီး ကိုယ်စားလှယ် ၁၀ ဦးဆိုပါတော့။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရာခိုင်နှုန်း ၅၀ မဲရမယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရာခိုင်နှုန်း ၃၀ မဲရမယ်။ ကျန်တဲ့ ပါတီငယ်လေးတွေနဲ့ တိုင်းရင်းသားပါတီတွေက ရာခိုင်နှုန်း ၂၀ ရမယ်ဆိုရင် ပါတီတိုင်း လွှတ်တော်အတွင်း ရောက်သွားမယ်'' ဟု Mr. Igor Blazevic က ပြောကြားသည်။

ပီအာစနစ်ကို ကျင့်သုံး အကောင်အထည်ဖော်မည် ဆိုပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲ အနေအထားများအရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲရာခိုင်နှုန်း ၄၀ ခန့်၊ လက်ရှိအာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲရာခိုင်နှုန်း ၂၀ ခန့်နှင့် ကျန်ပါတီငယ်များမှာ ရာခိုင်နှုန်း ၂၀ ခန့် မဲရနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

''အချိုးကျ ကိုယ်စားပြုစနစ်က သူ့ဘာသာဆိုရင် မဆိုးပေမယ့် မြန်မာနိုင်ငံအတွက် ဆိုးနေတာက လွှတ်တော်တွင်းမှာ တပ်မတော်သား ရာခိုင်နှုန်း ၂၅ ရှိနေတာပါ။ ပြည်ခိုင်ဖြိုးအနေနဲ့ အခုထက် ပိုကြိုးစားရင် ၂၀၁၅ မှာ ရာခိုင်နှုန်း ၂၀ အထက် ရသွားနိုင်တယ်။ ရှိနှင့်ပြီးသား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းရင် ၅၀ ရာခိုင်နှုန်းနီးပါး ဖြစ်သွားမယ်။ သူတို့ အစိုးရဖွဲ့ဖို့လိုတဲ့ ငါးရာခိုင်နှုန်းလောက်ကို ပါတီငယ်လေးတွေနဲ့ တိုင်းရင်းသား ပါတီတွေဆီကနေ မက်လုံးပေးတာမျိုးဖြစ်ဖြစ်၊ မင်း မဲဆန္ဒနယ်တွေကို ဘာမှ ထောက်ပံ့ မပေးဘူးဆိုတာမျိုး ခြိမ်းခြောက်တာမျိုး ဖြစ်ဖြစ်နဲ့ အစိုးရအဖွဲ့ ဖွဲ့နိုင်အောင် လုပ်သွားလိမ့်မယ်'' ဟု Mr. Igor Blazevic က ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ပါတီငယ်များ များပြားနေရန် လိုအပ်ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် လက်ရှိကာလတွင် ပါတီငယ်များ ဖွဲ့စည်းစေရန် လုပ်ဆောင်စေမည်ဖြစ်ပြီး ထိုသို့ ပါတီငယ်များ များပြားလာခြင်းဖြင့် ပြိုင်ဘက် အတိုက်အခံ ပါတီ၏ မဲရရှိမှုကို လျော့ချနိုင်မည် ဖြစ်သကဲ့သို့ အစိုးရအဖွဲ့ဖွဲ့ရန် လိုအပ်နေသည့် မဲများကိုလည်း ရယူနိုင်မည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

''အခုအချိန်မှာ အစိုးရအဖွဲ့ အနေနဲ့ လူတိုင်းကို ပါတီထောင်စေ ချင်နေမှာပဲ။ ဒီလို ပါတီတွေများလာရင် ပါတီရပ်တည်နိုင်ဖို့ ရန်ပုံငွေ အခက်အခဲတွေ များလာနိုင်သလို သူတို့အနေနဲ့ အတိုက်အခံ ပါတီကိုလည်း မဲရရှိမှု လျော့ချနိုင်လိမ့်မယ်'' ဟု Mr. Igor Blazevic က ဆက်လက် ပြောကြားသည်။

လက်ရှိ အာဏာရပါတီ အနေဖြင့် ပါတီငယ်များ အများအပြား ထူထောင်ရန် လုပ်ဆောင်မည် ဖြစ်သော်လည်း ပါတီငယ်များ စုပေါင်း၍ အတိုက်အခံ အင်အားစု တစ်ခုအဖြစ် ကြီးထွားလာမည်ကို နှစ်လိုမည် မဟုတ်ဘဲ ထိုသို့ ညွန့်ပေါင်းအင်အားစု တစ်ခုအဖြစ် ပေါ်ထွက်မလာစေရန် ကြံဆောင်မည် ဖြစ်ကြောင်းလည်း ယင်းက သုံးသပ်သည်။

''အချိုးကျ ကိုယ်စားပြုစနစ် အကောင်အထည် ပေါ်လာတာနဲ့ ပါတီငယ်လေးတွေ သူတို့ဆွဲဆောင်မှုနောက် ပါမသွားအောင် အတတ်နိုင်ဆုံး ကာကွယ်ရမယ်'' ဟု Mr. Igor Blazevic က ဆက်လက် ပြောကြားခဲ့သည်။
အချိုးကျ ကိုယ်စားပြုစနစ်အား မြန်မာနိုင်ငံတွင် ကျင့်သုံးရန် လက်ရှိ အာဏာရပါတီ အပါအ၀င် ပါတီငယ်အချို့မှ လိုလားနေသော်လည်း အင်အားကြီး အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများမှာ အဆိုပါ စနစ်အား လက်မခံနိုင်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။

(eleven)

0 comments:

Post a Comment