Pages

Subscribe:

Monday, December 30, 2013

ရွေးကောက်ပွဲစနစ် ပြင်ဆင်ပါက မြန်မာ့နိုင်ငံရေး အကျပ်အတည်း လွတ်မြောက်နိုင်ဖွယ်ရှိဟု လာရီဒိုင်းမွန်းဆို

ဘက်စုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နေသည် ဆိုသော မြန်မာနိုင်ငံအနေနှင့် လက်ရှိ ကျင့်သုံးနေေ သာ ရွေးကောက်ပွဲ စနစ် ပြင်ဆင်နိုင်ပါက လတ်တလော ကြုံတွေ့နေရသည့် နိုင်ငံရေး အကျပ်အတည်းများမှ လွတ်မြောက်နိုင်ဖွယ် ရှိကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ နိုင်ငံရေးသိပ္ပံ ပါမောက္ခ လာရီဒိုင်းမွန်းက ပြောကြားသည်။

ရန်ကုန်မြို့ Orchid ဟိုတယ်၌ ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် “မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေးပဋိညာဉ် မရှိခြင်း အန္တရာယ်” အမည်ရှိ ဟောပြော ဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စု စတန်းဖို့စ် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦး ဖြစ်သူ လာရီဒိုင်းမွန်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အခြေခံဥပဒေတွင် တပ်မတော်က ကျောထောက်နောက်ခံ ပြုထားသည့် ပါတီကို အကာအကွယ် ပေးနိုင်မည့် အချက်အလက်များ ထည့်သွင်း ထားခြင်းကြောင့် မြန်မာနိုင်ငံရေး အကျပ်အတည်းများ ပေါ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ အချက်များသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ခဲ့သည့် ယခင်အစိုးရ ခေါင်းဆောင်များ ပါဝင်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကဲ့သို့ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်မည်ကို ကြိုတင် ကာကွယ်သည့် အနေနှင့် အခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။“အုပ်စိုးသူနဲ့ အတိုက်အခံအကြား နှစ်ဖက် အပြန်အလှန် ယုံကြည်မှုရဖို့နဲ့ လက်ရှိကြုံနေတဲ့ နိုင်ငံရေး အကျပ်အတည်းက လွတ်ဖို့ ရွေးကောက်ပွဲစနစ်ကို အချိုးကျ ကိုယ်စားပြုစနစ် (PR) သို့ ပြောင်းလဲကျင့် သုံးခြင်းက အဖြေတစ်ခု ဖြစ်နိုင်ပါတယ်” ဟု လာရီဒိုင်းမွန်းက ရှင်းပြသည်။

ရွေးကောက်ပွဲစနစ်တွင် PR ကို ကျင့်သုံးခြင်းမှာ ဒီမိုကရေစီ နည်းလမ်းတကျ ဖြစ်စေရေး အကောင်းဆုံး နည်းလမ်းတစ် ရပ် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ အကူးအပြောင်း ကာလတွင် ဦးစားပေး အနေနှင့် သတ်မှတ်ရန် သင့် မသင့်ကို ဝိုင်းဝန်း စဉ်းစားရန် လိုအပ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲ ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်သို့ တင်ပြခဲ့သော် လည်း လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်သည့် အချိန်မှသာ ရွေးကောက်ပွဲစနစ် ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးတော့မည် မဟုတ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားထားသည်။

သို့သော် မြန်မာနိုင်ငံအတွက် လာမည့် ရွေးကောက်ပွဲများမှာ အချိန် ၂ နှစ် ခန့် လိုအပ်နေသေးပြီး ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့် သုံးခြင်းမှာ အခြေခံဥပဒေ ပြင်ဆင်ခြင်းကဲ့သို့ ရှုပ်ထွေးမှုများ မရှိနိုင်သဖြင့် စဉ်းစားသင့်ကြောင်း ပါမောက္ခ လာရီဒိုင်းမွန်း က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေသည့် အခြေခံဥပဒေ အကျပ်အတည်း အပါအဝင်၊ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ တင်းမာမှုများနှင့် အပြောင်းအလဲများ ရပ်တန့်နေခြင်းကို စိုးရိမ်မိကြောင်း၊ သို့သော် အခြေခံဥပဒေကို ပြင်ဆင်ခြင်း မပြုလျှင်ပင် ရွေးကောက်ပွဲကို သပိတ်မမှောက်ဟု ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီက ဆုံးဖြတ်ခြင်းမှာ ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ကြောင်း ၎င်းကဆိုသည်။

Journal of Democracy ကို ဦးဆောင် တည်ထောင်ခဲ့သူ ပါမောက္ခ လာရီဒိုင်းမွန်းသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်များကို အထူးပြု လေ့လာသူ တစ်ဦးဖြစ်ပြီး ဒီမိုကရေစီ ကျမ်းစာအုပ် ၃၀ ကျော်ကို တည်းဖြတ် ထုတ်ဝေထားကာ လက်တွေ့ကျပြီး အပြုသဘော ဆောင်သည့် ထောက်ပြဝေဖန်မှု များကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်နေသည့် အစိုးရများနှင့် အတိုက်အခံများ၏ အထူးဂရုပြုမှု ရရှိထားသူလည်း ဖြစ်သည်။

The Voice

ဒေါ်စု သမ္မတဖြစ်လျှင်


ဒေါ်စုသာသမ္မတဖြစ်ရင် အရင်ဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ၊ ချေးငွေတွေနဲ့ Aidsဆိုတဲ့ ထောက်ပံ့ငွေတွေ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သိသိသာသာတိုးပွားလာဖို့က မလွဲဧကန်ဖြစ်ပါတယ်။ နောက် ထပ်သေချာပေါက်ရ မယ့်ရလဒ်ကတော့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲ နိုင်ငံတကာက အပြည့်အဝ အသိအမှတ်ပြုခြင်းနဲ့ တပ်မတော်ရဲ့ ဂုဏ်ရှိန် ဂုဏ်ဝါ အထွတ်အထိပ်သို့ပြန်လည်ရောက်ရှိခြင်းတို့ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ၊ အကူအညီတေ၊ွ ချေးငွေတွေက တိုင်းပြည်စီးပွားရေးကို သိသိသာသာတိုးတက်ကောင်းမွန်စေဖို့ အရေးအပါဆုံး အထောက်အပံ့တွေထဲက တစ်ခုဖြစ်ပြီး ပြည်တွင်းက အခြေခံအဆောက်အဦ များ တည်ဆောက်နိုင်တဲ့အတိုင်းအတာပေါ်မူတည်လို့
အာရှမှာ မြန်မာ့ရပ်တည်ချက်ဟာ တမုဟုတ်ချင်း အနေအထားပြောင်းလဲနိုင်တာဖြစ်ပါတယ်။နိုင်ငံတကာရဲ့လက် ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအပေါ်ယုံကြည်လက်ခံမှုဟာ ဒေါ်စုသမ္မတရာထူးအရွေးချယ်ခံပိုင်ခွင့် အပေါ် များစွာမူတည်နေပြီး အထူးသဖြင့် အနောက်တိုင်းက ဒီမိုကရေစီတောင့်တင်းပြီးသား နိုင်ငံတို့ဟာ သမ္မတရာထူးဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များဖြစ်တဲ့
၅၉ ( စ ) အပေါ်ကို အထူးသဖြင့် အာရုံစူးစိုက်ထားကြတာဖြစ်ပါတယ်။

ဒေါ်စုသာ သမ္မတရာထူးရခဲ့ရင် စီးပွားရေးအရ သေချာပေါက်တိုးတက်မှုဟာ အတိုင်းအတာတစ်ခုအထိသေချာပေါက် အရှိန်ရလာနိုင် တယ်လို့ခန့်မှန်းကြည့်နိုင်ပေမယ့် နိုင်ငံရေးအရတော့ ပြည်တွင်းက အင်အားစုအားလုံး လက်ခံနိုင်တဲ့ အနေအထားကို ချက် ချင်းရောက်ရှိမှာမဟုတ်သေးပါဘူး။တစ်နည်းပြောရရင် ၂၀၁၅ ခုနှစ်မှာ ဒေါ်စုသမ္မတဖြစ်ရုံနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အပြည့်အဝဖြစ်ထွန်းပြီလို့ ပြောလို့လုံးဝ မရသေးပါဘူး။ ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ဖို့က လုပ်စရာတွေ အများကြီးရှိနေဦးမယ်ဆိုတာ သတိပြုရပါလိမ့်မယ်။ ဖက်ဒရယ်ဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုနဲ့ တခြားသော နိုင်ငံရေးအရ ဖြစ်ထွန်းမှုတချို့တော့ရှိလာမှာဖြစ်ပေမယ့် ၂၅ ရာခိုင်နှုန်းကိုလွှတ်တော်တွင်းမှ ဖယ်ရှားရေးကိစ္စကိုချက်ချင်းလက်ငင်းကိုင်တွယ်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်သေးဘဲ ဒါဟာ စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူညှိနှိုင်းသင့်တဲ့ကိစ္စလည်းဖြစ်ပါတယ်။

ဒေါ်စုသမ္မတဖြစ်ရေးဟာ နှစ်ဖက် ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ တည်ဆောက်နိုင်ခဲ့ရင် ၅၉ (စ )ကိုပြင်ဆင်တဲ့နည်းအားဖြင့် လည်းကောင်း၊သို့တည်းမဟုတ် ဒေါ်စုအနေနဲ့ ၅၉ ( စ )နဲ့ကိုက်ညီမယ့်အနေအထားကို ဖန်တီးပေးခြင်းအားဖြင့်လည်းကောင်း အလွယ်တကူ ပြေလည်သွားနိုင်တာလည်းဖြစ်ပါတယ်။ နှစ်ဖက် ယုံကြည်မှုကိုအမှန်တစ်ကယ်တည်ဆောက်နိုင်ရင် ဒီနည်း လမ်းနှစ် ခုစလုံးက( နည်းလမ်းတစ်ခုခုက ) အလုပ်ဖြစ်နိုင်တဲ့နည်းလမ်းများ ဖြစ်လာနိုင်ပါတယ်။

တပ်မတော်အနေနဲ့ကလည်း ပြည်ထောင်စုမပြိုကွဲရေးနဲ့ အထူးသဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရရှိထားတဲ့position ကို မထိပါးသရွေ့ ကျန်တာအားလုံးကို လိုက်လျောနိုင်စရာ ရှိပါတယ်။ဒေါ်စုသမ္မ တဖြစ်ခဲ့ ရင်တိုင်းရင်းသားတို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာလိုလားချက်များ၊ လူထုရဲ့ ဖွံ့ဖြိုးတိုးတက်လိုသောဆန္ဒများနဲ့ ဒေါ်စုအပေါ် ထားရှိတဲ့ မျှော်လင့်ချက်များ ဟာဒေါ်စုအတွက် စိန်ခေါ်မှုတွေ သေချာပေါက်ဖြစ်လာမှာပါ။ ဒေါ်စုအနေနဲ့လည်း သက်တမ်းငါးနှစ်တာကလအတွင်းမှာ အလုံးစုံသော မျှော်လင့်ချက်များကို ဘယ်လိုမှ ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေး၊ ရေ မီးရရှိရေးနဲ့ လူသားရင်းမြစ်ဖွံ့ဖြိုးမှုဆိုင်ရာအခက်အခဲတွေက၂၀၁၅နောက် ပိုင်းကာလ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ဖင့်နှေးစေမယ်ဖြစ်ပါတယ်။ဘယ်ပါတီကပဲအစိုးရဖွဲ့ဖွဲ့ ဘယ်သူပဲသမ္မ တ ဖြစ်ဖြစ် ဒီအချက်ကို သန်းခြောက်ဆယ်သော လူထုတစ်ရပ်လုံးနဲ့အတူ တပ်မတော်အပါအဝင် Stakeholder များအားလုံးတို့က ကြိုတင် တွက်ဆပြင်ဆင်ထားဖို့ တော်တော်အရေးကြီးလှပါတယ်။ အထူးသဖြင့် ဒေါ်စုသာသမ္မတလောင်းဖြစ်ခွင့်ရခဲ့ရင် တခြားသောသမ္မတလောင်းများထက် ပိုပြီးဂရုပြုရမယ့် အချက်ဖြစ်ပါတယ်။ တပ်မတော်ကျောထောက်နောက်ခံရှိတဲ့သမ္မတလောင်း သို့မဟုတ် တပ်မတော်နဲ့ နားလည်မှုအပြည့်အဝရရှိပြီးသားသမ္မတလောင်းထက် ဒေါ်စုက သမ္မတဖြစ်လာတဲ့အခါ ပိုမိုများပြားတဲ့ဖိ အားတွေကိုရင်ဆိုင်ရနိုင်ပြီး ဖြေရှင်းရလည်းခက်ခဲမယ့်ပြသနာတွေဖြစ်နေတာကြောင့်ပါ။ဒါပေမယ့် အမျိုးသားပြည်လည်စည်းလုံး ညီညွတ်ရေးကိုသာ အခိုင်အမာတည်ဆောက်နိုင်ရင်တော့ဒီကိစ္စဟာလည်း လက်တွဲပြီးဝိုင်းဝန်းဖြေရှင်းလို့ရတဲ့ သာမန် အသေး အဖွဲတွေဖြစ်သွားနိုင်ပါတယ်။ ရင်ကြားစေ့ရေးကိုတောင်ခိုင်ခိုင်မာမာ ပီပီပြင်ပြင်မလုပ်နိုင်သေးတော့အမျိုးသားပြန်လည်စည်း လုံးညီညွတ်ရေးကို နှစ်နှစ်အတွင်းတည်ဆောက်ပြီးဆီးနိုင်မလားဆိုတာလည်း အရေးတကြီး မေးရမယ့်မေးခွန်းတစ်ခုဖြစ်နေပါတယ်။

ဒေါ်စုကို သမ္မတဖြစ်ခွင့်ပြုဖို့ တစ်ဖက် ( တပ်နဲ့ အာဏာရပါတီဖက် )ကစဉ်းစားပြီဆိုရင်လည်း ၂၀၁၅ မတိုင်ခင်မှာ တိုင်းရင်းသားများ၊ ပါတီများ၊ တပ်မတော်နဲ့လူမှုအဖွဲ့အစည်းအသီးသီးတို့ဟာ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် preelection condition များအတွက် သေချာပေါက်တွေ့ဆုံညှိနှိုင်းဆုံးဖြတ် သဘောတူညီချက်ရယူကြရမှာဖြစ်ပါတယ်။အကြောင်းကတော့၂၀၁၅ ရွေးေ ကာက်ပွဲကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့နဲ့ ၂၀၁၅အလွန် နိုင်ငံရေးခရီး ကိုတည်တည်ငြိမ်ငြိမ်ဆက်လက်လျှောက် လှမ်းနိုင်ရေး အတွက် သက်ဆိုင်သူအားလုံးကြိုတင်နားလည်မှုရယူထားဖို့ မဖြစ်မနေလိုအပ်တာကြောင့်ဖြစ်ပါတယ်။

stakeholder များအားလုံးက အမြော်အမြင်၊ရိုးသားမှု ၊ လိမ်မာပါးနပ်မှု ၊စိတ်ရှည်သည်းခံမှုနဲ့ အမျိုးသားရေးစိတ်ဓါတ် တို့ကိုအခြေခံပြီးကြိုးပမ်းနိုင်ရင်လည်း ဒေါ်စု သမ္မတဖြစ်ခွင့်ရတဲ့အခါနိုင်ငံရေးအပြောင်းအလဲရဲ့ ဒုတိယမြောက် အစိုးရနဲ့လွှတ်တော် သက်တမ်းအတွင်း အပြောင်းအလဲရဲ့အရှိန်အဟုနကို သိသိသာသာမြှင့်ယူနိုင်ပါတယ်။ တစ်နည်းပြောရရင် ဒီမိုကရေစီကို ပိုပြီးမြန်မြန်ဆန်ဆန်ရနိုင်ဖို့မျှော်လင့်လို့ရလာနိုင်ပါတယ်။

ဒေါ်စု သမ္မတလောင်းအဖြစ် ရွေးချယ်ခံခွင့်ရ မရ ကိစ္စက ၂၀၁၄ ခုနှစ်အတွင်း အဖြေထွက်မယ်လို့ ယူဆရပါတယ်။ အခုအခါမှာတော့ ဒီအဖြေအတွက် အဓိက အတားအဆီး ဒါမှမဟုတ် ဆုံးဖြတ်ခွင့်ဟာ တပ်မတော်ခေါင်းဆောင်များရဲ့ လက်မှာရှိတယ်လို့ ခိုင်မာစွာ ယူဆထားချက်ဟာပြောင်းလဲတော့မယ့်အရိပ်လက္ခဏာများပေါ်လာပြီဖြစ်ပါတယ်။ ဒေါ်စုရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ
လူထု စုဝေးပွဲတွေ အရှိန်မြင့်လာတဲ့အချိန်မှာပဲ တပ်မတော်က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့ကန့် ကွက်မယ်မဟုတ်ကြောင်းအတိအလင်းထုတ်ဖော်ပြောဆိုလိုက်ခြင်း၊ ပြင်ဆင်ရေးဆိုင်ရာ တပ်မတော်သဘောထားများကို လွှတ်တော် ပြင်ဆင်ရေးဆိုင်ရာ သုံးသပ်ရေးကော်မတီသို့ တင်ပြဖို့ရှိခြင်း တို့ကြောင့် တပ်မတော်က ပြင်ဆင်ရေးရဲ့အဓိက အတားအဆီးလို့ရှုမြင်နေမှုများကို ပြန်လည်သုံးသပ်မှုများရှိလာနိုင်ပါတယ်။တပ်မတော်ရဲ့ အခု ခြေလှမ်းတစ်လှမ်းဟာ နိုင်ငံတော် တိုးတက်ရေး၊ဒီမိုကရေစီ ပေါ်ပေါက်ရေးတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေတာဖြစ်ပြီး တပ်မတော်က ပြောသလို အမှန်တစ်ကယ် ရပ်တည်မယ်လို့လည်း ယုံကြည်ရပါတယ်။ အမှန်တစ်ကယ်သာ တပ်မတော်က ပြင်ဆင်ရေး အတားအဆီးမဟုတ်ခဲ့ရင်မြန်မာ့ နိုင် ငံရေးလမ်းကြောင်းဟာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲတော့မှာဖြစ်ပြီး လူထုနဲ့တပ်မတော်ကြား စည်းလုံးညီညွတ်မှုရရှိရန် လည်း မဝေးတော့ဘူးလို့ ပြောလို့ရပါတယ်။

ဒေါ်စုသမ္မတဖြစ်ခဲ့ရင် နိုင်ငံတော်အချုပ်အခြာအာဏာကိုမထိပါးနိုင်ဘူးလို့ တပ်မတော်က ယုံကြည်လောက်တဲ့ အနေအထားရှိရင် တစ်နည်းအားဖြင့် နိုင်ငံတော်တည်ငြိမ်ရေးကိုမထိခိုက်နိုင်ဘူးလို့ တပ်မတော်က စိတ်ချလက်ချရှိခဲ့ရင် တစ်ကယ်တမ်းဒေါ်စုအနေနဲ့ သမ္မတရာထူးယှဉ်ပြိုင်ခွင့်ရရေးအဓိက ကျော်ဖြတ်ရမှာကတပ်မတော်မဟုတ်ဘဲ အာဏာရပါတီကြီးဖြစ်သာပါလိမ့်မယ်။ ဒီလထဲ ကျင်းပဖို့ရှိတဲ့ ပြည်ခိုင်ဖြိုးပါတီအစည်းအေဝေးဟာ ပြင်ဆင်ရေးအတွက် အဆုံးအဖြတ်ဖြစ်နိုင်ပြီး တစ်ညီတစ်ညွတ်ထဲ ပြင် ဆင်ရေး ဆိုင်ရာလိုက်လျောမှုများကိုပြုလုပ်ဖို့ဆုံးဖြတ်မလားဆိုတာကတော့ စောင့်ကြည်ရရမှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအမတ်များက တစ်ညီ တစ်ညွတ်သော်လည်းကောင်း အများစုကသော်လည်းကောင်း ပြင်ဆင်ရေးဆိုင်ရာ လိုက်လျောမှုများပြုလုပ်ဖို့ထောက် ခံခဲ့ရင်တော့ ဒေါ်စုအတွက် လမ်းပွင့်သွားဖို့ရှိပါတယ်။တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် များနဲ့ အတိုက်အခံ အမတ်များ ပေါင်းရင် ကန့်ကွက်မယ့်ပါတီတချို့ရှိခဲ့ရင်တောင် ပြင်ဆင်ရေးအတွက်လိုအပ်နေတဲ့ ၇၅ ရာခိုင်နှုန်းကျော်ရရှိနိုင်တာကြောင့်ဖြစ်ပါတယ်။

တစ်ကယ်လို့ ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးက ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အတိုက်အခံတို့လိုလားတဲ့အနေအထားအထိ လိုက်လျောရန် ဆုံးဖြတ်မပေးနိုင်ရင်တော့ ၂၀၁၅ မတိုင်ခင် အခြေခံဥပဒေကို အတိုက်အခံတို့ လိုလားတဲ့ အနေအထား ၊ဒေါ်စု သမ္မတရာထူးရွေးချယ်ခွင့်ရရှိမယ့်အနေအထား ဖြစ်လာဖို့ခက်ခဲနေဦးမှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အာဏာလက် လွတ်ဖြစ်မယ့်အနေအထားကို အမှန်တစ်ကယ်ပဲ ပြောင်းလဲပေးမလားဆိုတာကတော့ စိတ်ဝင်စားဖွယ်အကောင်း ဆုံး မေးခွန်းဖြစ် လာပါပြီ။

တပ်မတော်ဟာ အခြေခံဥပဒေမှာ ဆုံးဖြတ်ခွင့်အတွက်အရေးပါတဲ့ ရာခိုင်နှုန်းတစ်ခုကိုအခိုင်အမာပြဌာန်းပြီးရယူထားခဲ့တာကြောင့် ဒီအနေအထားဟာ ဒေါ်စုကို တပ်မတော်က ဟန့်တားထားလိုခြင်းဖြစ်တယ်၊ ဒီမိုကရေစီကိုဦးတည်ပြီး အမှန်တစ်ကယ်ပြောင်း လဲမပေးလိုခြင်းကြောင့်ဖြစ်တယ်ဆိုတဲ့ အယူအဆများကိုလည်း မကြာခင်ချေဖျက်ပစ်နိုင်တော့မယ် လို့ယူဆရပြီးတစ်ကယ်သာ တပ်မတော်က ပြင်ဆင်ရေးဆိုင်ရာလိုက်လျောမှုများပြုလုပ်ပေးခဲ့ရင်တော့ အားလုံးရဲ့ ယူဆချက်များကို ပြန်လည်သုံးသပ် ရတော့မှာဖြစ်ပါတယ်။

သေချာတာကတော့ ဒေါ်စုသမ္မတ ဖြစ်ရေးကိစ္စဟာ အလားအလာတချို့ရှိလာနေသော်ငြားလည်းသေချာရေ ရာမှုမရှိသေးဘူး လို့ကောက်ချက်ဆွဲနိုင်ပါတယ်။ကြိုတင်သဘောတူညီချက်များ ဘယ်လောက်ရရှိထားသည်ဖြစ်စေ တပ်မတော်က ကြီးကြီးမားမား လိုက်လျောနိုင်သည်ဖြစ်စေ နောက်ဆုံးလွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့စတင်ရမှာဖြစ်တဲ့ ပြင်ဆင်ရေးကိစ္စဟာ တိတိကျကျခန့်မှန်းပြော ဆိုဖို့ရာ ခက်ခဲနေသေးတာတွေ့ရပါတယ်။

ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်း ၊ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှု၊ နိုင်ငံတော်တည်ငြိမ်ရေးစတဲ့ကိစ္စများဟာ တစ်ခုနဲ့တစ် ခု သေသေချာချာ ချိတ်ဆက်နေတာဖြစ်ပြီး အတိမ်းအစောင်းခံနိုင်တဲ့အနေအထားကိုလည်း မရောက်သေးတာ အမှန်ဖြစ် ပါတယ်။၂၀၁၅ခုနှစ်မှာဒီမိုကရေစီ ရရှိဦးမှာမဟုတ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အလွန်အကျွံမျှော်လင့်လို့ မရကြောင်း၊ ပြင်ဆင်ရေးကလည်း ဒီမိုကရေစီနဲ့ လုံးဝကိုက်ညီတဲ့အထိမဖြစ်နိုင်သေးကြောင်းအားလုံးက ကြိုတင်လက်ခံ ထားပြီး ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲကိုဖြတ်သန်းကြဖို့ဖြစ်ပါတယ်။

၂၀၁၅ မှာ သမ္မတလောင်းအဖြစ် အရွေးချယ်ခံခွင့်ရခဲ့ရင် ဒေါ်စုဟာ သမ္မတရာထူးရယူရန်အလားအ လာကောင်းတဲ့သမ္မ တလောင်းဖြစ်လာတော့မှာဖြစ်ပြီး သမ္မတသာဖြစ်ခဲ့ရင် လည်း ဒေါ်စုအနေနဲ့ အခုထက်အများကြီးပိုမိုခက်ခဲတဲ့ ခရီးကြမ်း ကိုလျှောက်လှမ်းရပါလိမ့်မယ်။ ပါတီကို စိတ်ချလက်ချ ထားခဲ့ဖို့၊ လူထုရဲ့မျှော်လင့်ချက်များဖြည့်ဆည်းပေးနိုင်ဖို့၊ ဖက်ဒရယ် နဲ့တန်းတူညီမျှရေးဆိုင်ရာ ဖိအားများကို ရင်ဆိုင်ဖို့ ၊အင်အားကောင်းလှတဲ့ အမျိုးသားရေးဝါဒီတို့ကို စိတ်ကျေနပ် မှုပေးနိုင်ဖို့ ၊တစ်ဖက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ တည်ဆောက်မှုများကိုလည်း မြှင့်တင်ဆောင်ရွက်နိုင်ဖို့ ၊အစိုးရ ယန္တရားကြီးကို အကြီးအကျယ် reform ပြုလုပ်ဖို့၊ စွမ်းရည်ပြည့်ဝတဲ့ ကက်ဘိနက်ဖွဲ့နိုင်ဖို့၊ တပ်မတော်နဲ့ နားလည်မှုရှိရှိလ က်တွဲ လုပ်ဆောင်နိုင်ဖို့၊လူထုရဲ့စွမ်းရည်ကို ဒီမိုကရေစီနဲ့ကိုက်ညီအောင် ဦးဆောင်မြှင့်တင်ပေးနိုင်ဖို့နဲ့အထူး သဖြင့်တိုင်းပြည်ကိုဒီမို ကရေစီတည်ဆောက်ရေးလမ်းပေါ်ကနေချော်ထွက်မသွားအောင် ထိန်းသိမ်းပေးဖို့ စတဲ့ စိန်ခေါ်မှုတွေ က ဒေါ်စုကို ဆည်းကြိုနေမှာ မုချဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်စု သမ္မတဖြစ်ခဲ့ရင် အားလုံးက အခုထက် ပိုသဘောထားကြီးကြဖို့၊ အခုထက်ပိုပြီး စိတ်ရှည်သည်း ခံကြဖို့နဲ့အခုထက်ပိုပြီးအလုပ်လုပ်ကြဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။နိုင်ငံတကာအသိုင်းအဝိုင်းကလည်းအထူးတလည်မျှော်လင့်ထားတာဖြစ်လေတော့ သေချာပေါက် ကြိုတင်တွက်ဆဖို့မလွယ်သေးတာမှန်ပေမယ့် ဒေါ်စုသာသမ္မတရာထူးကိုရယူထမ်းဆောင်ခွင့်ရခဲ့ရင်ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပုံရိပ်ဟာ နိုင်ငံတကာအမြင်မှာ အခုထက်ပိုပြီး လင်းလက်တောက်ပလာနိုင်တာဖြစ်သ လို နှစ်ပေါင်းငါး ဆယ်ကြာအောင် မှေးမှန်နေ ခဲ့တဲ့ တပ်မတော်ရဲ့ ပုံရိပ်ကလည်း အံ့မခန်း ပြောင်းလဲသွားပါလိမ့်မယ်။သန်းခြောက်ဆယ်သောလူထုနဲ့ stakeholder အားလုံး ကသာ စိတ်ရှည် သည်းခံမှု နဲ့ လုံ့လဝိရီယများကို အချိုးညီညီပေါင်းစပ်ပြီး ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် ဒီမိုကရေစီပန်းတိုင် ကိုလည်း အမြန်ဆုံးအရောက်လှမ်းနိုင်ဖို့ရာလည်း ပိုမိုလျှင်မြန်သွားနိုင်မယ်ဖြစ်ပါကြောင်း။ ။

ပိုက်တင်

Sunday, December 29, 2013

သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉ (စ) အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အတိုက်အခံ NLD ပါတီ ရွေးကောက်ပွဲဝင်မည်

F.28.12
ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် NLD ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ဦးဥာဏ်ဝင်းက မီဒီယာများ၏ မေးခွန်းများကို ဖြေကြားစဉ်
သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉(စ)အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူများက ဒီဇင်ဘာ ၂၈ ရက် ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။
အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ပြောကြားချက်နှင့် ပတ်သက်၍ မီဒီယာအချို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပါက NLD ပါတီ ရွေးကောက်ပွဲမ၀င်ဟု ဖော်ပြခဲ့မှု များအပေါ် ပြောရေး ဆိုခွင့်ရှိသူများက ပြန်လည်ငြင်းဆိုခဲ့ပြီး ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
 ဒီထက်ပိုပြီး တိကျအောင်ပြောရရင် ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ကိုဝင်မယ်။ NLD က ၀င်ပြိုင်မယ်ဆိုတာ အစကတည်းက ဆုံးဖြတ်ထားတာ။ ပြင်ရင်ဝင်မယ်။ မပြင်ရင်မ၀င်ဘူးဆိုတာ မရှိဘူး။ ၀င်ကိုဝင်မှာ။ နဂိုကတည်းက ဆုံးဖြတ်ပြီးသား . . .



"ဒီထက်ပိုပြီး တိကျအောင်ပြောရရင် ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ကိုဝင်မယ်။ NLD က ၀င်ပြိုင်မယ်ဆိုတာ အစကတည်းက ဆုံးဖြတ်ထားတာ။ ပြင်ရင်ဝင်မယ်။ မပြင်ရင်မ၀င်ဘူးဆိုတာ မရှိဘူး။ ၀င်ကိုဝင်မှာ။ နဂိုကတည်းက ဆုံးဖြတ်ပြီးသား"ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သတင်းထောက်များ ကို ပြောကြားသည်။
NLD ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ဘဲ ၀င်ရောက်မယှဉ်ပြိုင်သင့်ဟုဆိုရာတွင် မိမိတို့မပြိုင်ဟုပြောခြင်းမဟုတ်ဘဲ တစ်ဖက်သတ် အသာစီးယူကာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းသည် သိက္ခာမရှိဟု ပြောခဲ့ခြင်းသည် မပြင်ဆင်လိုသည့်ပါတီများကို ရည်ညွှန်းပြောကြား ခဲ့ခြင်း သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် စကားအပေါ် ပြန်လည်ရှင်းလင်း ပြောကြားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန်အချက်ကိုလည်း ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော် မတီသို့ တင်သွင်းသည့် ၁၆၈ ချက်ပါ အစီရင်ခံစာတွင် ထည့်သွင်းထားပြီး ယင်းအချက်ကို မပြင်ဆင်ပါကလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။
NLD သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က ကတိပေးခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်မည်ဟူသော အချက်နှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်တွင်းသို့  ကိုယ်စား လှယ်အများအပြား ရောက်ရှိရေးသည် အဓိကဖြစ်သောကြောင့်ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်မှုရှိနိုင်သော်လည်း တရားမျှတမှုအတွက် သံသယဖြစ် မိကြောင်း၊ ရွေးကောက်ပွဲတွင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲထက်ပို၍ အနိုင်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။
ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် NLD တို့သည် နှ လုံးရည်ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်သည်ဟုလည်း ပါတီကြီးနှစ်ခုကြား အခြေအနေကို သုံးသပ်ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စစ်အစိုးရက အာဏာမလွှဲအပ်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံခြင်းတို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော်လည်း ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်မြေ ၄၅ နေရာအနက် ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

Eleven

ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲဝံ့စွာဆောင်ရွက်ရန် အရေးကြီးဟု အာဏာရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက် ရန်လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲ့ဝံ့စွာဆောင်ရွက်ရန် အရေး ကြီးကြောင်း အာဏာရပြည် ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အစည်းအဝေး၌ ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သူရဦးရွှေမန်းက"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပြည်တွင်းသာမက ကမ္ဘာ့နိုင်ငံများကပါ စိတ်ဝင်တ စား စောင့်ကြည့်နေကြပါတယ်။ မလုပ်တတ်၊ မကိုင်တတ်လျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန် လည် သွေးစည်းရေးတွင်လည်းကောင်း၊ မှန်ကန်စွာ မဖော်ဆောင်နိုင် လျှင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးအ တွက်လည်းကောင်း များစွာအခက်အခဲ ရှိနိုင်ပါတယ်။ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်တယ်။ မမျှော်မှန်းနိုင်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုအဖြစ်မျိုးများမဖြစ်ရလေအောင် အစဉ်အလာရှိသော မိမိတို့ပါ တီ၊ အနိုင်ရထားသောပါတီ၊ အနိုင်ရအစိုးရတို့က ဆင်ခြင်တုံတရားအပြည့်၊ ဥာဏ်ပညာ အမြော်အမြင်အပြည့် စိတ်ကောင်းစေတနာအမှန်တို့ဖြင့် ဆောင်ရွက်ပေးရန်လိုပါတယ်။ ထိုသို့ဆောင်ရွက်နိုင်ရေးမှာ ယနေ့ပြည်ထောင် စုလွှတ်တော်တွင် ဖွဲ့စည်းထားရှိသော ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ တင်ပြချက် အပေါ်ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သည်လည်းကောင်း၊ပြည်သူများ၏ ဆုံးဖြတ်ချက်များသည် လည်းကောင်း အလွန်အရေးကြီးပါတယ်။ ဒီအခွင့်အရေးကို မိမိတို့ပါတီ မိမိတို့အစိုးရနှင့် လုပ်ဖော်ကိုင်ဖက် ညီနောင်ပါတီများက မှန်မှန်ကန်ကန် ကျင့်သုံးနိုင်လျှင် မိမိတို့အမှန်တကယ် မျှော်လင့်လိုလားသည့် ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်လာ မှာဖြစ်ပါတယ်"ဟု ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက တိုင်းရင်းသား စည်းလုံးညီညွတ်မှုမရှိဘဲ အမျိုး သားပြန်လည်သင့်မြတ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ကြောင်း ပြောကြားသည်။
"ဒီအချိန်၊ ဒီကာလအတွင်း တည်ငြိမ်အေးချမ်းမှု မရှိခြင်းများကြောင့် မမျှော်မှန်းနိုင်သော ကိစ္စရပ်များဖြစ်ပေါ်လာပါက တိုင်းပြည်နာမည်နဲ့ ပြည်သူများ နစ်နာဆုံးရှုံးမှုများ ဖြစ်လာမယ်။ ဒါ့ကြောင့် ပြည်သူမျက်နှာကို ကြည့်ရမယ်။ တိုင်းပြည် မျက်နှာကို ကြည့်ရမယ်။ လူတစ်စု၊ လူတစ်ဖွဲ့၊ ပါတီတစ်ခုအတွက် ကြည့်၍မဖြစ်ပါ။ ဒါ့ကြောင့် ပြည်သူ့မျက်နှာကိုကြည့်၊ တိုင်းပြည်မျက်နှာကိုကြည့်၊ ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်ပြင်ဆင်ခြင်းအပါ အ၀င်န နိုင်ငံတော်နှင့်ဆိုင်သော အခြားသောကိစ္စရပ်များကို ဆောင်ရွက်ရာမှာ သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လို သလို ကောင်းစေဖို့အတွက် ပြောင်းလဲသင့်တာတွေကို ရဲဝံ့စွာ ဆောင်ရွက်သွားရန်လည်း အရေးကြီးပါတယ်"ဟု သူရဦးေ ရွှမန်းက ပြော ကြားသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသူများအား ပါတီသို့ရောက်ရှိလာသည့် နိုင်ငံရေးဆိုင်ရာ အကြံပြုစာများအားချပြခဲ့ပြီး အစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက်တွင် ဆက်လက်ပြုလုပ်မည်ဟု သိရသည်။
ထို့ပြင် အရေးကြီးဆုံးဖြတ်ရန်ရှိသည့် အချက်များကိုလည်း ဒီဇင်ဘာ ၂၉ ရက် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်မည်ဟု သိရသည်။
 Eleven

Saturday, December 28, 2013

အနီလား၊ အစိမ်းလား သမ္မတ ဖြစ်လို သူများနှင့် နိုင်ငံရေး သံသရာထဲက၂ဝ၁၅ ပုစ္ဆာ

၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သည် ဝေးနေသေးသည် ဟု လည်း ဆို၍ မရတော့။ ထိုရွေးကောက် ပွဲသည် မြန်မာနိုင်ငံရေး အခင်း အကျင်း အပြောင်း အလဲ များနှင့် ပရိသတ် စိတ်ဝင်တစား ရှိနေမည့် နိုင်ငံ၏ ခေါင်းဆောင် သမ္မတနေရာ အတွက် ရွေးချယ်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံး အဖြတ်ပေးမည့် အဓိက ကျ သည့် ဖြစ်စဉ် တစ်ရပ်ပင် ဖြစ်သည်။
သမ္မတ တာဝန် ထမ်းဆောင်ရန် အသင့်ဖြစ်နေကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေး ပါတီနှစ်ရပ်ဖြစ် သည့် ပြည်တောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့၏ တရားဝင် ပြောကြားထားမှုကြောင့် လည်း လူအများ စိတ်ဝင်တစား ရှိနေသည့် အ ကြောင်းရင်း လည်း ဖြစ်သည်။ ထို့ပြင် အသွင်ပြောင်း သံသရာထဲ တွင် တဝဲ လည်လည် ဖြစ်နေသည့် မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် အလှည့်အပြောင်း တစ်ခု အဖြစ်လည်း ပြည်သူများ ကမျှော်လင့်ထားကြမည်သာဖြစ်သည်။

Thursday, December 26, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတားအဆီးဖြစ်သည်ဆိုသည့် ပုဒ်မ မပြင်ရန် အကြံပြုစာ ၅၀,၀၀၀ ကျော် ရရှိထား

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အဟန့်အတားဖြစ်နေသည့် ပုဒ်မ ၅၉(စ) အပါအ၀င် ပုဒ်မ ခုနစ်ခု ကို မပြင်လိုကြောင်း ပြည်သူများ၏ အကြံပြုစာ ငါးသောင်းကျော် လက်ခံရရှိထားသည်ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မဇ္ဈိမကို ပြောသည်။

Tuesday, December 24, 2013

၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဟု သုံးသပ် (မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးနှင့် တွေ့ဆုံခြင်း)

ဦးကျော်လင်းဦးသည် မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်သည့်အပြင် မြန်မာ့ပြည်သူ့ ဖိုရမ် ကျင်းပနိုင်ရေးအတွက်လည်း ဦးဆောင်လှုပ်ရှားနေသူ တစ်ဦးဖြစ်သည်။ မြန်မာ့နိုင်ငံရေး နယ်ပယ်မှ လတ်တလော ထိပ်တန်းကိစ္စတစ်ချို့အား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ဖြစ်ခဲ့ပါသည်။(အယ်ဒီတာ တစ်ဦး)

Wednesday, December 18, 2013

(PR) စနစ်ကို ကျင့်သုံးမယ်ဆိုရင် အန္တရာယ်ကိုလည်း တားနိုင်မယ်.. ဒီမိုကရေစီလည်း ပိုမိုပီပြင်လာပါလိမ့်မယ်...


အချိုးကျကိုယ်စားလှယ်ရွေးချယ်တဲ့စနစ် (Proportional Representation) အတိုကောက်အားဖြင့် (PR) လို့ခေါ်တဲ့ စနစ်နဲ့ နောက်စနစ်တစ်ခုကတော့ အခုကျနော်တို့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ မဲများသူအနိုင်ယူစနစ် အင်္ဂလိပ်လိုတော့ ( Majority Wins) လို့လည်းခေါ်တယ်။ (First Past The Past) အတိုကောက်အားဖြင့် (FPTP) လို့လည်းခေါ်ပါတယ်။ မဲများသူအယူစနစ်ဟာ ရွေးကောက်ပွဲရယ်လို့ စလုပ်ကတည်းက ခေါ်ခဲ့တာပါ။ လူတွေက ပြိုင်ပွဲလုပ်တဲ့အခါ ဘာပြိုင်ပွဲပဲဖြစ်ဖြစ် အရှုံးအနိုင်ကို သတ်မှတ်ဆုံးဖြတ်ကြပါတယ်။ နိုင်တဲ့လူက ပျော်ကြတာပေါ့။ ရှုံးတဲ့လူက သေချင်လဲသေပေါ့။ ဒါကိုဟိုတုန်းက အားလုံးလက်ခံခဲ့ကြတာပါ။ မဲရွေးကောက်ပွဲမှာလည်း မဲရွေးသူက မဲတစ်ပြားပဲသာသာ၊ နှစ်ပြားပဲသာသာ အနိုင်ရသူလို့ အားလုံးကျေနပ်ကြတယ်။ ဒါပေမဲ့ လူတွေက စဉ်းစားလာတယ်။ ရွေးကောက်ပွဲကိုတာ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ခြင်းဖြစ်တယ်။ ဒါကြောင့်မဲဆန္ဒရှင်တို့ရဲ့ ကိုယ်စားလှယ်လွတ်တော်တွင်းရောက်ဖို့လိုတာပေါ့။ မဲဆန္ဒရှင်များကိုထောက်ခံရင်လွတ်တော်ထဲများများ
ရောက်။ မဲဆန္ဒရှင်နဲနဲက ထောက်ခံရင် လွတ်တော်ထဲနဲနဲရောက်။ ဘာပဲဖြစ်ဖြစ် မဲဆန္ဒရှင်တွေရဲ့ သဘောဆန္ဒတွေကို သူတို့မဲပေးလိုက်တဲ့ ကိုယ်စားလှယ်တွေက လွတ်တော်မှတင်ပြပေးနိုင်တာပေါ့။ ပြည်သူအကျိုးဆောင်နိုင်တာပေါ့။

ဥပမာလေးကို ဒီလိုတင်ပြချင်ပါတယ်။
ရွေးကောက်ပွဲ နယ်တစ်ခုမှာ ပါတီ (၃)ခုက ယှဉ်ပြိုင်တယ်ဆိုပါတော့။ လူကြိုက်များတဲ့ ပါတီက (၆၀)%၊ နောက်တစ်ပါတီက (၃၀)%၊ နော်တစ်ပါတီက (၁၀)%၊ အဲ့ဒီနှုံးအတိုင်း ကိုယ်စားလှယ် (၁၀၀)အတွက် ရွေးကောက်ပွဲလုပ်တယ်ဆိုရင်၊ (FPTP) စနစ်အရ (၆၀)% ဆီရတဲ့ ပါတီက ကိုယ်စားလှယ် (၁၀၀)လုံးအရွေးခံရမှာဖြစ်ပါတယ်။ (၄၀)% မဲပေးလိုက်တာကတော့ ကိုယ်စားလှယ်ဖြစ်မလာတဲ့အတွက်၊ မဲဆန္ဒရှင်တို့ရဲ့ အကျိုးလဲမဖြစ်ဖူးပေါ့။ (PR) စနစ် ရွေးကောက်ပွဲဆိုရင်တော့ ပထမပါတီက ကိုယ်စားလှယ် (၆၀) ဖြစ်မယ်။ ဒုတိယပါတီက ကိုယ်စားလှယ် (၃၀)၊ တတိယပါတီက ကိုယ်စားလှယ် (၁၀) ဦးဖြစ်မယ်။ မဲဆန္ဒရှင်အားလုံးရဲ့ ကိုယ်စားလှယ်တွေ လွတ်တော်ထဲ အားလုံးရောက်တဲ့အတွက် မဲဆန္ဒရှင်အားလုံးရဲ့ အသံတွေ လွတ်တော်ထဲမှာရှိတာပေါ့။ (FPTP) စနစ်လို ကိုယ်ကမကြိုက်လို့ ကိုယ်မဲမပေးတဲ့သူက ကိုယ်စားလှယ်အမည်ခံသွားတာ ဖြစ်စရာမရှိတော့ဘူး။

ဒါကြောင့်မဲဆန္ဒရှင်တွေကို လေးစားသောအားဖြင့်လည်းကောင်း၊ သူတို့ကိုယ်စားလှယ်တွေရှိတဲ့အတွက်၊ သူတို့အကျိုးဆောင်ရွက်ပေးနိုင်မှာဖြစ်လို့၊ ၀မ်းမြောက်ကျေနပ်ကြမှာဖြစ်ပါတယ်။

မဲရတဲ့နှုန်းတစ်ခုကို ပြောပြပါဦးမယ်။ ပထမပါတီ (၄၀)%၊ ဒုတိယပါတီ (၃၀)%၊ တတိယပါတီ (၃၀)% ရတယ်ဆိုပါတော့၊ (FPTP) စနစ်အရ (၄၀)% ရတဲ့ ပထမပါတီက ကိုယ်စားလှယ်ဖြစ်သွားတယ်။ ဒုတိယပါတီရတဲ့မဲ (၃၀)%၊ တတိယပါတီရတဲ့မဲ (၃၀)% စုစုပေါင်း မဲ(၆၀)% ရပါလျှက် ကိုယ်စားလှယ်အရွေး မခံရဘူး။ ဒါကြောင့် မဲဆန္ဒရှင်အများကို ကိုယ်စားပြုတယ်လို့ ပြောမရဖြစ်သွားတာပါ။ (PR) စနစ် အသုံးပြုရင်တော့ ပထမပါတီက ကိုယ်စားလှယ်(၄၀)%၊ ဒုတိယပါတီက ကိုယ်စားလှယ်(၃၀)%၊ တတိယပါတီက ကိုယ်စားလှယ်(၃၀)% ရမှာဖြစ်တဲ့အတွက် ပါတီတိုင်း တရားမျှတပါတယ်။ မဲဆန္ဒရှင်ရော ကိုယ်စားလှယ်အတွက်ပါ အကျိုးရှိပါတယ်။

ဘယ်သူ့ကိုမှလည်း မနစ်နာ၊ ကိုယ့်ဝေစု ကိုယ်ရကြတဲ့အတွက် အင်မတန်တရားမျှတတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါကြောင့်ကျနော်တို့က နိုင်ငံအကျိုး ပြည်သူ့အကျိုးအတွက် အဆိုပြခြင်း ဖြစ်ခဲ့ပါတယ်။ မဲများသူအနိုင်ရရင်ပြီးတာပဲ။ တစ်မဲသာသာ၊ နှစ်မဲသာသာ နိုင်တာပဲ။ ရှုံးတဲ့သူကို ဂရုစိုက်စရာမလို။ ရှုံးသူကို မဲပေးတဲ့ ဆန္ဒရှင်တွေကိုလည်း ဂရုစိုက်စရာမလိုဘူး လို့ သဘောထားသူတွေပဲရှိမှာပေါ့။ အဲ့ဒီသဘောထားမျိုးကို ကောင်းတယ်မှန်တယ်လို့ ယူဆသူများက သူတို့ကို ထောက်ခံပေါ့။ ကျနော်တို့ရဲ့ အားလုံးအတွက်မျှတတဲ့ သဘောထားမျိုးကို ကောင်းတယ်မှန်တယ်လို့ ယူဆသူများက ကျနော်တို့ကို ထောက်ခံပေါ့။ လူတိုင်းလွတ်လပ်စွား ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။

ကျနော်တို့ အဆိုပြုတဲ့ (PR) စနစ်အကြောင်းကို ပြောပြပါမယ်။ အချို့က (PR) စနစ်အကြောင်းကို အမျိုးမျိုးရှောက်ရေးပြီး ရှုပ်ထွေးအောင် ဖော်ပြ၊ လူတွေက ရှုပ်ပါတယ်ကွာလို့ ဖြစ်အောင် ဖန်တီးကြပါတယ်။

အမှန်ကတော့ ကျနော်တို့ အဆိုပြုတဲ့ (PR) စနစ်ဟာ မဲဆန္ဒရှင်များအတွက် အခုမဲပေးနေတာထက်တောင် လွယ်ပါတယ်။ အခုမဲပေးတာက ကိုယ်စားလှယ်လောင်းအမည်၊ ပါတီအမည်၊ ပါတီတံဆိပ်ကိုကြည့်ပြီး မဲပေးကြပါတယ်။ (PR) စနစ်အရ ပါတီအမည်နှင့် ပါတီတံဆိပ်ကိုကြည့်ပြီး ပေးလိုက်ရုံပဲ။ သိပ်လွယ်တယ်။ ရွေးကောက်ပွဲကော်မရှင်တွေက ပါတီတွေရဲ့ မဲရာခိုင်နှုန်း ပေါ်မူတည်ပြီး ကိုယ်စားလှယ်အချိုးကျ တွက်ပေးပါတယ်။ ပါတီတွေထဲမှာ အတော်ဆုံးလူကို ဦးစားပေးရွေးတာဖြစ်လို့ တိုင်းပြည်အတွက်လည်း ပိုကောင်းပါတယ်။ နော်တစ်ချက်ကျနော်တို့ အဆိုပြတဲ့ (PR) စနစ်ကို ကျနော်တို့နိုင်ငံမှာ ကျင့်သုံးမှာဖြစ်လို့ ပြည်သူ့လွတ်တော်ရွေးကောက်ပွဲအတွက်သာ စမ်းသတ်ပြုလုပ်ပေးဖို့ အဆိုပြုတာဖြစ်ပါတယ်။ အမျိုးသားလွတ်တော်နဲ့ တိုင်း၊ပြည်နယ် လွတ်တော်များအတွက်တော့ လက်ရှိ (FPTP) စနစ်ဘဲအသုံးပြုပါလို့ ကျနော်တို့ သဘောထားကို ပြောပြတယ်။ တကယ်ဆုံးဖြတ်ရမှာက ပြည်ထောင်စုလွတ်တော်မှာ လွတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ နောက်တစ်ချက် (PR)စနစ်ကို ကျနော်တို့ ဘာကြောင့်အဆိုပြုရတာလည်း ဆိုတာကို ရှင်းပြချင်ပါတယ်။ (၁၉၆၀-၆၁) ခုနှစ်က ကျနော် နယ်တာလင်နဲ့ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်စတဲ့ စကင်ဒီးနေးမီးယန်းနိုင်ငံတွေကို ရောက်ခဲ့ပါတယ်။ သူတို့နိုင်ငံတွေကို (PR) ရွေးကောက်ပွဲစနစ်ကို ကျင်းသုံးနေကြပါတယ်။ ကျနော်လေ့လာကြည့်တဲ့အခါ ကျနော်တို့ နိုင်ငံမှာ ကျင့်သုံးရရင် ကောင်းမှာပဲလို့ ကျနော့်စိတ်ထဲမှာ ဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှ စပြီး ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီရွေးကောက်ပွဲတွေ မရှိတော့ပါဘူး။ (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲ လုပ်တဲ့အခါ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေထံမှ အကြံပြုစာတွေ တောင်းပါတယ်။ ကျနော်ခေါင်းဆောင်တဲ့ (ဒီမိုကရေစီ) ပါတီက (PR) စနစ်ကို မြန်မာနိုင်ငံရွေးကောက်ပွဲမှာ အသုံးပြုသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ အခြားမည်သည့်နိုင်ငံရေးပါတီမှ (PR) အကြောင်းသိရှိဟန် မတူပါ။

(၂၀၁၂) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးသည့်အခါ၊ နိုင်ငံတကာမှ ကိုယ်စားလှယ်များ (အမေရိကန်၊ အီးယူ၊ သြစတြေလျနဲ့ အာရှ) လာရောက်ပြီး ကျနော်တို့နဲ့ တွေ့တဲ့အခါ၊ သူတို့ကစပြီး (PR) စနစ်ကောင်းတဲ့အကြောင်း (PR) စနစ်ကို ကျနော်တို့ စိတ်ဝင်စားသလားလို့ မေးပါတယ်။ ဒီကာလမှာမှ သူတို့က အလေးတယူ ဒီကိစ္စကို တင်ပြလာတယ်ဆိုတော့ သူတို့လည်း ထူးခြားတဲ့အကြောင်း ရှိပါလိမ့်မယ်ထင်ပါတယ်။

သြစတြေးလျ အစိုးရ ကျနော်တို့ နိုင်ငံရေးပါတီတွေနဲ့ ASEAN မှနိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ဖိတ်ခေါ်ဆွေးနွေးတဲ့ အခါမှာလည်း၊ (PR) အကြောင်းကို သူတို့ ရှင်းပြခဲ့ပါတယ်။ နော်ဝေး၊ နယ်တလန် နိုင်ငံမှ အဖွဲ့အစည်းတစ်ခုကလည်း (PR) စနစ်နဲ့ ပတ်သက်ပြီး ရန်ကုန်မှာ လာရောက်သင်တန်း ပေးပါတယ်။

ကျနော့်အထင် မြန်မာနိုင်ငံရွေးကောက်ပွဲအခြေအနေကို သူတို့လေ့လာပြီး စိုးရိပ်စိတ်ရှိဟန် တူပါတယ်။ ကျနော်တို့လည်း စိုးရိမ်တာတွေရှိတယ်။ ဘယ်ပါတီမဆို ပါတီတစ်ခုတည်း လွတ်တော်ကို လွှမ်းမိုးသွားရင် အန္တရာယ်ရှိတယ်။ ကြံ့ခိုင်ရေးပါတီဟာ အာဏာရှင်များဖြစ်သွားမလားလို့ ကျနော်တို့ ရင်တစ်ထိတ်ထိတ် ကြည့်နေရတယ်။ အလားတူပဲ ပါတီတစ်ခုတည်း လွတ်တော်မှာ လွမ်းမိုးသွားပြီး အခြားအာဏာရှိအဖွဲ့အစည်းနဲ့ မသင့်မြတ်ဖူးဆိုရင် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာလို့ တိုင်းပြည်လည်း နာမယ်။ လူထုလည်း ဒုက္ခဖြစ်ကြပါလိမ့်မယ်။ မကြာသေးသောနှစ်များက ထိုင်းနိုင်ငံအဖြစ်အပျက်ကို ပြန်ကြည့်ပါ။ မြန်မာနိုင်ငံသမိုင်းမှာလည်း အထောက်အထားတွေရှိပါတယ်။

(PR) စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေ (၉၀) ကျော်ရှိပါတယ်။ ကမ္ဘာမှာ တဖြည်းဖြည်းများလာပြီး အဲ့ဒီစနစ်အတွက် သူတို့ ဂုဏ်ယူနေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း (PR) စနစ်ကို ကျင့်သုံးမယ်ဆိုရင် အန္တရာယ်ကိုလည်း တာနိုင်မယ်။ ဒီမိုကရေစီလည်း ပိုမိုပီပြင်လာပါလိမ့်မယ်။ ပြည်ထောင်စုမြန်မာနိုင်ငံကို ချစ်ရင်ဖြင့် (PE) စနစ်ကို လေ့လာကြပါလို့ တိုက်တွန်းပါတယ်။