Pages

Subscribe:

Friday, February 14, 2014

“ အချိန်ဆွဲ နည်းဗျူဟာကို ရင်ဆိုင်နေရပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ”

The Ladies ဂျာနယ်၊ မွန်းတည့်နေဂျာနယ်၊ ၁၄-၂-၁၄။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း တစ်ချိန်လုံး နိုင်ငံရေး စိတ်ဝင်စားသူတွေနဲ့ ပြည်သူတွေ စိတ်ဝင်စားခဲ့တဲ့ အကြောင်းအရာ တစ်ခုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပါတ်သက်ပြီး နိုင်ငံရဲ့ အဓိက ခေါင်းဆောင် (၃) ယောက်နဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း တောင်းဆိုပါတယ်။ ဖြစ်မလာပါဘူး။ နောက် ပြည်နယ်နဲ့ တိုင်းတွေကို လှည့်လည်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုင်ရာ လူထု စည်းရုံးမှုတွေ လုပ်ပါတယ်။ တစ်ပြိုင်နက်တည်း စောင့်မျှော်နေရတာကတော့ ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား ပြီးစီးရမယ့် လွှတ်တော်ဖွဲ့စည်းပုံ သုံးသပ်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာ ပါ။ အခု အဲဒီ အစီရင်ခံစာကို လွှတ်တော်တင်၊ အတည်ပြုပြီးနောက် လွှတ်တော် နာယက သူရ ဦးရွှေမန်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ” ဆိုတာကို ဖွဲ့စည်း တာဝန်ပေးလိုက်ပါပြီ။ ဒါပေမယ့် အရေးအကြီးဆုံး တစ်ချက်ကတော့ သူရဦးရွှေမန်းရဲ့ အဲဒီ ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တဲ့ အမိန့်ကြော်ငြာစာမှာ ကော်မတီ လုပ်ငန်းကို ဘယ်နေ့ ဘယ်ရက် အဆုံးသတ်ရမယ် ဆိုတဲ့ တိကျတဲ့ အချိန်သတ်မှတ်ချက် ပေးမထားပါဘူး။ ဒီ အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်ရဲ့ ဆောင်ရွက်ချက် ဘယ်လောက် ကြာသွားနိုင်သလဲ၊ ဒါဟာ အချိန်ဆွဲ နည်းဗျူဟာ ကျင့်သုံးတာရော မဖြစ်နိုင်ဘူးလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

ပြောရရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပါတ်သက်ရင် လွှတ်တော်ကနေ ပူးပေါင်းကော်မတီဖွဲ့၊ အစီရင်ခံစာ တင်သွင်းရမယ့် နေ့ရက် အတိအကျ သတ်မှတ်ပေးလိုက်ချိန်ကစ အရှိန်မြင့်လာတာ ဖြစ်ပါတယ်။ လွှတ်တော်ကနေ လူ ၁၀၀ ကျော်ပါတဲ့ အဲဒီ ပူးပေါင်းကော်မတီ ဖွဲ့စည်းပေးလိုက်ကာစ ကဆို အင်န်အယ်လ်ဒီ ကရော၊ ပြည်သူတွေကပါ အတော်လေး မျှော်လင့်ခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇင်ဘာ ၃၁ ရောက်ရင်၊ နောက်ပိုင်း တစ်လ ထပ်ရွှေ့လိုက်လို့ ဇန်န၀ါရီ ၃၁ ရောက်ရင် ဖွဲ့စည်းပုံနဲ့ ပါတ်သက်ပြီး ဘယ်လိုပြင်ဆင်မယ် ဆိုတဲ့ တိကျတဲ့ သုံးသပ်ချက် တစ်စောင် ထွက်လာမယ် လို့ အားလုံး မျှော်လင့်ထားကြတာပါ။ 
တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော် ပူးပေါင်းကော်မတီကပဲ ဆွေးနွေးဆုံးဖြတ်နေတာထက်စာရင် တိုင်းပြည်ရဲ့ တကယ့် အရေးပါတဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြရင် အဲဒီ လုပ်ငန်းစဉ် ပိုပြီး ချောချောမောမော ဖြစ်နိုင်တယ် ဆိုပြီး သမ္မတ၊ လွှတ်တော် နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ပါဝင်တဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ တောင်းဆိုပါတယ်။ သမ္မတ ဘက်ကတော့ လွှတ်တော်ကို ကျော်ပြီး လုပ်သလို ဖြစ်မယ်၊ လွှတ်တော် ပူးပေါင်းကော်မတီရဲ့ ရလာဒ် ဘာထွက်လာမယ် မသိသေးဘူး၊ အဲဒီ ရလာဒ် ထွက်ပြီးတဲ့ အချိန်အထိ စောင့်ကြည့်ရအောင် ဆိုပြီး မယုတ်မလွန် ဆိုပါတယ်။ သူရဦးရွှေမန်းကတော့ တွေ့ဆုံဆွေးနွေးကြတာ ကောင်းတယ် လို့ မှတ်ချက်ပေးပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ နှုတ်ဆိပ်နေပါတယ်။ ဒီလိုနဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်ခဲ့ပါဘူး။
နောက်ဆုံး အားလုံး မျှော်လင့်နေတဲ့ ပူးပေါင်းကော်မတီ အစီရင်ခံစာ ဆိုတာကြီး ထွက်လာပါတယ်။ လေ့လာသုံးသပ်ရေး အစီရင်ခံစာ ဆိုပေမယ့် လေ့လာထားတာ၊ သုံးသပ်ထားတာ ဘာမှ မယ်မယ်ရရ မဖော်ပြထားပါဘူး။ တင်ပြလာတဲ့ အကြံပြုစာ၊ လက်မှတ်ရေးထိုးထားတဲ့ အကြံပြုစာတွေကို အမျိုးအစားအလိုက် ကိန်းဂဏန်း အရေအတွက်နဲ့ ခွဲခြား ဖော်ပြထားတာပဲ ရှိပါတယ်။ ပြောရရင် ရုံးလုပ်ငန်း သာသာလောက် လုပ်ထားတဲ့ နာမည်ခံ အစီရင်ခံစာပါ။ ထူးတာတစ်ခုက ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉ (စ) အပါအ၀င် ပုဒ်မ (၇) ခုကို မပြင်ချင်ပါဘူးဆိုပြီး လိမ်လည်တင်ပြထားတဲ့ လက်မှတ် တစ်သိန်းကျော်ကိုပါ အစီရင်ခံစာထဲ ထည့်သွင်းထားလိုက်တာပါ။ ဒါကို လွှတ်တော်ကလည်း အတည်ပြုပေးလိုက်ပါသေးတယ်။ ဒီ ပြသနာဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ရှုတ်ထွေးစေနိုင်တဲ့ ပြသနာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အခုနောက်ဆုံး လွှတ်တော် နာယက သူရ ဦးရွှေမန်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ” ဆိုတာကို ထပ်ဖွဲ့စည်း တာဝန်ပေးလိုက်ပြန်ပါပြီ။ ကော်မတီထဲ လူပါဝင်မှု၊ လျှို့ဝှက် လုပ်ရမယ်၊ ဆွေးနွေးတာတွေ အပြင်ကို မပေါက်ကြားစေရ၊ သဘောထား မတူညီတာရှိရင် မဲခွဲဆုံးဖြတ်ရမယ် ဆိုတာတွေ အားလုံးကတော့ အရင် လေ့လာသုံးသပ်ရေး ကော်မတီက အတိုင်းပါပဲ။ ကော်မတီ အရွယ်အစား ငယ်အောင် လုပ်လိုက်တာပဲ ကွာပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး တစ်ချက်ကတော့ သူရဦးရွှေမန်းရဲ့ အဲဒီ ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တဲ့ အမိန့်ကြော်ငြာစာမှာ ကော်မတီ လုပ်ငန်းကို ဘယ်နေ့ ဘယ်ရက် အဆုံးသတ်ရမယ် ဆိုတဲ့ တိကျတဲ့ အချိန်ဇယားသတ်မှတ်ချက် ပေးမထားပါဘူး။

အားလုံးခြုံငုံ သုံးသပ်ရရင် ဖွဲ့စည်းပုံထဲက ဘယ်အချက်တွေကို ပြင်မယ် ဆိုတဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ မူကြမ်း တစ်ရပ်” လွှတ်တော်ထဲ ရောက်ဖို့ အချိန် မသိနိုင်တော့ပါဘူး။ ဒီ အတောအတွင်း အဲဒီ ကော်မတီဟာ လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ညွှန်ကြားချက် အမိန့်ကြေငြာချက်တွေအောက်မှာ အလုပ်လုပ်ကြရမှာပါ။ အဲဒီ အတောအတွင်း သမ္မတ အပါအ၀င် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုထားတာကိုလည်း လွှတ်တော်ကော်မတီ ရလာဒ် မသိသေးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတ ဘက်က ဆက်ပြီး အချိန်ဆွဲထားနိုင်ပါတယ်။
တကယ်တော့ လွှတ်တော်ထဲ အဲဒီ ဥပဒေကြမ်း ရောက်သွားတဲ့တိုင် လွယ်လွယ် ပြီးသွားမှာတော့ မဟုတ်ပါဘူး။ တစ်ချက်ခြင်း တစ်ပုဒ်ခြင်း ဆွေးနွေး အမတ် ၇၅ ရာခိုင်နှုန်းကျော် အတည်ပြုတာတွေကိုမှ ပြင်ဖို့ လမ်းစ ပွင့်မယ် ဖြစ်ပါတယ်။ ဒါလည်း မပြီးသေးပါဘူး။ ၇၅ ရာခိုင်နှုန်း သဘောတူထားတဲ့ အချက်တွေကို ပြင်နိုင်ဖို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ကျင်းပရပါဦးမယ်။ အဲဒီ အတွက် ကော်မတီအဆင့်ဆင့်ဖွဲ့တာ၊ ရက်သတ်မှတ်တာ စသဖြင့် လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ အများကြီး လာပါဦးမယ်။ ဒီလို ကိစ္စမျိုးကို လိုရင် လိုသလို အချိန်ဆွဲဖို့ သူရဦးရွှေမန်း အပါအ၀င် စစ်ဗိုလ်ချုပ်ဟောင်းတွေ ကောင်းကောင်း ကျွမ်းကျင်ကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၉၃ ကနေ ၂၀၀၈ ခုနှစ်အထိ ၁၅ နှစ်ကြာအောင် ဆွဲခဲ့တဲ့ အတွေ့အကြုံကြီး သူတို့မှာ ရှိပါတယ်။

နောက်တစ်ချက် ထူးခြားတာ တစ်ခုက အဲလို ဆန္ဒခံယူပွဲ လုပ်မယ့် ဘတ်ဂျက်မျိုး လာမယ့် ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်အတွက် ထည့်သွင်းရေးဆွဲထားခြင်း မရှိတဲ့ ကိစ္စပါ။ တစ်ဖက်ကလည်း ၂၀၁၅ ရွေးကောက်ပွဲ ဆိုတာ ဝေးသလိုလိုနဲ့ နီးနီးလေး ကျန်တော့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲကိုသာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပဲ ကျင်းပခဲ့မယ် ဆိုရင် ဘယ်လိုမှ လွတ်လပ် တရားမျှတတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာမှာ မဟုတ်ပါဘူး။ သေခြာတာ တစ်ခုကတော့ အာဏာကြီးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တစ်ယောက်နဲ့ စစ်ယူနီဖေါင်းချွတ်ထားတဲ့ သမ္မတ တစ်ယောက် လက်အောက်မှာ ပြည်သူတွေ ဆက်ပြီး စခန်းသွားကြရဦးမှာ ဖြစ်ပါတယ်။
လောလောဆယ် မြန်မာ့နိုင်ငံရေး အခြေအနေကို ကြည့်ရင် ရပ်ကွက်ထဲကမှာ ကစားလေ့ရှိတဲ့ ဘောလုံးကစားနည်း တစ်နည်းနဲ့ အသွင်သဏ္ဍာန် တူညီနေပါတယ်။ လူ သုံးယောက်က ဘောလုံးကို တစ်ယောက်ကို တစ်ယောက် အပေးအယူ လုပ်၊ အလယ်က လူတစ်ယောက်က ဘောလုံး မရရအောင် လိုက်လု ရတဲ့ ကစားနည်းမျိုးပါ။ ဘောလုံးကို အပေးအယူ ရှိရှိနဲ့ ကစားနေသူ သုံးဦးကတော့ စစ်ဗိုလ်ချုပ်ဟောင်း နှစ်ယောက်နဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်ပါ။ အလယ်ကနေ ဘောလုံး လိုက်လုဖို့ ကြိုးစားနေရသူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။
သိပ်မကြာခင်တုန်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေး နယ်တကာလှည့် ဟောပြောပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ ဖွဲ့စည်းပုံကို လွှတ်တော်တွင်းမှာပဲ ပြင်နိုင်အောင် ကြိုးစားမယ်၊ မဖြစ်နိုင်ရင်တော့ အခြားနည်းသုံးမယ်၊ ဘယ်နည်းဖြစ်ဖြစ် ငြိမ်းချမ်းတဲ့ နည်းလမ်းပဲ ဖြစ်မယ် လို့ ပြောဆိုခဲ့ပါတယ်။ အခုတော့ အာဏာကို မြဲမြဲမြံမြံ ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေကတော့ “အချိန်ဆွဲ” တဲ့ နည်းဗျူဟာကို အသုံးချနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ဒါကို ဘယ်လို ရင်ဆိုင် ကျော်ဖြတ်မလဲ ဆိုတာကို စောင့်ကြည့်ဖို့ပဲ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

0 comments:

Post a Comment