Pages

Subscribe:

Thursday, October 17, 2013

ဦးသိန်းစိန် ၂၀၁၅ မှာ သမ္မတ ဆက်မလုပ်ဟု သူရဦးရွှေမန်း ပြောဆို


သူရဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်ကြား “နိုင်ငံရေး ပွတ်တိုက်မှု”တွေ ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် 
 ကာတွန်းဆရာရဲ့ သရော်ချက် (ကာတွန်း – စိုင်းစိုးကြည်)

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဦးသိန်းစိန်အနေဖြင့် သမ္မတရာထူးကို ဆက်လက်ထမ်းဆောင်တော့မည် မဟုတ်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မကြာသေးခင်က ထိုင်းခရီးစဉ်အတွင်း ဧရာဝတီသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ဦးရွှေမန်းက အခုလို ထုတ်ဖော် ပြောဆိုပါတယ်။ သူရဦးရွှေမန်းဟာ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဦးဆောင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီး သမ္မတဖြစ်ချင်တယ်လို့လည်း ပြောဆိုကြေညာထားသူလည်း ဖြစ်ပါတယ်။

မကြာသေးမီက သူရဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်ကြား “နိုင်ငံရေး ပွတ်တိုက်မှု”တွေ ရှိတယ်။ ဒါဟာ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဥပဒေပြုအဖွဲ့ကြား အာဏာလွန်ဆွဲမှုကြောင့်လို့ ယူဆသုံးသပ်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် ဦးသိန်းစိန်ထက် ပိုစီနီယာကျခဲ့တဲ့ သူရဦးရွှေမန်းဟာ အခု “ပြုပြင်ပြောင်းလဲရေး”မှာ ဦးသိန်းစိန်လောက် ရှေ့တန်းမရောက် မျက်နှာသာမရတာကြောင့် နှစ်ဦးကြား ပုဂ္ဂလိကဆိုင်ရာ မကျေနပ်မှုတွေလည်း ရှိကောင်းရှိမယ်ဆိုတဲ့ ထင်မြင်ချက်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

ဒါကို ဧရာဝတီက မေးမြန်းရာမှာ သူရဦးရွှေမန်းက ဦးသိန်းစိန်ဟာ ၂၀၁၅ မှာ နိုင်ငံရေး ဆက်မလုပ်ဟု ပြောဆိုထား၍ မိမိတို့ နှစ်ဦးကြား ပြဿနာ မရှိကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ဦးသိန်းစိန်က အရင်အတိုင်း ကိုရွှေမန်း တခါတခါ ဗိုလ်ချုပ်ကြီး လို့ခေါ်ပြီး ဥက္ကဋ္ဌကြီး လို့တောင် မခေါ် ကြောင်း၊ မိမိကလည်း အရင်လိုပဲ “အကို” လို့ ရင်းရင်းနှီးနှီး ခေါ်ဆဲလို့ ဆိုပါတယ်။

ဧရာဝတီက ၂၀၁၅ တွင် သမ္မတ ဖြစ်လာပါက ဦးသိန်းစိန်လို ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ် မလုပ် မေးမြန်းရာမှာ သူရဦးရွှေမန်းက ပြုပြင်ပြောင်းလဲရေးသမားလို့ မိမိကိုယ်မိမိ ပြောဆိုနေသူတွေ အနေနဲ့ အပြောနဲ့ အလုပ်ရှေ့နောက်ညီညွတ်ဖို့၊  ပြုပြင် ပြောင်းလဲရေးဆိုတာ တရက်ထဲ လုပ်ရမယ့် အလုပ်လို့ မမှတ်ယူဖို့၊  ဒီမိုကရေစီဆိုတဲ့ စကားပြောနေပေမယ့် တကယ့် ဒီမိုကရေစီသမားဖြစ် မဖြစ် ဆန်းစစ်ဖို့ လိုတယ်လို့  ပြန်ဖြေပါတယ်။

ဒါ့အပြင် အမျိုးသားစည်းလုံးညီညွတ်မှု အားနည်း၍ တိုင်းပြည်အခြေအနေ နိမ့်ကျနေခြင်းဟာ “ငါတို့သာ တိုင်းပြည်ချစ်တယ်” ဆိုတဲ့  အစွဲရှိ သူများကြောင့်လို့ ပြည်ထောင်စုလွှတ်တော် နာယကက ပြောဆို ဝေဖန်လိုက်ပါတယ်။

“တိုင်းပြည်ဘာကြောင့် နိမ့်ကျသလဲဆိုတော့ ငါပဲလုပ်မယ်၊ မင်းတို့ မလုပ်နဲ့၊ ငါတို့ပဲ တိုင်းပြည်ချစ်တယ်၊ မင်းတို့ တိုင်းပြည်မချစ်ဘူး၊ ငါတို့ပဲ လုပ်တတ်တယ်၊ မင်းတို့ မလုပ်တတ်ဘူး၊ မလိုပါဘူးကွာ ဆိုတဲ့ အယူအဆတွေ ကြောင့်ပါ”လို့ ဦးရွှေမန်းက ဆိုသွားပါတယ်။

မည်သူ့ကို ရည်ညွှန်းပါလဲလို့ မေးရာတွင် “သမိုင်းကြောင်းကို ပြန်ကြည့်ရင် တွေ့နိုင်ပါတယ်”လို့သာ ပြန်ဖြေပါတယ်။

မကြာသေးမီက“ လွှတ်တော်သည်လည်း  အစိုးရပဲ” လို့ ဖွင့်ဆိုခဲ့တာကလည်း အစိုးရဆိုတာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရား စီရင်ရေး အာဏာ စတဲ့ အာဏာသုံးရပ်ကို ပိုင်ဆိုင်တာကို ရည်ရွယ်ရင်းရှိတာမို့ လွှတ်တော်ဟာလည်း အစိုးရလို့ ပြောရင်ရတယ်လို့ ဆိုလိုတာလို့ သူရဦးရွှေမန်းက ဆက်ရှင်းပါတယ်။

“အရေးကြီးတာ နိုင်ငံအတွက် ကြည့်ရ မယ်။ ကိုယ့်နိုင်ငံက အပြင်ကိုထွက်လာတိုင်း ထွက်လာတိုင်း ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ နဲ့ ပတ်သက်လို့ စိတ်မကောင်းဘူး။ အားမရဘူး။ တော်တော်ကို နိမ့်ကျ နောက်ကျနေတာ ဖြစ်တယ်။ အဲဒါဘာကြောင့်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားနည်းလို့။ အမျိုးသားပြန်လည် စည်းလုံးညီညွတ်မှု အားနည်းလို့၊ ဒီထက်ပိုပြီးတော့ ဆိုရင် ငါဘဲ လုပ်မယ် မင်းတို့မလုပ်နဲ့။ ငါတို့ဘဲ တိုင်းပြည် ချစ်တယ်။ မင်းတို့ တိုင်းပြည်မချစ်ဘူး။ ငါတို့ဘဲ လုပ်တတ်တယ် မင်းတို့မလုပ်တတ်ဘူး ဆိုတဲ့ အယူအဆတွေကြောင့်”လို့ ပြောပါတယ်။

သူရဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးပါတယ်။ ဒါပေမယ့် နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ရေးပဲ အလေးထားတယ်၊ ပြောဆိုဆွေးနွေးတယ် လို့ သူရဦးရွှေမန်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ မိမိ တပ်မတော်မှာရှိစဉ်ကတည်းက နိုင်ငံခေါင်းဆောင်ကြီး သမီးအနေနဲ့ ကိုယ် တတ်နိုင်တဲ့ အချိန်မှာ ကူညီစောင့်ရှောက်မယ်ဆိုတဲ့ စာနာစိတ်အပြည့်ထားခဲ့ပြီး၊ ဟိုတုန်းကတည်းက မဖြစ်သင့်တာတွေ၊ မထိုက်တန်တဲ့ အပြစ် တွေကို မခံစေချင်ဘူး၊ အလားတူပဲ တခြားသူတွေအပေါ်မှာလည်း ပက်ပက်စက်စက် ရိုင်းရိုင်းပျပျ မဆက်ဆံ ခဲ့ပါဘူးလို့ ဦးရွှေမန်းက ထုတ်ဖော်ပြောဆိုပါတယ်။

“ပြောမယ်ဆိုရင်တော့ အားလုံးကိုလေ မျှမျှတတ ဖြစ်စေချင်တယ်။ မဖြစ်သင့်တာတွေ မဖြစ်စေ ချင်ဘူး။ ဖြစ်သင့်တာကိုပဲ ဖြစ်စေချင်တယ်။ အဲ့အတိုင်းပဲ အပြစ်ဆိုရင်လည်း မတန်တဲ့ အပြစ်တွေ မထိုက် သင့်တဲ့ အပြစ်တွေ မခံစေချင်ဘူး။ ခံရသည့်တိုင်အောင် သူတို့တွေက ဆင်းဆင်းရဲရဲ ဒုက္ခမဖြစ်စေချင်ဘူး။ ဒီလိုပြော တဲ့အတွက် စစ်သားမှ ဟုတ်သလားလို့ မေးကောင်းမေးနိုင်တယ်။ ဗိုလ်ချုပ်ကြီးမှ ဟုတ်ပါ့မလားလို့ မေးနိုင်တယ်။ ကိုယ့်အကြောင်း ကိုယ်သိပါတယ်” လို့ သူရဦးရွှေမန်းက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့ သုံးဦး အကြားမှာ ဟန်ချက်ညီညွတ်မှုကတော့ “လိုသလောက် မရဘူး”လို့ ဆိုပါတယ်။ ဘာကြောင့်လည်းလို့ မေးတော့ ” ငါတို့ပဲ လုပ်နိုင်တယ်။ ငါတို့ပဲ လုပ်တတ်တယ်။ မလိုပါဘူးကွာ ဆိုတဲ့ဟာမျိုးတွေ တခါတခါ ဒီလို အယူအဆတွေ ရှိလာတယ်ဆိုရင် ဒါမျိုးတွေ ဖြစ်တတ်ပါတယ်” လို့သာ ဖြေပါတယ်၊ ဘယ်သူ့ကို ရည်ညွှန်းပြောဆိုသလဲလို့ မေးတာကိုတော့ မဖြေပါဘူး။

အတိတ်တုန်းက စစ်တပ်က အရပ်ဘက်အဖွဲ့အစည်းတွေ နိုင်ငံရေးအတိုက်အခံတွေအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်တာတွေ ပတ်သက်လို့လည်း မိမိအနေနဲ့ လူတွေရဲ့ ခံစားချက်တွေကို နားလည်တဲ့အတွက် ၈၈၈၈ ငွေရတုပွဲ ကို သဝဏ်လွှာပို့ခဲ့ကြောင်း၊ ကျောင်းသားခေါင်းဆောင်တွေ ပြောတာကို နားထောင်ပေးခဲ့အပြင် ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကချင်ပြည်နယ်သွားတုန်းကလည်း တိုင်းရင်းသားတွေရဲ့ ခံစားမှုတွေကို စိတ်မကောင်းဖြစ်စွာနဲ့ နားထောင်ပေးခဲ့ကြောင်း ဆိုပါတယ်။

“ကိုယ်ကတော့ နားထောင်နိုင်ပါတယ်။ လက်ခံနိုင်ပါတယ်။ တချို့နားထောင်နိုင်ခြင်း ရှိမရှိတော့ မသိဘူး။ ကိုယ်ကတော့ နားထောင်တယ်။ အဲဒီ အထဲမှာ ကောင်းတဲ့အဖြေတွေ ပါလာနိုင်တယ်။ စဉ်းစားစရာတွေ ပါလာ နိုင်တယ်။ ကိုယ်ဒီလိုလဲ ပြောပါတယ်။ အခု နိုင်ငံအနှံ့လျှောက်သွားပြီး တွေ့တဲ့အခါမှာ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကချင်ပြည်နယ်သွားတယ်။ ပူတာအိုမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ အသံကတမျိုး။ နောက်မြစ်ကြီးနား ရောက်သွားတော့ မြစ်ကြီးနားမှာရှိကြတဲ့ ကချင်ဂျိမ်းဖောတွေက အသံတမျိုး။ မိုးညှင်းရောက်လာတော့ ရှမ်းနီတွေရဲ့အသံက တမျိုး။ အသံတခုနဲ့ တခု မတူဘူး။ ခံစားမှုတွေ အမျိုးမျိုးရှိတယ်။ ဆိုလိုတာက ဒီခံစားမူတွေက တယောက်နဲ့တယောက်မတူဘူး” လို့ ပြောပါတယ်။

သူရ ဦးရွှေမန်းဟာ ဇွန်လတုန်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ(ကာလုံ) အစည်းအဝေး ခေါ်ယူခဲ့ပြီး  ငြိမ်းချမ်းရေး ဗဟိုကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းကာ ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှု ဖြစ်စဉ်တွေကို ဝင်ရောက်ပတ်သက်လာခဲ့ပါတယ်။ သူက MPC လို့ခေါ်တဲ့ Myanmar Peace Center ဟာ ဆုံးဖြတ်ချက်ချသူ (Decision Maker) မဟုတ်သလို၊ နိုင်ငံရေးဆုံးဖြတ်ချက်လည်း  ချမရဘူးလို့ ဧရာဝတီကို အတိအလင်း ပြောပါတယ်။

“MPC သည် Decision Marker မဟုတ်သလို Political Decision လည်းပေးလို့ မရဘူး။ အဲဒီမှာ ပြောခဲ့ပါတယ်။ သူတို့အနေနဲ့ ကျေနပ်တာ ရှိရင်ရှိမယ်။ မကျေနပ်တာ ရှိရင် ရှိမယ်။ ကျေနပ်တာဆိုတာက ကိုယ့်အနေနဲ့ အဖွဲ့တွေ ခေါ်လာပြီးတော့ ဒီ MPC ကိုလာကြည့်ပေးတယ် ဆိုတာကို ကျေနပ်တာ။ ဒါပေမယ့် ဒီလိုပြောတဲ့စကားကို မူတည်ပြီးတော့ ကျေနပ်ချင်မှ ကျေနပ်မယ်။ ကျေနပ်ဖို့ မကျေနပ်ဖို့ အရေးမကြီးဘူး။ မိမိတို့ လုပ်ငန်းစဉ် မှန်သွားဖို့နဲ့ တကယ်ငြိမ်းချမ်းရေးရဖို့ ပဲ လိုတယ်။ ကိုယ့်အနေနဲ့ ပြောရမယ်ဆိုရင် အတွေ့အကြုံ ပေါ်မူတည်ပြီး တချို့လုပ်ဆောင်ချက်တွေက အပြောတွေ မှားသွားနိုင်တယ်။ လမ်းတွေ လွှဲသွားနိုင်တယ်။ အပြောမှားတာကြောင့် လမ်းလွှဲတာကြောင့် မိမိတို့ ရလိုတဲ့ ငြိမ်းချမ်းရေး အလှမ်းဝေးသွားမှာ စိုးရိမ်တယ်” လို့ ဆိုပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့လည်း ၂၀၁၅ မတိုင်ခင် ပြင်ဖို့ဖြစ်နိုင်မယ် မထင်ဘူးလို့ ဆိုသူတွေထဲမှာ သူ မပါဘူးလို့လည်း သူရဦးရွှေမန်းက ဆိုပါတယ်။ ဥပဒေတခုဟာ တခါပြဌာန်းပြီးရင် တောက်လျှောက်မှန်နေ ရမယ်ဆိုတာ မဖြစ်နိုင်ကြောင်း၊ ဒါကြောင့် ပြည်သူ့လွှတ်တော်စဖွဲ့စည်းပြီး မကြာခင်မှာဘဲ ဥပဒေရေးရာ လေ့လာ သုံးသပ်ရေးကော်မရှင်ဆိုတာ ဖွဲ့လိုက်ကြောင်း၊ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ခေတ်ကာလနဲ့အညီ လိုအပ်တဲ့အချိန်မှာ ပြင်သင့်တယ်လို့ ယူဆတဲ့ အတွက်ကြောင့်ဖြစ်ကြောင်း ပြောပါတယ်။

ပြည်ထောင်စု ကြံခိုင်ရေး နဲ့ ဖွံဖြိုးတိုးတက်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးနဲ့ ပါတီထိပ်တန်းခေါင်းဆောင်များ ဖြစ်တဲ့ ဦးအောင်သောင်း၊ ဦးကျော်ဆန်းတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်စရာ မလိုသေးဘူးလို့ယူဆ ပေမယ့် ပါတီရဲ့ သဘောထားကတော့ စီအီးစီရဲ့ အဆုံးအဖြတ်ပေါ် မူတည်ကြောင်း၊ “မကြာခင်ကာလမှာ အဖြေပေါ်မှာပါ”လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ သူရဦးရွှေမန်းက ပြောပါတယ်။

သားသမီးတွေ လုပ်ကိုင်နေတဲ့ စီးပွားရေးအနေနဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးအရ ဥပဒေနဲ့ အညီလုပ်ကိုင်တဲ့ မှန်ကန်တဲ့စီးပွားရေးသာဖြစ်ပြီး အချိန်မရွေး မေးခွန်းထုတ်နိုင် စစ်ဆေးနိုင်ပြီး မှတ်ကျောက်တင်ခံရဲတယ်လို့လည်း ဧရာဝတီကို ပြောဆိုပါတယ်။

” မိမိတာဝန်ရှိတဲ့ အချိန်တုန်းက တချို့က ပြောကြတယ်။ စီးပွားရေး ရှေ့ထွက်လုပ်ရင် မကောင်းပါဘူး။ ဒါကြောင့်မို့လို့ မလုပ်သင့်ဘူး ဆိုပြီးတော့ ကောင်းတဲ့ အကြံဥာဏ်တွေ ပေးပါတယ်။ အဲတော့ ကိုယ်က ပြောပါတယ်။ နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးမှာ မှန်ကန်တဲ့ စီးပွားရေး လုပ်ကိုင်ခွင့် ရှိတယ်။ လုပ်မှာဘဲ။ လုပ်တဲ့အခါ မှာ ဥပဒေနဲ့ ညီဖို့ လိုတယ်။ မတရား အခွင့်အရေးတွေ မယူမိဖို့ လိုတယ်။ လုပ်ပါစေ။ သူလုပ်တဲ့အခါမှာ ဥပဒေနဲ့ မညီဘူးဆိုရင် ဥပဒေအရ အတိုင်းအတာအရ သူ့ဟာသူ အပစ်ပေးလိမ့်မယ်။ ဆိုပြီးတော့ ဒီလိုဘဲ ခိုင်းခဲ့တယ်။ ဒီနေ့လည်း ဒီအတိုင်းရပ်တည်ထားတယ်” လို့ ဆိုပြီး “တကယ်လို့ အဲဒီအတွက် တခုခုဖြစ်မယ်ဆိုရင်လည်း တာဝန်ယူရဲတယ်။ တာဝန်ခံရဲ တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း သူတို့လုပ်နေတဲ့ စီးပွားရေး လုပ်ဆောင်ဖို့အတွက်ကိုလည်း ကိုယ်က အခွင့်အလမ်း တရပ်အနေနဲ့ သီးခြားဖန်တီးပေးခဲ့တာ မရှိဘူး” လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။

ခရိုနီတွေနဲ့ ပတ်သက်လို့ကတော့ အရင်စစ်အစိုးရလက်ထက်မှာ တိုင်းပြည် လိုအပ်ချက်ကို ၀ိုင်းဝန်းဆောင် ရွက်ပေးလို့ တိုင်းပြည် အဆင်ပြေသွားတာရှိသလို၊ သူတို့လည်း အဆင်ပြေသွားတာလည်း ရှိကြောင်း ပြောဆိုပါတယ်။ သို့သော် ဆန်ရှင်က လွှတ်မလွှတ်ဆိုတာ မိမိတို့နဲ့ မဆိုင်ဘူး၊ အမေရိကန်နဲ့သာ ဆိုင်တယ်လို့ ဆိုပါတယ်။

ယခု သီတင်းကျွတ်တွင်မူ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားရောက်ကန်တော့ရန် ရှိကြောင်းလည်း သူရဦးရွှေမန်းက ယခုလို ပြောဆိုသွားခဲု့ပါတယ်။

“ဒါကတော့ မြန်မာဓလေ့ထုံးတမ်းဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာတော့ သူရဲ့လွှမ်းမိုးမူကတော့ မရှိပါဘူး။ အန်ကယ့်ဘက်က ပြောရမယ်ဆိုရင်တော့  လူကြီး တယောက်လို မှတ်ထားတယ်။ နိုင်ငံ့အတွက်လည်း သူ စေတနာထားပြီး လုပ်ခဲ့တယ်။ ကောင်းတာတွေလည်း ပေါ်ပေါက်သလို တချို့ကိစ္စတွေလည်း ပြောင်းပြန် အကျိုးသက်ရောက်မူတွေ ရှိတာပေါ့။ နိုင်ငံရေးမှာတော့ လောလောဆယ် သူ့အနေနဲ့ ထဲထဲဝင်ဝင် ပါတဲ့အနေအထား မရှိပါဘူး။ တပ်မတော်ပေါ်မှာလည်း ဒီအတိုင်းပါဘဲ။ သို့သော် အရှိန်အဝါနဲ့ အစဉ်အလာဆိုတဲ့ သဘောကတော့ ရှိနိုင်တယ်။ ဘာလုပ်လိုက်ပါ ဘာမလုပ်လိုက်ပါနဲ့ဆိုတဲ့ အနေအထားတော့ မရှိပါဘူး” လို့ ပြောဆိုသွားပါတယ်။

ဧရာဝတီ

Saturday, October 12, 2013

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှတ်ပုံတင်ဖို့ ရာနှုန်းပြည့်နီးပါးအဆင်သင့်ဖြစ်နေပါပြီ




လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီအနေဖြင့် ပါတီတရားဝင် ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် ပါတီ ၀င်ဟောင်းများဖြင့်ဆွေးနွေးတိုင် ပင်ညှိနှိုင်းမှုများပြုလုပ်လျက်ရှိ သည့်အပေါ် ပါတီမှတ်ပုံတင်ရေး နှင့်ပတ်သက်၍ ဗဟိုဦးဆောင် ကော်မတီဝင် ကိုဇော်ထွန်းကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

လူ့ဘောင်သစ်ပါတီအနေနဲ့ တရားဝင်မှတ်ပုံတင်ရေးအတွက် ဘယ်အဆင့်ထိရောက်သွားပြီ ဆိုတာပြောပြပေးပါခင်ဗျာ။

ကျွန်တောတို့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ဖို့ပြင်ဆင်နေ တာဆိုရင် ရာခိုင်နှုန်းအပြည့်နီးပါး အဆင်သင့်ဖြစ်နေပါပြီ။ အခုနယ် စပ်ဒေသကပြန်လာတဲ့ ရဲဘော် ခေါင်းဆောင်တွေကြားမှာ နိုင်ငံသားစိစစ်ရေးကတ် အိမ် ထောင်စုစာရင်းကိစ္စဆောင်ရွက် နေတာရာခိုင်နှုန်းအပြည့်နီးပါး ပြီးပါနေပြီ၊ မကြာခင်မှာပါတီ တည်ထောင်ခွင့်လျှောက်လွှာမှာ ပါဝင်ဆောင်ရွက်မယ့်ကိုယ်စား လှယ်တွေစုမိနေပါပြီ။ အထူးသ ဖြင့် ကျွန်တော်တို့ပါတီရဲ့(၂၅) နှစ်ပြည့်အောက်တိုဘာ(၁၄)ရက် မတိုင်ခင်၊ ကျွန်တော်တို့ရဲ့ပထမ အဆင့်ကိုစတင်ဆောင်ရွက်နိုင် မယ်လို့မျှော်လင့်ထားပါတယ်။ လိုအပ်တဲ့အချက်လက်တွေကို ပြင်ဆင်မှုတွေလုပ်နေပါတယ်။ နောက်တစ်ခုကပြည်တွင်းမှာရှိ နေတဲ့ နယ်အသီးသီးမှာရှိနေတဲ့၊ ညှိနှိုင်းနေတဲ့ဖြစ်စဉ်တွေက အတော်ခရီးပေါက်နေပါပြီဖြစ် ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီအနေနဲ့ ပါတီခေါင်းဆောင် မှုအပိုင်းနဲ့ ပါတီမူဝါဒတွေကို ဘယ်လိုပြင်ဆင်ထားပါသလဲ ခင်ဗျာ။

ကျွန်တော်အခုဏကပြော သွားသလိုပထမအဆင့်ဆောင်ရွက် ပြီးတာနဲ့လူ့ဘောင်သစ်ပါတီအနေ နဲ့အနယ်နယ်အရပ်ရပ်က လူ့ဘောင်သစ်ကိုယ်စားလှယ်တွေ နဲ့ ခေါင်းဆောင်ဟောင်းတွေ ပါဝင်တဲ့အစုအဖွဲ့ကနေ ကျွန်တော်တို့ပါတီရဲ့ခေါင်းဆောင် မှုကို ဒီမိုကရေစီနည်းကျရွေးချယ် သွားမှာဖြစ်ပါတယ်။ တစ်ပြိုင် တည်းမှာပဲ ပါတီမှာလိုအပ်နေတဲ့ ဖွဲ့စည်းပုံစည်းမျဉ်းမူဝါဒအတွက် မူဝါဒကြမ်းပြုစုပြီးနေပါပြီဖြစ် ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီအနေနဲ့ ပါတီမှတ်ပုံတင်တဲ့ အခါမှာအခက်ခဲတစ်စုံတစ်ရာ ရှိနိုင်ပါသလား၊ ရှိခဲ့ရင်လည်းပြော ပြပေးပါခင်ဗျာ။

ကျွန်တော်တို့မျှော်လင့်ထား တာကတော့ မှတ်ပုံတင်ရေးဖြစ် စဉ်မှာဘာမှရင်ဆိုင်ရမယ့်အခက်ခဲ မရှိဘူးလို့မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ အစိုးရနဲ့ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မတီနဲ့ကျွန်တော်တို့သဘော တူညီချက်ရထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီမှတ်ပုံတင်ခွင့် ပြုဖို့ကိစ္စကိုပါတီကိုယ်စားလှယ်တွေ ကိုယ်တိုင်နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် လူကြီးတွေနဲ့တွေ့ပြီးပါပြီ။ ဒါကြောင့်ကျွန်တော်တို့အတွက် မှတ်ပုံတင်ရေးအတွက် ခက်ခက် ခဲခဲမရှိနိုင်ဘူးလို့မျှော်လင့်ပါတယ်။

ကျွန်တော်မေးမြန်းခဲ့တဲ့အပေါ် မှာ ထပ်မံဖြည့်စွက်ပြောစရာရှိပါ သေးလား။ရှိရင်ပြောပြပေးပါ ခင်ဗျာ။

ကျွန်တော်တို့ကအစိုးရနဲ့ ဆွေးနွေးပြီးတရားဝင်ညှိနှိုင်းပြီး ပြန်ဝင်လာတာဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့အတူတစ်နိုင်ငံလုံး မှာရှိတဲ့ ကိုယ်စားလှယ်အသီးသီး နဲ့ ပူးပေါင်းပြီးတော့ရရှိလာတဲ့ ခေါင်းဆောင်တွေနဲ့ပါတီကို မှတ်ပုံတင်မှာဖြစ်ပါတယ်။ ပါတီ ခေါင်းဆောင်တွေကိုရွေးချယ်တဲ့ နေရာမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်သွားမှာဖြစ်တယ်ဆိုတာ ကိုထပ်လောင်းပြောကြားလိုပါ တယ်။ ပါတီကိုမှတ်ပုံတင်ပြီးတဲ့ အခါမြန်မာပြည်မှာလတ်တလော အရေးတကြီးလိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေ ကို မဟာမိတ်အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ် တယ်လို့ပြောချင်ပါတယ်။

အခုလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

(hot news)

ကိုယ်စားလှယ်လောင်းမှတ်ပုံတင်ကြေး ငါးသိန်း စဉ်းစားပေးမည်ဟု ဦးတင်အေးပြော


ရန်ကုန်- ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲစရိတ်အဖြစ် ကော်မရှင်သို့ပေးသွင်းရသော ကျပ်ငါးသိန်းကို ပြန်လည်စဉ်းစားပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ အောက်တိုဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ၌ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပါတီကြေးငါးသိန်းကိစ္စက ကျွန်တော့်လုပ်ပိုင်ခွင့်ပါ။ စဉ်းစားပေးပါ့မယ်။ အပြီးလျှော်ချင်လည်း လျှော်လိုက်မယ်။ မယူရင်ဘာဖြစ်မယ်၊ ယူရင်ဘာဖြစ်မယ်ဆိုတာ စဉ်းစားပေးပါ့မယ်။ တချို့ပါတီတွေ မတတ်နိုင်ကြဘူးဆိုတာ သိပါတယ်”ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီမှ ဥက္ကဋ္ဌဦးလှအောင်က “ပါတီကြေးငါးသိန်းက များလွန်းပါတယ်။ ကျွန်တော်တို့လို ပါတီသေးသေးလေးတွေက မတတ်နိုင်ကြပါဘူး”ဟု ပြောသည်။

သို့သော် ရွေးကောက်ပွဲစရိတ်အနေဖြင့် တစ်စုံတစ်ရာငွေကြေးမသတ်မှတ်ပါက ၀င်ရောက်ယှဉ်ပြိုင်မည့်သူ များလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

“သတ်မှတ်ချက်တစ်ခုတော့ ရှိဖို့လိုတယ်။ နိုင်ရင်ပြန်ပေးမယ်။ ရှုံးရင်ဘယ်လောက်ပြန်ရသင့်တယ်မျိုး” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ကိုယ်စားလှယ်လောင်းမှတ်ပုံတင်ကြေးနှင့် ပတ်သက်၍ လျှော့ပေါ့ပေးရန် ပါတီငယ်လေးများက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့ကြသည်။ ၂၀၁၀ ရွေးကောက်ပွဲမှစ၍ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များသည် မှတ်ပုံတင်ကြေးအဖြစ် ကျပ် ငါးသိန်း ပေးဆောင်ရပြီး အဆိုပါ ကျပ်ငါးသိန်းမှာ နိုင်နိုင်၊ ရှုံးရှုံး ပြန်လည်မရရှိပေ။
(7day)
 

၂၀၁၅ ရွေးကောက်ပွဲ မဲပေးသူလက် ဆေးသုတ်ရန် စဉ်းစားနေ

လာမည့် ၂၀၁၅ ရွေးကောက်ပွဲများတွင် လူတစ်ဦးတည်းက မဲအကြိမ်ကြိမ်ထည့်ခြင်းမျိုး မဖြစ်ပေါ်စေရန် မဲလာထည့်သူ၏လက်ကို ဆေးသုတ်သည့်စနစ်မျိုး ကျင့်သုံးသွားရန် စဉ်းစားထားကြောင်း သတင်းရရှိသည်။

“မဲလာထည့်တဲ့သူတွေရဲ့လက်ကို ဆေးသုတ်တာကို သွားမလားလို့ စိတ်ကူးထားတယ်။ ကျွန်တော်လည်း သိပါတယ်။ သူများနိုင်ငံတွေမှာ မဲလာထည့်တဲ့သူတွေကို မျက်စိစစ်တာတို့၊ ဆံပင်ကို ဆေးသုတ်တာတို့ ရှိပါတယ်။ ကျွန်တော်တို့လည်း Vision ရှိပါတယ်။ Plan ရှိပါတယ်”ဟု အောက်တိုဘာ ၁၁ ရက် ရန်ကုန်တိုင်းလွှတ်တော်အဆောက်အအုံတွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူ တစ်ဦးတစ်ယောက်တည်းက သုံးလေးကြိမ် မဲထည့်သည့်ဖြစ်ရပ်များ ရှိခဲ့သည်ဟု နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများကပြောသည်။

“သေချာစိစစ်ပြီး မဲပေးခိုင်းရမှာပါ။ အဲဒါမှ ပွင့်လင်းမြင်သာမှုရှိမှာပါ။ တချို့နိုင်ငံတွေဆို မဲလာပေးတဲ့သူတွေကို ဦးခေါင်းကို ဆေးသုတ်လိုက်တာတွေ ရှိပါတယ်”ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဇော်အေးမောင်ကပြောသည်။

စာရွက်ပေါ်တွင် မဲပေးရသော နိုင်ငံအချို့၌ မဲပေးပြီးသည်ကိုသိရှိရန် လက်မ (သို့မဟုတ်) ထင်ရှားသောနေရာအား မင်သုတ်သည့် အလေ့အထများရှိကြောင်း နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးကဆိုသည်။

“အဓိကတော့ မဲရုံးမှူးတွေပေါ် မူတည်တယ်။ မဲရုံးမှူးတွေက ဆေးသုတ်ပြီးသားတွေ ထပ်ပေးခိုင်းရင်လည်းရတာပဲ”ဟု ဦးကျော်လင်းဦးကဆိုသည်။

(7day)

၂၀၁၅ ရွေးကောက်ပွဲ စောစောကျင်းပမည်


မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် အရေးကြီးသည်ဟု နိုင်ငံရေး လေ့လာသူများက သတိပေးထား သည့် ၂၀၁၅ ရွေးကောက်ပွဲကို တတ်နိုင်သမျှ စောစော ကျင်းပ မည် ဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေး ခန်းမ၌ ပြုလုပ်သော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် နိုင်ငံရေး ပါတီများနှင့် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် တို့ တွေ့ဆုံသည့် အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်သက်တမ်း ငါးနှစ်မှာ ၂၀၁၆ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြည့်မည် ဖြစ်ကြောင်း၊ လွှတ်တော်သက်တမ်း ငါးနှစ် မပြည့်မီ ဒုတိယအကြိမ် လွှတ်တော် ကျင်းပပေးရမည်ဟု နားလည်ထားကြောင်း၊ ယင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို တတ်နိုင်သမျှ စောစော ကျင်းပပေးမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှ စောစောဖြစ်နိုင်အောင် ဘယ်နေ့ ကျင်းပမယ်ဆိုတာ ကြေညာပေးပါ့မယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ စောစီးစွာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ၂၀၁၄ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်းအသီးသီး ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “၂၀၁၀ ရွေးကောက်ပွဲလို ခါးသီးတဲ့ အတွေ့အကြုံတွေ မဖြစ်စေရပါဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ၂၀၁၅ ရွေးကောက်ပွဲကို စောစီးစွာ ကျင်းပခြင်းထက် ပွင့်လင်း မြင်သာပြီး တရားမျှတမှုရှိရန် လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောကြားသည်။

အဆိုပါ နိုင်ငံရေး ပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တို့ တွေ့ဆုံသည့် အခမ်းအနားတွင် ရွေးကောက်ပွဲ တရားမျှတမှု ရှိရေး၊ ပါတီများ မဲဆွယ် စည်းရုံးရေး ကိစ္စများနှင့် အချိုးကျ ကိုယ်စားပြုစနစ် PR ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး တပ်မတော်အစိုးရ တာဝန်ရှိသူ အများစုဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်အများစု အနိုင်ရရှိခဲ့သည်။

(The Voice)

၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် တရားမျှတစေမည် ဟု ကော်မရှင် ဥက္ကဋ္ဌဆို



၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အင်အားကြီး ပါတီများနှင့် ပါတီငယ်များအကြား မဲဆွယ် စည်းရုံးရေးတွင် တရားမမျှတမှုများ ရှိခဲ့သဖြင့် ၂၀၁၅ အထွေအထွေ ရွေးကောက်ပွဲတွင် ယင်းသို့မဖြစ်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမ၌ ပြုလုပ်သော နိုင်ငံရေး ပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တို့ တွေ့ဆုံပွဲတွင် ၎င်းက ယင်း သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ရွေးကောက်ပွဲကာလ ပါတီများ၏ မဲဆွယ် စည်းရုံးရေး လုပ်ငန်းစဉ်များတွင် တရား မမျှတမှုများ မဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု ပြောဆိုသော်လည်း မည်သို့ ဆောင်ရွက်မည်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။

အဆိုပါ မဲ ဆွယ်စည်းရုံးရေးသည် ပါတီများ၏ အခွင့်အရေး ဖြစ်ပြီး ကန့်သတ်မှုများ မပြုလုပ် သင့်ကြောင်း၊ ရွေးကောက် ပွဲ တရားမျှတမှု ရှိရန်သာ အရေးကြီးကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

နိုင်ငံရေး ပါတီကြီးများသည် မဲဆွယ် စည်းရုံးမှုများကို လွတ်လပ်စွာ စည်းရုံးနိုင်သော်လည်း အင်အားနည်း ပါတီများနှင့် ယှဉ်ပြိုင်မှုကို တရားမျှတမှု ရှိစေရန် ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူ ဆောင်ရွက်သင့်ကြောင်း ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးပုဂျင်ခမ်လန်က ပြောကြားသည်။

၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် အင်အားကြီး နိုင်ငံရေးပါတီများ မဲဆွယ် စည်းရုံးရာတွင် လွတ်လပ်လွန်းနေပြီး အခြားပါတီငယ်များ မဲဆွဲစည်းရုံးရေးအတွက် အနှောင့်အယှက် ဖြစ်စေသောကြောင့် တရားမျှတမှု မရှိကြောင်း ဦးတင်အေးက ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် အထွေအထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများ၏ မဲဆွယ် စည်းရုံးမှုများကို အကန့် အသတ်ဖြင့်သာ ခွင့်ပြုခဲ့ပြီး မဲမသမာမှုများ ရှိခဲ့ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုထားသည်။

(The Voice)
 

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာများ ရှိသော်လည်း ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည်မဟုတ်


လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာများ ရှိသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ်ဟု အောက်တိုဘာ ၁၁ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၃၀ မှ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ပါတီများက လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြပြောဆို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက လက်ရှိ နယ်မြေဒေသ အချို့၌ လွှတ်တော် ကိုယ်စားလှယ်အချို့ လစ်လပ်နေမှုနှင့် ပတ်သက်ပြီး ပြည်သူ့အကျိုးကို ထိခိုက်သွားလောက်အောင် လစ်လပ်နေခြင်းမျိုး မဟုတ်သည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည် မဟုတ်ကြောင်း နိုင်ငံရေး ပါတီများအား ရှင်းပြခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် အတွင်း၌ အာဆီယံ အားကစားပြိုင်ပွဲ ကျင်းပရန် ရှိနေခြင်း၊ ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန်နှင့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ရန် စသည့် အခြေအနေများ ရှိနေရာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်းကြောင့် အာရုံပျက်ပြား စေနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပ ဖြစ်ခြင်းဟု ဦးတင်အေးက ဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပရခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ''အခု ၂၀၁၃ မှာ အာဆီယံ အားကစားပြိုင်ပွဲ ရှိတယ်။ ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမှာ ရှိတယ်။ အဲဒါကြောင့် ၂၀၁၅ ဆိုရင် ကပ်ပြီ ဖြစ်တဲ့အတွက် အခက်အခဲရှိတယ် ဖြစ်တဲ့ အတွက်ကြောင့် မလုပ်တာရယ်၊ ကိုယ့်ဘက်ကလည်း မဲစာရင်းကြီးကို အပိုင်ရမှာ လုပ်လိုက်ရင် ပြဿနာ နည်းမယ်။ မဲစာရင်း အဟောင်းကြီးတွေက မခိုင်မာဘူး ဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတဲ့ အတွက်ကြောင့် ကျွန်တော်က ဒီကာလ လေးတွေမှာတော့ မလုပ်သေးဘူး။ ကျန်တဲ့ တိုင်းပြည်တွေမှာ ကြားဖြတ် ရွေးကောက်ပွဲ ဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာ ဥပဒေရှိတယ်။ ကျွန်တော်တို့ ဆီမှာကတော့ လုပ်ပေးချင်တယ် ဆိုလည်း လုပ်ပေးလို့ ရပါတယ်။ ကျွန်တော်တို့ ဆီမှာက ပြဿနာတွေ အများကြီး ရှိတယ်။ တော်ကြာကျမှ မျက်နှာမရဘဲနဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးရိမ်တယ်'' ဟု ပြောကြားသည်။

လက်ရှိတွင် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ၃၂၅ နေရာ ရှိသည့်အနက် ၁၀ နေရာ လစ်လပ်နေကြောင်း၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ် ၁၆၈ နေရာတွင် လေးနေရာ လစ်လပ်နေကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် ကိုယ်စားလှယ် ၆၆၁ နေရာ ရှိသည့်အနက် ရှစ်နေရာ လစ်လပ်နေသည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

''မကျင်းပပေးတော့ရော ဘာဖြစ်နိုင်လဲ ဆိုတော့ သိပ်တော့ မထူးတဲ့အတွက် ဒါကို မကျင်းပပေးတာပါ။ ကြားဖြတ် ရွေးကောက်ပွဲဆိုတာ ရှိလည်း ရှိသင့်ပါတယ်။ သို့သော်လည်းပဲ တစ်နေရာမှာ လွှတ်တော် ကိုယ်စားလှယ် သုံးယောက်လုံး လွတ်သွားပြီဆိုမှ မဖြစ်မနေ ကျင်းပပေးရမယ့် အခြေအနေ ရှိတာပေါ့။ ကျင်းပပေးရမှာပေါ့။ အကျိုးနဲ့အပြစ် သိပ်ချိန်ပြီး လုပ်လိုက်လို့ပါ'' ဟု ဦးတင်အေးက ဆက်လက် ပြောကြားသည်

(eleven)
 

Thursday, October 10, 2013

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ယခုလအတွင်း မှတ်ပုံတင်မည်


ရှစ်လေးလုံး အရေးတော်ပုံတွင် ဦးဆောင် ပါဝင်ခဲ့သူများဖြင့် ဖွဲ့စည်းထားသော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ကို အောက်တိုဘာလအတွင်း မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ပြောကြားသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်ရေးအတွက် အောက်တိုဘာ လဆန်းပိုင်းမှ စတင်ကာ ပါတီတွင် ညှိနှိုင်းနေကြောင်း ၎င်းကဆိုသည်
“ပါတီဝင်တွေ မှတ်ပုံတင်ရဖို့ အရင်လုပ်နေပါတယ်။ ကျန်တာတွေက အဆင်သင့် ဖြစ်နေပါပြီ” ဟု ၎င်းကဆိုသည်။

ပါတီ မှတ်ပုံတင်ပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ပါတီ၏ လုပ်ဆောင်နိုင်မှု အရည်အသွေးကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲ အပြီးတွင် တပ်မတော်အစိုးရ၏ ဖမ်းဆီးမှုများကြောင့် ပြည်ပသို့ တိမ်းရှောင် ထွက်ပြေးနေရကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရသစ် လက်ထက် ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကို ၁၉၈၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့တွင် (၂၅) နှစ်ပြည့် ငွေရတု အခမ်းအနားကို ကျင်းပမည် ဖြစ်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီထံမှ သိရသည်။

Monday, October 7, 2013

ရခိုင်အမျိုးသားပါတီထူထောင်ရန် ပါတီမှတ်ပုံတင်ရေးကော်မတီဖွဲ့စည်း

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပေါင်းစည်းထားတဲ့ ရခိုင်အမျိုးသားပါတီထူထောင်ဖို့ ပါတီမှတ်ပုံတင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။

ရခိုင် ၂ ပါတီ ပူးပေါင်းရေး ဆွေးနွေးပွဲကို အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေ     က ရန်ကုန်မြို့မှာကျင်းပခဲ့ပြီး   Arakan National Party  ခေါ် ရခိုင်အမျိုးသားပါတီ ထူထောင်ဖို့ ကော်မတီကို ဖွဲ့စည်းလိုက်တာပါ။

ကော်မတီ ပထမ ခေါင်းဆောင်အဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင် နဲ့ ဒုတိယခေါင်းဆောင်အဖြစ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီက ဒေါက်တာအေးမောင်တို့ကို ရွေးချယ်တင်မြှောက်ခဲ့တယ်လို့ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲမှာ ပါတီသစ်ရဲ့ မူဝါဒနဲ့ ဖွဲ့စည်းပုံမူကြမ်းတွေလည်း ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ဦးခိုင်ပြည်စိုးက ပြောတယ်။

“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ လူမျိုးကို အခြေခံတဲ့ ပြည်ထောင်စုမျိုးဖြစ်ရမယ်ဆိုတဲ့ မူတခုကို အများသဘော ဆုံးဖြတ်ကြတယ်။ ဒီမိုကရေစီအရေး တခုပါတယ်။ အဲဒီနှစ်ခုဟာ ကမ္ဘာကြီးမှာ ရှေ့တန်းရောက်နေသလို တိုင်းရင်းသားတွေအကုန်လုံးကလည်း ရှေ့တန်းတင်ထားတဲ့အတွက် ရခိုင်တွေကလည်း တိုင်းရင်းသားတွေနဲ့ လမ်းကွဲမသွားအောင် ဒီမူဝါဒကိုပဲ ဆက်လက်ကျင့်သုံးသွားမယ်။”

ပါတီသစ်အနေနဲ့ လာမယ့် သီတင်းပတ်ထဲမှာ နေပြည်တော်ကို သွားရောက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီမှာ  သွားရောက်မှတ်ပုံတင်ဖို့ အစီအစဉ်ရှိပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ တခုဖြစ်ပြီး စစ်အစိုးရလက်ထက်မှာ ပါတီဖျက်သိမ်းခံခဲ့ရကာ  ဦးသိန်းစိန်အစိုးရ  တက်လာပြီး တဲ့နောက် ၂၀၁၂ ခုနှစ် ဧပြီလမှာမှ ပါတီ မှတ်ပုံပြန်တင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက် ရေးပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ ၃၅ နေရာနဲ့ ရခိုင်ပြည်မှာ  အမတ်နေရာအများဆုံးရခဲ့တဲ့ ပါတီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြီးစီးသွားတဲ့ နှစ်ပါတီ ပေါင်းစည်းရေးဆွေးနွေးပွဲမှာတော့ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့အပြင် ၂ ဘက်ပါတီက အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုယ်စားလှယ် ၁၅ ဦးစီ တက်ရောက်ခဲ့ပါတယ်။ 

 DVB

Sunday, October 6, 2013

ရခိုင်ပါတီနှစ်ခုပေါင်း ပါတီသစ် ပေါ်လာတော့မည်

လက်ရှိမှာ နိုင်ငံရေးပါတီတွေအဖြစ် တရားဝင်ရပ်တည်နေတဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသား များဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP တို့ကို ပူးပေါင်းပြီးတော့ ရခိုင်အမျိုးသားပါတီ ALP ဆိုတဲ့ ပါတီအသစ်တစ်ခုကို မှတ်ပုံတင် ဖွဲ့စည်းဖို့ အောက်တိုဘာလ ၅ ရက်၊ စနေနေ့မှာ ဆွေးနွေး သဘောတူခဲ့ကြတာပါ။

နှစ်ဘက်ပါတီတွေက တာဝန်ရှိသူ ၁၅ ယောက်စီဟာ စနေနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးကြပြီးတော့ ပူးပေါင်း ရေး သဘောတူခဲ့ကြတဲ့အကြောင်း RNDP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ဗွီအိုအေကိုပြောပါတယ်။

“ပါတီပူးပေါင်းရေးနဲ့ပတ်သက်ပြီးတော့ သဘောတူညီမှုတစ်ခု ရတယ်ပေါ့လေ၊ အသစ်ဖြစ်လာမယ့် Arakan National Party ရခိုင် အမျိုးသားပါတီရဲ့ ဖွဲ့စည်းပုံမူကြမ်းနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ယေဘုယျ အတည်ပြုလိုက်ကြတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ Process က ပါတီနှစ်ခုပူးပေါင်းရေးဟာ ယေဘုယျအားဖြင့် ကျနော်တို့ အောင်အောင်မြင်မြင် ဆုံးဖြတ်ချက် ချနိုင် တယ်ပေါ့လေ၊ အဲဒါကြောင့် ကျနော်တို့က register လုပ်တဲ့ process ကို စပါတော့မယ်။”

ပါတီအသစ်ရဲ့ ပခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်တွေကို တနင်္ဂနွေနေ့မှာ ရွေးချယ်ပြီးတဲ့နောက် မှတ်ပုံတင်ဖို့ ဆက်လုပ်သွားမယ်လို့ ဦးဦးလှစောက ပြောပါတယ်။ လက်ရှိ ALD နဲ့ RNDP ပါတီတွေကတော့ ANP ပါတီသစ် တရားဝင်မှတ်ပုံတင် ကျပြီးတဲ့နောက်မှာ လက်ရှိ တည်ဆဲ ဥပဒေစည်းမျဉ်းစည်းကမ်းတွေအရ နိုင်ငံရေးပါတီတွေအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်သွားမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

အမျိုးသားရေးလိုအပ်ချက်အရ အခုလို ပူးပေါင်းဖို့ သဘောတူခဲ့ကြတာဖြစ်တယ်လို့ ALD ပါတီခေါင်းဆောင် ဦးအေးသာအောင် က ပြောပါတယ်။

“ကျနော်တို့ကတော့ အမျိုးသားညီညွတ်ရေးကို တည်ဆောက်တဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ ပြည်သူတွေက ဒီနှစ်ပါတီကိုပေါင်းဖို့ တိုက်တွန်း နေတဲ့ တိုက်တွန်းချက်အရဖြစ်ဖြစ် တစ်မျိုးသားလုံးအတွက်အရေးကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ အင်အားရှိတဲ့ အမျိုးသား ညီညွတ် ရေးကို တည်ဆောက်ကြတဲ့ ပါတီတစ်ခုအနေနဲ့ဖြစ်ဖို့ လိုအပ်ချက်အရ၊ အမျိုးသားလိုအပ်ချက်အရ ပေါင်းစည်းဖို့အတွက် ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။"

RNDP ပါတီဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ရခိုင်ပြည် မဲဆန္ဒနယ် ၃၄ နေရာမှာ ၂၈ နေရာ အနိုင်ရခဲ့ပါတယ်။ ပြည်နယ်တစ်ခုလုံးရဲ့ မဲဆန္ဒနယ်အများစုကို အနိုင်ရခဲ့တယ်ဆိုပေမဲ့လည်း ပြည်နယ်လွှတ်တော်မှာ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅% ရှိနေတဲ့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်အပါအ၀င် အရေးကြီးတဲ့ လုပ်ပိုင်ခွင့်နေရာတွေကို ဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့်လည်း အင်အားကောင်းတဲ့ ရခိုင်အမျိုးသားပါတီတစ်ရပ်ကို ရခိုင်ပြည်နယ်မှာ ဖွဲ့စည်းနိုင်မယ်ဆိုလို့ရှိရင် ရခိုင်ပြည်သူတွေ ကို တကယ်ကိုယ်စားပြုတဲ့ ရခိုင်အစိုးရတစ်ရပ်အနေနဲ့ ဒီမိုကရေစီကျကျ ပေါ်ထွန်းလာဖို့ မျှော်လင့်ချက်ရှိတဲ့အပြင် နောက် ရည်ရွယ်ချက်တစ်ခုကိုလည်း ဦးဦးလှစောက ရှင်းပြခဲ့ပါတယ်။

“NLD တို့ ကြံ့ခိုင်ရေးတို့ဆိုတာဟာ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်သူတွေအနေနဲ့ကျတော့ ရခိုင်ပြည်နယ်မှာ တကယ်တမ်းဖြစ်ပျက်နေတဲ့ ပြဿနာတွေကို တကယ်တမ်း နှစ်နှစ်ကာကာ တကယ့်ရင်နဲ့အမျှ သိနိုင်တာက ရခိုင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ရခိုင်ပါတီတွေပဲ သိနိုင်တယ်။ အဲဒီတော့ ကျနော်တို့မှာ ရခိုင်ပြည်ရဲ့အနာဂတ်ကို ဖန်တီးဖို့ ဆိုလို့ရှိရင် ရခိုင်ပြည်သူ တွေကို တကယ်ကိုယ်စားပြုနိုင်တဲ့ ရခိုင်အမျိုးသားပါတီတစ်ရပ်ဟာ လိုအပ်တယ်ဆိုတာကို ရခိုင်ပြည်သူကလည်း တောင်းဆို တယ်၊ ကျနော်တို့ပါတီတွေကလည်း သိတဲ့အတွက်ကြောင့် ဒီပါတီဖြစ်ပေါ်ရေးအတွက် ကျနော်တို့ကြိုးစားတာဖြစ်ပါတယ်။”

RNDP ပါတီအတွင်းရေးမှူး ဦးဦးလှစောပါ။

RNDP ပါတီဟာ လက်ရှိမှာ လွှတ်တော်အမတ်နေရာ ၃၂ နေရာကို ရရှိထားပါတယ်။

ရခိုင်ပြည်နယ်မှာ လူမှုအ၀န်းအ၀ိုင်းတွေကြား ရုန်းရင်းဆန်ခတ် အကြမ်းဖက်အခြေအနေတွေဖြစ်ခဲ့ပြီး အခုနောက်ဆုံး သံတွဲဒေသ ဘက်မှာ အခြေအနေတွေ ရှုပ်ရှုပ်ထွေးထွေး ရှိနေဆဲအချိန်မှာပဲ ရခိုင်လူမျိုးစုပါတီနှစ်ရပ် ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ရခိုင် ပြည်နယ်ဘက်က ပဋိပက္ခအခြေအနေတွေရဲ့ နောက်ကွယ်မှာ ရခိုင်နိုင်ငံရေးပါတီတွေရဲ့လက်ချက် မကင်းဘူးဆိုတဲ့ စွပ်စွဲပြောဆို ချက်တွေ ထွက်ခဲ့ဖူးပေမဲ့လည်း သက်ဆိုင်ရာပါတီတွေကတော့ ဒါကို အခိုင်အမာ ငြင်းထားကြပါတယ်။

သံတွဲဘက်က  အခုနောက်ဆုံးဖြစ်ရပ်အတွင်း RNDP ပါတီရဲ့ သံတွဲမြို့နယ်ခွဲဥက္ကဋ္ဌဖြစ်သူဟာ ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။ 

(VOA)