Pages

Subscribe:

Saturday, June 7, 2014

PR စနစ် ရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်တွင် အဆိုတင်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က ကန့်ကွက်ထားပြီး တိုင်းရင်းသား နိုင်ငံရေးပါတီများအကြား အဓိက အငြင်းပွားနေသော အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ကျင့်သုံးရေးအတွက် ရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်တွင် အဆိုတင်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ထံမှ သိရှိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် PR စနစ် ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လ ၃ ရက်နေ့၌ ယင်းလွှတ်တော်တွင် အဆိုတင်သွင်းရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံလိုက်ပြီးနောက် ယခုထပ်မံ၍ ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းမည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် PR စနစ်ကို ကျင့်သုံးခြင်းထက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်မှုတွင် ယင်းစနစ်ကို ကျင့်သုံးရန် ပိုမိုသင့်လျော်သည့် အတွက် ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းမည် ဆိုခြင်းမှာ ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဌေးဦးကလည်း အမျိုးသားလွှတ်တော်၌ တင်သွင်းထားသော PR ကိစ္စမှာ ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာမည် ဖြစ်ပြီး ပြည်သူ့လွှတ်တော်အတွက် သီးသန့် ထပ်မံတင်သွင်းမည် ဆိုသည်ကိုမူ မပြောနိုင်သေးကြောင်း မှတ်ချက်ပြုသည်။

သို့သော် လွှတ်တော်ကိုယ်စားလှယ် အချို့ထံ စုံစမ်းမေးမြန်းချက်အရ အဆိုပါ PR စနစ်ကို ဇွန်လ ၇ ရက်နေ့ နောက်ပိုင်းတွင် တင်သွင်းရန် စီစဉ်နေခြင်း ဖြစ်ကြောင်း၊ အဆိုတင်သွင်းခွင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လက်ခံလိုက်ပြီ ဆိုပါက ယင်းအဆိုကို လွှတ်တော်၌ ရက်ပိုင်းအတွင်း တင်သွင်းရန် သေချာကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ 

PR စနစ်ကို အဓိက ကန့်ကွက်ထားသော NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း ယင်းစနစ်ကို ပြည်သူ့လွှတ်တော်၌ တင်သွင်းလာနိုင်သေးကြောင်း ပြောဆိုသော်လည်း အတိအကျ ပြောဆိုခြင်း မရှိပေ။

ယင်းအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြုစု ထုတ်ဝေထားသော PR စနစ် သုတေသန စာတမ်းတွင် ယင်း PR စနစ်ကို ကျင့်သုံးမည် ဆိုပါက တိုင်းရင်းသား တန်းတူအခွင့်အရေးအတွက် ရည်ရွယ် ဖွဲ့စည်းထားသော အမျိုးသားလွှတ်တော်ထက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်မှုတွင် ကျင့်သုံးရန် ပိုမိုသင့်လျော်ကြောင်း ဖော်ပြထားသည်။

အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်များ အတွက်မူ လက်ရှိ ကျင့်သုံးနေသော နိုင်သူအကုန်ယူစနစ် (FPTP) ကိုသာ ဆက်လက် ကျင့်သုံးသင့်ကြောင်း ဖော်ပြပါရှိသည်။

PR စနစ် ကျင့်သုံးရေး ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းလာပါက လက်ရှိ နိုင်ငံရေး အခြေအနေများအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှု ရရှိနိုင်ပြီး တိုင်းရင်းသားပါတီများ အနေနှင့်မူ ကန့်ကွက်ဖွယ် ရှိကြောင်း၊ အမျိုးသားလွှတ်တော်တွင်း တင်သွင်းထားသည့် ယင်း PR စနစ်ကိုလည်း ယခုလအတွင်း ဆွေးနွေး ဆုံးဖြတ်မည် ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်၏ သဘောထားနှင့် အခန်းကဏ္ဍမှာလည်း အရေးပါလာမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

(The Voice)

0 comments:

Post a Comment