Pages

Subscribe:

Monday, March 24, 2014

ရှုထောင့်လေးပါးနှင့် မြန်မာပြည်


Written by ပေါ်လင်းဦး

လတ်တလော မြန်မာ့နိုင်ငံရေးကို ကြည့်မိရင်း အတွေးတစ်ခု ပေါ်လာပါသည်။ မြန်မာ့နိုင်ငံရေးတွင် အခြေခံ အတွေးအခေါ်များ၊ အယူအဆများက အုပ်စုဖွဲ့လာလိုက်၊ ပြန်ကွဲသွားလိုက်နှင့် သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ပြောင်းလဲနေသည်ဟု ခံစားမိပါသည်။ ယခု စာစုအနေနှင့်လည်း ယနေ့နိုင်ငံရေးတွင် အိုင်ဒီယာတို့ ထွန်းကားလာပုံ၊ အနည်ကျလာပုံတို့ကို စာရေးသူ ခံစားမိသလို တင်ပြကြည့်လိုခြင်းသာ ဖြစ်ပါသည်။နောက်ခံအခင်းအကျင်း

ယနေ့လက်ရှိ နိုင်ငံရေး အယူအဆအားလုံး၏ သန္ဓေတည်ရာမှာ တပ်မတော် အစိုးရလက်ထက်က စတင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ တပ်မတော် အစိုးရလက်ထက်တွင် ဟိုဘက်၊ ဒီဘက် ဟူသည့်အုပ်စု နှစ်ရပ်ထွန်းကားခဲ့သည်။ အစိုးရ ဘက်တော်သားနှင့် အတိုက်အခံ ဘက်တော်သား ဟူသည်တို့ ဖြစ်သည်။ ကိုယ့်လူ မဟုတ်လျှင်၊ သူ့လူဆိုသော အယူအဆ ဖြစ်သည်။ ‘ငါနှင့်မတူ၊ ငါ့ရန်သူ’ ဟူသော သဘောထား ဖြစ်သည်။ ယင်းတို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့သည်။ အပြန်အလှန် ဆော်ကြသည်။ ယင်းအနေအထားမှ ဟိုဘက်လည်း မဟုတ်၊ ဒီဘက်လည်း မဟုတ်သော ‘ကြား’ အင်အားစုတစ်ခု ထပ်ပေါ်လာသည်။ ဤသို့ဖြင့် အင်အားစု သုံးစုဟူ၍ ပေါ်ထွန်းလာခဲ့သည်။

အင်အားစုများ သန္ဓေတည်ခြင်း

ပထမအင်အားစု ဆိုသူတို့မှာ စနစ်အဟောင်းတွင် တွက်ခြေ အတော်ကိုက်သူ များ ဖြစ်သည်။ မြိုးမြိုးမြက်မြက် စားသာခဲ့သူတို့ ဖြစ်သည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် စနစ်ဟောင်းတွင် ပိုနေမြဲ၊ ကျားနေမြဲသာ နေလိုသည်။ နိုင်ငံကို တည်ငြိမ်မှု ရှုထောင့်မှ ကြည့်လေ့ရှိသည်။ လုံခြုံမှု အကြောင်းကို တွင်တွင်ပြောသည်။ နိုင်ငံသည် ဒီမိုကရေစီ စနစ်အတွက် အသင့်ဖြစ်၊ မဖြစ်ကို သံသယရှိသည်။ ထိုကြောင့် ခေတ်ပြောင်း စနစ်ပြောင်းကို စိုးရိမ်သည်။ ထိုသို့စိုးရိမ်သည်မှာ နိုင်ငံအတွက် စိုးရိမ်သည်များ ပါသလို ကိုယ်ကျိုးစီးပွား အတွက် စိုးရိမ်သည်လည်း ပါနိုင်သည်။

ဒုတိယအင်အားစု ဆိုသည်မှာ အတိုက်အခံ အုပ်စုပင် ဖြစ်သည်။ ရယ်ဒီကယ် အတွေးအမြင် လွှမ်းမိုးသည်။ ဒီမိုကရေစီကို ‘တိုက်ယူမှ ရမည်’ ဆိုသော အယူအဆ ဖြစ်သည်။ ‘ရရင်ရ၊ မရရင်ချ’ ဆိုသော သဘောဖြစ်သည်။ အတိတ်ကို ကိုးကွယ်သူများဟု အမြင်ခံရသူများ ဖြစ်သည်။ ခေတ်ပြောင်း စနစ်ပြောင်းကို လုံးလုံးအယုံအကြည် မရှိခဲ့။ ၂၀၀၈ အခြေခံဥပဒေကို ရာနှုန်းပြည့် ဆန့်ကျင်ခဲ့သူများ ဖြစ်သည်။ ဒီမိုကရေစီစံနှုန်း ဆိုသောစကားကို အသေတွယ်ဖက် ထားသူများ ဖြစ်သည်။

တတိယ အင်အားစုမှာကား ဖြစ်နိုင်ခြေကို ဦးစားပေးလေ့ ရှိသည်။ အရှိတရားကို အခြေခံသည်။ ပေးထားချက်ဆိုသော စကားကို တွင်တွင် သုံးသည်။ ဟိုဘက်ဒီဘက် အင်အားစု နှစ်ရပ်စလုံးကို နားလည်အောင် ကြည့်သည်။ အတိတ်ကို သင်ခန်းစာအဖြစ်သာ ထားသည်။ အဖြစ်နိုင်ဆုံးကို အဖြစ်သင့်ဆုံးဟု ယုံကြည်လက်ခံသည်။ ဟိုဘက်ကလည်း မဟုတ်၊ ဒီဘက်ကလည်းမဟုတ်။ မိမိကိုယ်ကိုယ် ‘ကြားလူ’ ဟု ခံယူထားသည်။ မြန်မာ့နိုင်ငံရေးတွင် မည်သူမျှ အကုန်မမှားသလို၊ မည်သူမျှ အကုန်မမှန်နိုင်ဟု ရှုမြင်သည်။၂၀၀၈ အခြေခံဥပဒေကို ထွက်ပေါက် တစ်ခုအဖြစ် လုံးလုံးယုံကြည်သည်။

သို့ဖြစ်ရာ တင်ပြခဲ့ပါ အင်အားစုသုံးခုတို့မှာ ၂၀၁၀ ပြည့်နှစ် မတိုင်ခင်က ရှိနေခဲ့သော အနေအထားတို့ ဖြစ်သည်။ တစ်နည်းအားဖြင့် တပ်မတော် အစိုးရဟူသော နောက်ခံ အခင်းအကျင်းမှ ထွက်ပေါ်လာသော အင်အားစုတို့ ဖြစ်သည်။ ယင်းအင်အားစု အသီးသီးသည် မြန်မာ့နိုင်ငံရေး၏ အဓိက ဇာတ်ကောင်များ ဖြစ်ကြသည်။

လမ်းခွဲလေပြီ

ယနေ့တွင်ကား ဒီမိုကရေစီခရီးကို ဖြတ်သန်းခဲ့သည်မှာ သုံးနှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ ခရီးပေါက်သလောက်လည်း ပေါက်ခဲ့သည်။ အောင်မြင် သလောက်လည်း အောင်မြင်ခဲ့သည်။ ဦးဆောင်မှု တစ်ခုအောက်တွင် အစပိုင်း၌ တော်တော်ပိပိရိရိ ရှိခဲ့ကြသည်။ သို့သော်၊ သို့သော် ယနေ့ အချိန်တွင်ကား ထိုသို့ မဟုတ်လှတော့။ သူ့နေရာနှင့်သူ အစွယ်တွေ ထွက်လာသည်။ ချိုတွေ သွေးပြလာသည်။ ခြေရာတိုင်းသူတွေက တိုင်းလာသည်။ သို့နှင့်အတူ အင်အားစု အသီးသီးထဲမှာပင် အယူအဆကွဲ၊ အမြင်ကွဲတွေ ရှိလာပြန်သည်။

ပထမအင်အားစုတို့လမ်းခွဲခြင်း

ပထမအင်အားစုမှာမူ စနစ်ဟောင်းတွင် ‘ပိုနေမြဲ၊ ကျားနေမြဲ’ နေလိုသူများဟု သာမန်အားဖြင့် ပြောနိုင်သည်။ အသွင်ကူးပြောင်းရေးကို ပြင်းပြင်းပြပြ ဆန္ဒမရှိလှသူများဟု အမြင်ခံရသည်။ သို့သော် မဖြစ်မနေ အသွင်ကူးပြောင်း ပြီးချိန်တွင် ပထမ အင်အားစုမှာပင် အုပ်စု (၁) နှင့် (၂) ဟူ၍ ကွဲသွားသည်။

အုပ်စု (၁) မှာ စနစ်သစ်တွင် အံဝင်ခွင်ကျ မရှိလှသူတို့ ဖြစ်သည်။ အမာဂိုဏ်းဟု သမုတ်ခံရသည်။ နဂိုမူလစိတ် မကုန်ချင်ဟု ဆိုကြသည်။ ကိုယ်ကျိုးစီးပွားနှင့် တွဲ၍ အမြင်ခံရသည်။ ယင်းတို့၏ အမြင်သဘောထားများကို ပုံအရ ရှုထောင့် (A) အဖြစ် သတ်မှတ်ထားသည်။

အုပ်စု (၂) ကတော့ ထိုသို့မဟုတ်။ အပြောင်းအလဲနှင့် အံဝင်ခွင်ကျ ဖြစ်အောင် လိုက်ပါသည်။ နောက်ကြောင်း ပြန်မလှည့်ရန် သူတို့ ကိုယ်တိုင် အာမခံထားသည်။ အပြောင်းအလဲတွင် အချို့အချို့၏ ဆောင်ရွက်ချက်တို့မှာ မယုံနိုင်လောက်အောင် ပြောင်မြောက်သည်။ အချို့မှာ လူထု အသည်းကျော်တွေ ဖြစ်ကုန်သည်။ အုပ်စု (၂) ၏ နိုင်ငံ တည်ဆောက်ရေး အခြေခံအယူအဆမှာ တည်ငြိမ်မှုကို ဦးစားပေးရမည်ဟူ၍ ဖြစ်သည်။ ဒီမိုကရက်တစ် အရွေ့ကို လိုလားသည့်တိုင် တည်ငြိမ်မှုကို အဓိကထားကာ စဉ်းစားသည်။ သို့အတွက် တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သော မည်သည့် ပုဂ္ဂိုလ်၊ အခြင်းအရာတို့နှင့်မျှ ထိပ်တိုက် မတွေ့ရလေအောင် ချင့်ချိန်ဆောင်ရွက်လေ့ ရှိသည်။ ယင်းတို့ တွေးခေါ်ပုံကို ပုံအရရှုထောင့် (B) အဖြစ် သတ်မှတ်ထားသည်။ တစ်နည်းအားဖြင့် ယင်းကို ယနေ့ အစိုးရအဖွဲ့၏ အာဘော်ဟု ယေဘုယျ ဆိုနိုင်သည်။

ဒုတိယအင်အားစုတို့လမ်းခွဲခြင်း

ဒုတိယအင်အားစုပင် အတိုက်အခံ အုပ်စုပင် ဖြစ်သည်။ ဒီမိုကရေစီအား တိုက်ယူမှရမည်ဟု ဆိုသည်။ ‘မူပြောင်း၊ လူမပြောင်း’ ကို လုံးလုံး မယုံကြည်ခဲ့သူများ ဖြစ်သည်။၂၀၀၈ အခြေခံဥပဒေကို ရာနှုန်းပြည့် ဆန့်ကျင်ခဲ့သည်။ သို့သော် အပြောင်းအလဲများ စတင်ပြီး မကြာခင်တွင် ယင်းတို့တွင်လည်း အုပ်စု (၅) နှင့် (၆) ဟု ကွဲသွားသည်။

အုပ်စု (၅) မှာ အစိုးရသစ်၏ အပြောင်းအလဲတို့နှင့် ပူးပေါင်း ဆောင်ရွက်လာသူတို့ ဖြစ်သည်။ အရှိတရားကို ထည့်သွင်း စဉ်းစားလာပုံ ပေါက်သည်။ သို့သော်လည်း ‘တိုက်ယူမှရမည်’ ဟူသော သဘောကို ယုံကြည်ခဲ့သူများ ဖြစ်ခဲ့ရာ တစ်ခါတစ်ရံတွင် တွန်းတွန်းတိုက်တိုက် ကစားချင်သည်။ ဒီမိုကရက်တစ် အရွေ့အတွက်ဆိုလျှင် နည်းပေါင်းစုံ သုံး၍ ကစားလိုသည်။ တည်ငြိမ်မှုကိုလည်း အနည်းငယ်ဖွင့်၍ ကစားရဲသည်။ ယင်းတို့၏ သဘောထားများကို ပုံအရ ရှုထောင့် (C) အဖြစ် သတ်မှတ်ထားသည်။ ယင်းကို ယနေ့အတိုက်အခံ၏ အာဘော်ဟု ယေဘုယျ ဆိုနိုင်သည်။

သို့သော် အုပ်စု (၆) မှာ ထိုသို့မဟုတ်။ အစွန်းရောက်ဆဲ ဖြစ်သည်။ ကိုယ်ဖြစ်ချင်သည်ကို မျက်စိစုံမှိတ်၍ ခြေကန်ပြောသူများ ဖြစ်သည်။ အရှိတရားကို မျက်ကွယ် ပြုသလောက်ရှိသည်။ ယင်းတို့မှာ အရေအတွက်အားဖြင့် နည်းပင် နည်းသော်လည်း ရှိတော့ရှိနေဆဲ ဖြစ်သည်။ အခြေအနေပေးလျှင် သူတို့အသံတွေ ထွက်လာသည်။ သို့သော် အရေအတွက်တော့ နည်းပုံရသည်။ ယနေ့ အခင်းအကျင်းက သူတို့ကိုတော့ မျက်နှာသာမပေး။ ယင်းတို့ ရှုမြင်ပုံကို ရှုထောင့် (D) အဖြစ် သတ်မှတ်ထားသည်။

တတိယအင်အားစုတို့လမ်းခွဲခြင်း

အမှန်တော့ တတိယ အင်အားစုသည် အထိန်းအကျောင်း နိုင်ငံရေးအတွက် တကယ်အားကိုးရမည့် အင်အားစု ဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ တတိယ အင်အားစုမှာပင် အုပ်စု (၃) နှင့် အုပ်စု (၄) ဟူ၍ ကွဲသွားပြန်သည်။ ဤကား ကောင်းလှသည်တော့ မဟုတ်။

အုပ်စု (၃) မှာ ‘တည်ငြိမ်မှု အခြေပြုအယူအဆ’ ဖြစ်သည်။ အဖြေတစ်ခုကို တည်ငြိမ်မှု ဘောင်အတွင်းမှ ချဉ်းကပ်လိုခြင်း ဖြစ်သည်။ သို့အတွက် ပေးထားချက်တို့၏ မျက်နှာရိပ် မျက်နှာကဲကို အလေးအနက် ထားသည်။ ဖြည်းဖြည်းမှန်မှန် သွားလိုပုံရသည်။ တစ်ဆင့်ပြီးမှတစ်ဆင့် သွားလိုသည်။ ပုံအရ ယင်းကို ရှုထောင့် (B) အဖြစ် သတ်မှတ်ထားသည်။

အုပ်စု (၄) မှာ ‘အရွေ့အခြေပြု အယူအဆ’ ဖြစ်သည်။ ဒီမိုကရက်တစ် အရွေ့အတွက်ဟု ယူဆလျှင် တည်ငြိမ်မှုကိုပင် အနည်းငယ် ဖြစ်စေဖွင့်၍ ကစားလိုသည်။ ကစားရဲသည်။ သို့သော် ယင်းအဖွင့်ကြောင့် ရရှိပြီးသော အပြုသဘော အခြေအနေတို့ကို ခြိမ်းခြောက်မှု မရှိအောင် ချင့်ချိန်သည်။ ယင်းသို့ ရှုမြင်နည်းကို ပုံအရ ရှုထောင့် (C) အဖြစ် သတ်မှတ်ထားသည်။ ၎င်းတို့က ‘တည်ငြိမ်မှု အခြေပြု အယူအဆ’ သမားများကို အားမရ။ ချီတုံချတုံဖြင့် ဟိုလူ့မျက်နှာကြည့်၊ ဒီလူ့ မျက်နှာ ကြည့်လွန်းသည်ဟု မြင်သည်။ အလားတူပင် ဖြစ်သည်။ ‘တည်ငြိမ်မှု အခြေပြုအယူအဆ’ ကလည်း ‘အရွေ့အခြေပြု အယူအဆ’ ကို လောနေသည်ဟု ပြန်မြင်သည်။

သို့ဖြစ်ရာ တတိယ အင်အားစုမှ အုပ်စု (၄) နှင့် ဒုတိယအင်အားစုမှ အုပ်စု (၅) တို့သည် နိုင်ငံတည်ဆောက်ရေး အမြင်အားဖြင့် တိုက်ဆိုင်ကြသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့အတူပင် တတိယ အင်အားစုမှ အုပ်စု (၃) နှင့် ပထမ အင်အားစုမှ အုပ်စု (၂) တို့သည် နိုင်ငံတည်ဆောက်ရေး အယူအဆအားဖြင့် တူညီလာပြီး အတူလက်တွဲ လာကြသည်ကို တွေ့ရမည် ဖြစ်သည်။

အဆုံးသတ်ဆိုရသော် ယနေ့ မြန်မာ့နိုင်ငံရေးတွင် အကျိုးစီးပွားကို အခြေပြု၍ လည်းကောင်း၊ တည်ငြိမ်မှုကို အခြေခံ၍ လည်းကောင်း၊ ဒီမိုကရက်တစ် အရွေ့ကို ဇောင်းပေး၍ လည်းကောင်း၊ ဒီမိုကရေစီ စံနှုန်းကို ဦးစားပေး၍ လည်းကောင်း စဉ်းစားသည့် အတွေးအခေါ် လေးမျိုးက လွှမ်းမိုးထားပြီး ယနေ့ ကြုံတွေ့နေရသော ငြင်းခုံမှုတိုင်းသည် ယင်းအတွေးအခေါ် လေးပါးတို့အကြားက လွန်ဆွဲပွဲများသာ ဖြစ်ပါကြောင်း (ခြွင်းချက်အချို့မှအပ) ယေဘုယျအားဖြင့် ဆိုနိုင်စရာ ရှိပါသည်။

http://thevoicemyanmar.com/ မှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

0 comments:

Post a Comment