Pages

Subscribe:

Thursday, May 9, 2013

ပီအာအကြောင်း ပြောကြည့်တာပါ အပိုင်း(၂)


ပီအာဆိုတဲ့ အချိုးကျကိုယ်စားပြုမဲပေးစနစ်ဆိုတာ ဘာလဲဆိုတာ ရှင်းရှင်းမသိကြဘဲ ရှိတဲ့ပါတီ အားလုံး အချိုးချပြီး အမတ်နေရာပေးရမှာလို ဆိုသူကဆို၊ တိုင်းရင်းသား ၁၃၅ မျိုးစလုံးကို အချိုးကျပြီး နေရာ ပေးရမယ် ထင်တဲ့သူက ထင်နေကြတယ်။ အချို့က တပ်မတော်သား ၂၅ % ရှိနေတာဟာ အချိုးချပြီးသား လို ပြောသူကပြောနေကြပါတယ်။ ဒီနေရာမှ ကျွန်တော်ပြောချင်တာကတော့ ပြည်သူလူထုက မဲပေးရွေးရမယ့် အမတ်နေရာတွေအတွက် သုံးမယ့် မဲပေးစနစ်ကိုပါ။ တပ်မတော်က ပါတာကတော့ အခြေခံဥပဒေထဲကခွင့်ပြု ချက် အရ ပါနေခြင်းဖြစ်ပါတယ်။ ဒါကို ၀င်ပြောလိုမရသလို မပါစေချင်ရင်လည်ူးအခြေခံဥပဒေထဲက စာပိုဒ်တွေ ကို ပြင်ဆင်ဖြုတ်ပစ်မှသာ ဖြစ်ပါလိမ့်မယ်။

        ပီအာနဲ့ပတ်သက်ပြီး ကော်မရှင်ဥက္ကဌက လာမယ့်ဇွန်လ လွှတ်တော်မှာ ဥပဒေကြမ်းတင်မယ်။ လွှတ် တော်က ၂၀၁၃ ခုအတွင်းမှ အတည်ပြုပေးခဲ့ရင် ၂၀၁၄ မှာ ကြိုတင်ပြုဆင်မှုအားလုံးလုပ်ပြီး ၂၀၁၅ မှာ ကျင်းပ ပေးနိုင်မယ်။  ၂၀၁၃ အတွင်း ဥပဒေမလုပ်ပေးနိုင်ခဲ့ဘူးဆိုရင် ၂၀၁၅ မှာသုံးဖို့ သူလုပ်မှာမဟုတ်ဘဲ အရင်စနစ် ကိုပဲ အသုံးပြုပါမယ်လို့ တရားဝင်ပြောခဲ့ပါပြီ။

        ဒီတော့ ဒါကို လွှတ်တော်ကနေ ဆုံးဖြတ်ပါလိမ့်မယ်။ အများစုမဲ ၅၀% ကျော်နဲ့ အတည်ပြုနိုင်တာမို့ ပြည်ထောင်စုလွှတ်တော်မှာ မဲ ၃၃၄ မဲရရင် ဥပဒေက အတည်ဖြစ်ပါမယ်။ ဒါကြောင့်မို့ ပီအာစနစ် သုံးမယ်၊ မသုံးမယ် ဆုံးဖြတ်ဖို့ဆိုတာဟာ ခင်ဗျားတို့၊ ကျွန်တော်တို့ ပြည်သူလူထု လက်ထဲမှာ မရှိပါဘူး။ အများစုရနေတဲ့ ကြံ့ခိုင်ရေးလက်ထဲမှာပါ။ တစညကလည်း ပီအာကိုထောက်ခံတယ်လို့ တရားဝင်ပြောပြီးပါပြီ။

        ကျွန်တော်တို့က သုံးရမယ်လို့ ဘယ်လိုပဲပြောပြော သူတို့က မသုံးဘူးဆိုရင်လည်း ဘာမှမတတ်နိုင်သ လို ခင်ဗျားတို့က ဘယ်လိုပဲကန့်ကွက်ကန့်ကွက်၊ သုံးမယ်လို့ဆုံးဖြတ်ခဲ့ရင် ဘယ်သူမှတတ်နိုင်မှာမဟုတ်ပါဘူး။

နောက်ပြီးတော့ ခေတ်အဆက်ဆက်မှာ ရွေးကောက်ပွဲစနစ်ကျင့်သုံးဖို့ ပြည်သူဆန္ဒကို တကယ်ခံယူခဲ့ကြလို့ လား။ အုပ်ချုပ်သူတွေက သုံးမယ်ဆိုတဲ့ ရွေးကောက်ပွဲစနစ်အတိုင်း ပြည်သူလူထုက မဲတွေပေးခဲ့ရတာပါ။ ဒါကြောင့် ပီအာစနစ်သုံးဖို့ သင့်မသင့်၊ လိုမလိုဆိုတာ   ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ရမယ်လို့  အချို့က လွယ်လွယ်ပြောကြ ပေမယ့် တကယ့်လက်တွေ့ကတော့  ဖြစ်နိုင်ဖို့ မလွယ်ပါဘူး။

        မြန်မာပြည်လွှတ်တော်သုံးရပ်မှာ ဘယ်လွှတ်တော်မှ သုံးမလဲဆိုတာ ကော်မရှင်ပြောမှ သိပါလိမ့်မယ်။  ကျွန်တော့်အထင် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေထဲက တစ်ခုခု ဖြစ်ဖို့များပါတယ်။ အမျိုးသားလွှတ်တော်ဆိုရင် အမတ်နေရာ ၁၂ နေရာစီဖို့ ရွေးကောက်ပွဲမဲဆန္ဒနယ် သတ်မှတ်ထားပြီးသားမို့  ကျင့်သုံးဖို့ လွယ်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တိုင်းတွေ ပါနေတာကြောင့် သုံးနိုင်မသုံးနိုင် ကြည့်ရဦးမှာပါ။

        ပြည်သူ့လွှတ်တော် ကတော့ သုံးလို့ဖြစ်နိုင်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ သုံးမယ်ဆိုပါတော့။ အရင်ဆုံး ပီအာစနစ်ကို အပြည့်သုံးမှာလား၊ ရောနှောသုံးမှာ လား ဆိုတာက စမေးရပါဦးမယ်။ အပြည့်ုသုံးမယ်ဆိုတာက အမတ်နေရာ၃၃၀ကို ပီအာစနစ်နဲ့ပဲ ရွေးမယ်ဆိုချင် တာပါ။ ရောနှောသုံးမယ်ဆိုတာက အမတ်နေရာ ဘယ်လောက်ကို အရင်စနစ်အတိုင်းသုံး၊ ကျန်တဲ့အမတ်နေရာတွေကို ပီအာစနစ်သုံးပြီးရွေးမယ် ဆိုတာမျိုးပါ။  အသုံးပြုတဲ့စနစ်အလိုက် မဲပေးပုံနဲ့ မဲကဒ်ပြားတွေ ကွာခြားသွားတာပါ။

        မြန်မာနိုင်ငံမှာ ပီအာစနစ်သုံးရင် အရောပုံစံကို သုံးမယ့်အနေအထားရှိပါတယ်။ ဘယ်စနစ်ကိုပဲသုံးသုံး ပီအာစနစ်ဆိုတာနဲ့ မဲဆန္ဒနယ်တွေကို သတ်မှတ်ရပြီ။ အမတ်နေရာ၃၃၀ လုံးကို မဲဆန္ဒနယ်မြေတစ်ခုတည်း မလုပ်ဘဲ အမတ်အနည်းဆုံး ၁၀ နေရာစီလောက်၊ ဒါမှမဟုတ် သင့်တော်သလို ဦးရေအရေအတွက်ကို တိုင်းနဲ့ပြည်နယ်အလိုက်ကြည့်ပြီး  မဲဆန္ဒနယ်တစ်ခု လုပ်နိုင်ပါတယ်။ ဒါမှ တစ်ဝက်ကို တိုက်ရိုက်ရွေးပြီး ကျန်တစ်ဝက်ကို ပီအာ စနစ်နဲ့ ရွေးချယ်ဖို့ လုပ်နိုင်ပါလိမ့်မယ်။

        ပီအာစနစ်မှာတော့ မြန်မာပြည်သူတွေ အသားကျနေတဲ့ မြို့နယ်မဲဆန္ဒနယ်ကိုယ်စားလှယ်၊ မြို့နယ်အမတ်ဆိုတာ ရှိတော့မှမဟုတ်ပါဘူး။ အဲ့ဒီမြို့နယ်ပါဝင်တဲ့ မဲဆန္ဒနယ်မြေအမှတ်ဘယ်လောက်ရဲ့ ကိုယ်စားလှယ်၊ အမတ်ဆိုတာပဲ ရှိနေမယ့်သဘောပါ။ ဒါကလည်း သိပ်မဆန်းလှပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း တောင်  ၁၉၄၇ ရွေးကောက်ပွဲတုန်းက ရန်ကုန်တောင်ပိုင်းခရိုင်အမတ် အဖြစ် ရွေးခဲ့တာပါ။ အဲ့ဒီတုန်းက မြို့နယ်ကို ကိုယ်စားပြုထားတဲ့အမတ် မဟုတ်ပါ။ ခရိုင်တို့၊ ဘာ တို့ကို ကိုယ်စားပြုပြီး ရွေးချယ်ကြတဲ့ ခေတ်ပါ။ နောက်ပိုင်း ဦးနေ၀င်းရဲ့ မဆလခေတ်ရောက်မှသာ တစ်မြို့နယ်တစ်ယောက်၊ လူနည်းနည်း၊ များများ  လွှတ်တော်ကိုယ်စားလှယ်၊ အမတ်တစ်ယောက်ဆိုပြီး လုပ်ခဲ့တာကို  ပြည်သူတွေက အသားကျနေလို့ ပါ။ နောက်ပိုင်းမှာလည်း ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲတွေမှာလည်း ဒီစနစ်အတိုင်း ဆက်လက်ကျင့်သုံးခဲ့တယ်။ အခြေခံဥပဒေမှာတောင် နှစ်မျိုးရေးထားတယ်။ မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြခံ၍ လည်းကောင်း၊ ဆိုပြီး ပြဋ္ဌာန်းထားတယ်။

အမှန် ကတော့ ပြည်သူ့လွှတ်တော်ဟာ မြို့နယ်ကို အခြေခံရမှာထက် လူဥိးရေကို ကိုယ်စားပြုရမှာပါ။ မဲပေးနိုင်တဲ့ လူဦးရေနဲ့ သတ်မှတ်ထားတဲ့ အမတ်နေရာတွေကို အချိုးချပြီး မဲဆန္ဒနယ်မြေမှာ မဲပေးပိုင်ခွင့်ရှိသူ ဘယ်လောက်ဆိုပြီး ညီတူညာတူသတ်မှတ်သင့်တာပါ။ မြန်မာပြည်မှာ မဲပေးနိုင်သူ သန်း ၃၀ ရှိရင် အမတ် နေရာ ၃၃၀ နဲ့ အချိုးချရင် လူ ၉၀၀၀၀မှာ အမတ်တစ်ယောက် ဖြစ်ရပါလိမ့် မယ်။ ဒီအတိုင်းဆိုရင် ပြည်နယ်တွေအတွက်  လက်ရှိ အသားကျနေတဲ့ အနေအထားကနေ အများကြီး သူတို့အတွက် နစ်နာတယ်လို့ ထင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ပြည်နယ်အများစုမှာရှိတဲ့ မြို့နယ်တွေကလူဦးရေက တိုင်းဒေသကြီးတွေမှာရှိတဲ့ လူဦးရေထက်စာရင် အများကြီး နည်းပါတယ်။ ကွာဟပါတယ်။ ဥပမာ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ လူဦးရေစုစုပေါင်းက တိုင်းဒေသကြီးတွေမှာရှိတဲ့ လူဦးရေအများဆုံးမြို့ထက်တောင် နည်းချင်ပါသေးတယ်။ ဒါကိုလည်း မဲတင်းတဲ့အနေနဲ့ အမျိုးသားလွှတ်တော်မှာ လုပ်ပိုင်ခွင့်များကို ပြည်သူ့လွှတ်တော်ထက်တိုးပေးခြင်းနဲ့  လက်ရှိအမျိုးသားလွှတ်တော်အမတ်ဦးရေကို  ၁၂ ဦးကနေ လျှော့ချသင့်ပါတယ်။ ၂ ယောက်မထားနိုင်ရင် လေးယောက်လောက်ပဲ ဖြစ်သင့်ပါတယ်။ လူများလွန်းရင် ဆီးနိတ်ပုံသဏ္ဍာန် မဖြစ်တော့ပါ။ သမ္မတစနစ်သုံးတဲ့နိုင်ငံတိုင်းမှာ ဆီးနိတ်လို့ခေါ်နိုင်တဲ့ အမျိုးသားလွှတ်တော်မှာ လုပ်ပိုင်ခွင့်အာဏာ ပိုရှိပါ တယ်။ ဆီးနိတ်ကသဘောမတူရင် လုပ်ရခက်ပါတယ်။ ဒီကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိုးအစားအတိုင်း အမျိုးသားလွှတ်တော်က ဖြစ်ဖို့သင့်ပါမယ်။

        ပီအာစနစ်မှာ ပထမကွဲပြားချက်က မြို့နယ်ကိုယ်စားပြုအမတ် မရှိဘူးလို့ ဆိုနိုင်တယ်။ ဒါပေမယ့် အမတ်နေရာ အနိုင်ရထားတဲ့ ပါတီက အဲ့ဒီမြို့မှာရှိနေရင်တော့ ပါတီကနေတဆင့် အမတ်တွေကိုပြောနိုင်တယ်။ ကိုယ်ပါတဲံ မဲဆန္ဒနယ်မှာ ရှိနေတဲ့ အမတ်တွေထဲက ကိုယ်နဲ့ အနီးဆုံးအမတ်တွေကို သွားပြီး တင်ပြလို့လည်း ရပါလိမ့်မယ်။

        ဒုတိယကွဲပြားချက်က ပါတီတွေရဲ့ အမတ်လောင်းစာရင်းပဲ။ ကျွန်တော်ဥပမာပေးခဲ့တဲ့ အမတ်၁၀ နေရာ ရှိတဲ့ မဲဆန္ဒနယ်ကို အရောပီအာစနစ်သုံးမယ်ဆိုရင်  အဲ့ဒီနေရာတွေအတွက် ဒီအမတ်လောင်း ၁၀ ယောက်ကို ပါတီကနေ စာရင်းပေးရမယ်။ ဒီမိုကရေစီကျတဲ့ ပါတီတွေမှာဆိုရင် ဒီ(၁၀)ယောက် စာရင်းကို ပါတီတွင်းမှာ မဲနဲ့ယှဉ်ပြိုင်ပြီး အဆင့်တစ်ကနေ ၁၀ ကို ရွေးချယ်သတ်မှတ်ပြီး  အများသိအောင် ကြေညာရပါလိမ့်မယ်။ ဒီမိုကရေစီမကျရင်တော့ ကိုယ့်ပါတီကနေ ပြိုင်မှာက ဒီ၁၀ယောက်ပဲလို့ စာရင်းထွက်လာပါလိမ့်မယ်။  ကိုယ်နဲ့ပြိုင်မယ့် အခြားပါတီတွေ လည်း ဒီလိုပဲ စာရင်းသွင်းကြပါလိမ့်မယ်။ တသီးပုဂ္ဂလ၀င်ပြိုင်ချင်ရင်လည်း စာရင်းသွင်းနိုင်ပါ တယ်။  သူ့ကိုလည်း ပါတီတစ်ခုအနေနဲ့ သတ်မှတ်ပါလိမ့်မယ်။ အဲ့ဒီနေရာမှာ ပါတီလေးခုနဲ့ တသီးပုဂ္ဂလနှစ်ယောက် ၀င်ပြိုင်တယ်ဆိုပါတော့။ ဖြစ်လာမယ့်မဲစာရွက်က စာရွက်ကြီးမှာ  ခြောက်ပိုင်း ခြားထားပြီး ပထမပါတီရဲ့ ရွေးကောက်ပွဲသင်္ကေတနဲ့ သူ့ဘေးမှာလေး ထောင့် ကွက်၊ သူ့အောက်မှာ သူ့ပါတီက စာရင်းတင်ထားတဲ့လူ ၁၀ယောက်ရဲ့ပုံ/အမည် နဲ့ ဘေး အသိးသီးမှာ လေး ထောင့်ကွက်၊ နောက် တစ်ကော်လံကူးပြီး အခြားပါတီတွေဆက်လာမယ်။  နောက်ဆုံးတသီးပုဂ္ဂလတွေရဲ့ သင်္ကေတတွေ။

        မဲပေးရမယ့်သူက ဒီမဲစာရွက်ကိုကြည့်ပြီး

၁။     ကိုယ်ကြိုက်တဲ့ပါတီရဲ့ဘေးမှာ အမှန်ခြစ် ခြစ်။

၂။     ကိုယ်ကြိုက်တဲ့ကိုယ်စားလှယ်ဘေးမှာ အမှန်ခြစ် ခြစ်ပြီး မဲပုံးထဲသွားထည့်ရုံပဲ။

ဒါက ရောနှောပီအာစနစ်ရဲ့ မဲပေးပုံ၊ မဲပေးရတဲ့နည်းစနစ်ပါ။



မဲရေတွက်ပြီး အမတ်အဖြစ်သတ်မှတ်ရွေးပုံကတော့

၁။     ပါတီမဲတွေကို ရေတွက်ပြီး ပါတီအလိုက် အနည်းအများ စဉ်ထားမယ်။

၂။     အမတ်လောင်းတွေ အသီးသီးရတဲ့ မဲတွေကိုရေတွက်ပြီး အနည်းအများ စဉ်ထားမယ်.

၃။     မဲအများဆုံးရတဲ့ငါးယောက်က အမတ်ငါးဦး ဖြစ်သွားမယ်။

၎။     ပါတီအလိုက်ရတဲ့မဲတွေကို တရားဝင်မဲလာပေးတဲ့ အရေအတွက်နဲ့စားမယ်။ မဲပေးနိုင်တဲ့ဦးရေနဲ့ စားမှာ မဟုတ်ဘူး။

ဥပမာ မဲလာပေးသူ ၁၀သိန်းရှိပြီး (က)ပါတီက မဲ ၄၇၀၀၀၀ရမယ်။ (ခ)ပါတီက ၂၁၀၀၀၀ရမယ်။  (ဂ)ပါတီက ၁၃၀၀၀၀ရပြိး (ဃ)ပါတီက  ၈၀၀၀၀၊ တသီးပုဂ္ဂလတွေက ၆၀၀၀၀နဲ့ ၅၀၀၀၀စီရမယ်ဆိုရင်  လူ၁၀သိန်းနဲ့ အချိုးချရင် ကပါတီက ၄၇% ငါးဦးရမယ်။ ခပါတီက ၂ ဦးရမယ်။ (ဂ)ပါတီက တစ်ဦးရမယ်။ ဃ ပါတီကလည်း တစ်ဦးပဲရမယ်။ ကျန်တစ်ဦးကတော့ ကျန်တဲ့အစွန်းထွက်မဲတွေထဲက အများဆုံးဖြစ်တဲ့ မဲ ၆၀၀၀၀ ရတဲ့ တသီးပုဂ္ဂလက ရသွားပါလိမ့်မယ်။ (ဂ) ပါတီအစွန်းထွက်မဲက ၃၀၀၀၀ပဲရှိလို့ မရပါ။ ဒါက ရောနှော ပီအာစနစ်ပါ။

ဒါက အကြမ်းဖျင်းတင်ပြခြင်းပါ။



ဘယ်သူမဆို  ပီအာစနစ်မှာ ရွေးချယ်တင်မြှောက်ခံရဖို့နဲ့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့အတွက်

        ၁။     ပါတီထောင်ဖို့ လိုပါတယ်။ ဒါမှ နေရာများများ ပြိုင်နိုင်ပါလိမ့်မယ်။

တသီးပုဂ္ဂလိကအဖြစ်လည်း ၀င်ပြိုင်လို့ရပါတယ်။ တိုင်းရင်းသားလူမျိုးတိုင်းလည်း  ကိုယ်စားပြုလိုတယ်ဆိုရ၈် ပါတီထောင် ပြိး ၀င်ပြိုင်ဖို့ လိုပါတယ်။ တိုင်းရင်းသားလူမျိုးအတွက် သီးသန့်သတ်မှတ်ပေးထားမှာ မဟုတ်ပါ ဘူး။

၂။     လူထုထောက်ခံမှုရှိဖို့လည်း လိုပါတယ်။ ပါတီထောင်တိုင်း လူထု တောက်ခံမှု ရှိလိမ့်မယ်လို့ သေချာပေါက်ပြောလို့မရပါ။

၃။     လူထုထောက်ခံမှုရရှိအောင် လူထုကြားမှာ ပါတီတိုင်းက စည်းရုံးရေးဆင်းထားဖို့ လိုပါတယ်။

၎။     ကိုယ့်ပါတီမှာ လူထုကြိုက်နှစ်သက်တဲ့သူတွေ၊ လူထုကြိုက်နှစ်သက်တဲ့ မူဝါဒနဲ့ လုပ်ငန်း အကောင်အထည်ဖော်မှုတွေ နဲ့ လူထုကို အကူအညီပေးတာတွေ ရှိကြဖို့ လိုပါတယ်။

၅။     အချို့လူတွေ ပြောနေကြသလို ဘာသာရေးအစွန်းရောက်များ၊ ခေတ်နောက်ပြန်ဆွဲသူများ၊ လူမျိုးရေး စိတ်ဓာတ် ပြင်းထန်သူများ မပါဖို့ဆိုရင် ပါတီမှတ်ပုံတင်ဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေ တွေနဲ့ ထိန်းချုပ်ဖို့လိုပါတယ်။ နိုင်ငံသားဥပဒေကိုအတိုင်း တိတိကျကျလုပ်ဖို့လိုပါတယ်။ မဲပေးခွင့်ရှိသူ နဲ့ ရွေးချယ်ခံပိုင်ခွင့်ရှိသူတွေကို တင်းကြပ်လို့ ရပါတယ်။ လက်ရှိမှာ မဲပေးခွင့်ရှိသူ အရည်အချင်းက အရမ်းလျှော့ရဲနေပါတယ်။

၆။     ပါတီထောင်တိုင်း ၊ ၀င်ပြိုင်တိုင်း၊ မဲရတိုင်းလည်း လွှတ်တော်မှာ နေရရမယ်လို့ သေချာပေါက် မပြောနိုင်ပါ။ သတ်မှတ်ထားတဲ့ မဲအရေအတွက်ကိုရမှသာ လွှတ်တော်မှာ ကိုယ်စားပြုနိုင်မှာ ဖြစ်ပါတယ်။  တိုင်းရင်းသားဖြစ် တိုင်းလည်း နေရာသတ်မှတ်ပေးထားခြင်း မရှိပါ။ ၀င်ပြိုင်ရမယ်။ သတ်မှတ်ထားတဲ့ မဲရရမယ်။ ဒါမှ ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်ရပါလိမ့်မယ်။

၇။     ပါတီခေါင်းဆောင်တိုင်းလည်း တန်းစီဇယားမှာ ထိပ်ဆုံးကပါနေမယ်။ ဒီလိုပါနေလို့ အမတ်နေရာသေချာပေါက်ဟု မပြောနိုင်ပါ။  ပါတီခေါင်းဆောင် ၀င်ပြိုင်ရတဲ့ မဲဆန္ဒနယ်မှာ ကိုယ့်ပါတီက မဲဘယ်လောက်ရသလဲဆိုတာ က စကားပြောပါလိမ့်မည်။

၈။     အခြားမဲဆန္ဒနယ်မြေက မဲရလာဒ်များကို လာပေါင်းပြိး အမတ်နေရာရရှိခြင်းကတော့ တစ်နိုင်ငံ လုံးကို မဲဆန္ဒနယ်တစ်ခု သို့မဟုတ် တိုင်းနဲ့ပြည်နယ်တစ်ခုစီကို မဲဆန္ဒနယ်တစ်ခုစီအဖြစ် သတ်မှတ်ထားရင်တော့ ဖြစ်နိုင်ပါသည်။ သို့သော် အားနည်းချက်မှာ မဲစာရွက်အကြိးစား သုံးနေရမည်ဟု ထင်ပါသည်။ ထိုကဲ့သို့သုံးသော နိုင်ငံများကို ပြန်လေ့လာကြည့်ပါဦးမည်။



မိုးကုတ်ကိုတိုး

၀၉၄၅၀၀၅၇၀၈၈

 

ပါတီများအားလုံး ၂၀၁၅ နေရာရရေးထက် လူထုအကျိုးစေတနာရှိစွာ လုပ်ရန်လိုကြောင်း ဦးဌေးဦးဆို

 

ရွေးကောက်ပွဲဆိုသည်မှာ မဲဆန္ဒရှင် ပြည်သူလူထုမှ မိမိတို့ ၏ အကျိုးဆောင်ရွက်မည့်ပုဂိ္ဂုလ် များ၊ ပါတီများအားလုံး ယုံကြည် စွာဖြင့် ဆန်္ဒပေးရွေးချယ်တင် မြောက်ခြင်းဖြစ်သဖြင့် ပါတီများ အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးတွင် နေရာရရှိ ရေးထက် ပြည်သူလူထုအကျိုးကို သာ စေတနာရှိစွာ ရှေ့တန်းထား လုပ်ဆောင်ရန်သာ အဓိကလို အပ်ကြောင်းနှင့် လူထုအပေါ် အကျိုးပြုနိုင်ဆုံးနှင့် စေတနာ အထားနိုင်ဆုံးသောသူများသာ လူထု၏ အသိအမှတ်ပြုခြင်းခံရ မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆို သည်။

““၂၀၁၅ ပါတီစုံရွေးကောက် ပွဲကြီးမှာ နေရာရရေးဆိုတာထက် ပါတီတွေအားလုံးဟာ ပြည်သူလူ ထုအကျိုးကို ထိရောက်စွာ လုပ် ကြဖို့လိုမယ်။ လုပ်လည်းလုပ်ကြရ လိမ့်မယ်။ ပါတီတိုင်းဟာ ပြည်သူ လူထုအကျိုးအတွက် အလုပ်လုပ် ဖို့တာဝန်ရှိတယ်။ အဲသလိုလုပ်တဲ့ အခါမှာလည်း ၂၀၁၅ ဆိုတာ ထား၊ စေတနာရှိရှိ၊ နည်းမှန်လမ်း မှန်နဲ့ ထိထိရောက်ရောက် ပြည် သူတွေအတွက် လုပ်ပေးကြရလိမ့် မယ်။ ဒါမှ ပြည်သူလူထုက ယုံ ကြည်မယ်။ အားကိုးချင်လာမယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုတာက ဘယ်သူက ပြည်သူ့အတွက် ပို လုပ်ပေးသလဲဆိုတာကို လူထုက ရွေးချယ်ပြီး တာဝန်ပေးမယ့်ပွဲ၊ ဒါကြောင့် နေရာကိုဘေးထား၊ လူထုအတွက် စေတနာရှိရှိလုပ်ဖို့ လိုတယ်။ ပါတီတွေဟာ သူတို့ရဲ့ ပြည်သူလူထုအကျိုး ဆောင်ရွက် ချက်တွေကို ပြည်သူလူထုကိုတင် ပြီး အဲဒီလူထုရဲ့ ရွေးချယ်မှုနဲ့ လာမယ့်ရွေးကောက်ပွဲကြီးကနေ တစ်ဖန်တာဝန်ပြန်ယူရမယ်။ မြန်မာပြည်သူတွေကလည်း ရင့် ကျက်လာပါပြီ။ သူ့အပေါ် ဘယ် သူကကောင်းသလဲ၊ ဘယ်သူက ဘာလုပ်ပေးသလဲဆိုတာ ကြည့် တက်လာပါပြီ”” ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးဌေးဦးက Hot News သို့ပြောသည်။

ဦးဌေးဦး၏ ဆက်လက်ပြော ကြားချက်အရ ယခုကာလသည် ပါတီများအတွက် ပြည်သူလူထု ၏ စမ်းသပ်ခံကာလတစ်ခုဖြစ်ပြီး ယင်းကာလ၌ လူထု၏အပေါ် စေတနာသန့်သန့်ဖြင့် ကူညီသူ၊ ရပ်တည်သူများသာ ၂၀၁၅ ပါတီ စုံအထွေထွေရွေးကောက်ပွဲကြီး၌ ပြည်သူလူထု၏ စိတ်ချယုံကြည် စွာ တာဝန်ပေးအပ်ခြင်းခံရမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

(hot news)
 

Saturday, May 4, 2013

ပီအာအကြောင်းပြောကြည့်တာပါ


ပီအာစနစ်အကြောင်း၊ မသုံးသင့်ကြောင်း ဝေဖန်တဲ့စာတွေကို ဖတ်ရတိုင်း အဖန်တရာတေနေ အောင်ပါတဲ့ စာသားတွေက မြန်မာပြည်နဲ့ မသင့်တော်ဘူး၊ ခေတ်နောက်ပြန် ရှေးရိုးစွဲသူများ ၊ ဘာသာ ရေးအစွန်းရောက်များ ၊ လူမျိုးရေး အစွန်းရောက်များ  လွှတ်တော်ထဲကို ရောက်လာနိုင်တယ်၊ ဂျာမဏီ မှာ ဟစ်တလာတောင် ပီအာကြောင့် အာဏာရလာတာဆိုတာတွေ အမြဲတမ်းပါနေတယ်။ ပီအာစနစ် ဆိုတာ အဲ့ဒီလောက်အထိ ဆိုးလွန်းနေတာလား။ မြန်မာပြည်တစ်ခုတည်းအတွက် ပီအာစနစ်က ဆိုးလွန်းပြီး ပီအာကို အသုံးပြု နေ ကြတဲ့ အခြားနိုင်ငံတွေကတော့ သူတို့အတွက် မဆိုးဘူးပေါ့။

ပညာရေး ရေချိန်နိမ့်တဲ့ မြန်မာပြည်သူလူထုအတွက် ဒီစနစ်က အခက်အခဲဖြစ်စေမယ်တဲ့။ ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ ခေတ်တွေမှာ မဆလခေတ်မှာ ထောက်ခံတယ်၊ကန့်ကွက်တယ် နှစ်မျိုး ထဲက တစ်မျိုးဖော်ပြဖို့ မဲပြားကို အဖြူပုံး၊ အမည်းပုံးကြိုက်တာထဲ တစ်ခုထည့်ရတယ်။ ရပ်ကွက် ကောင်စီ၊ မြိုနယ်ကောင်စီ၊ တိုင်းကောင်စီနဲ့ ပြည်သူ့လွှတ်တော်အတွက် လေးမျိုး  မဲထည့်ခဲ့ရတယ်။

ဒီစနစ်ကိုပဲ ကြုံဖူးတဲ့ ကျွန်တော်တို့တစ်တွေ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲစာရွက်ပေါ်မှာ ကိုယ်ကြိုက်တဲ့သူရဲ့ဘေးကွက်လပ်မှာ ကြက်ခြေခတ်တံဆိပ်တုန်း နှိပ်ရတဲ့ မဲပေးစနစ်ကို ကြုံကြရ တယ်။ ရွေးစရာ မရှိတော့ မဲပေးမယ့်သူတွေကိုပဲ ဘယ်လိုမဲပေးရမယ်ဆိုပြီး လိုက်လံအသိပေး၊ ပုံစံတူ တွေနဲ့  အစမ်းနှိပ်ခိုင်းကြည့်ရတယ်။ ဒါကလည်း ကျေးလက်အစွန်ထိဒီလိုမဲပေးရတယ်ဆိုတာရောက်မ

 ရောက် မသိနိုင်ဘူး။ ဒါပေမယ့် မဲရလာဒ်တွေအရ ပယ်မဲနည်းပြီး ရတဲ့မဲတွေက အရှုံးအနိုင် ပြတ်သား ခဲ့ တာကို တွေ့ရပါတယ်။

        နောက် ၂၀၀၈ မှာလည်း မဲစာရွက်ပေါ်မှာ  ၂၀၀၈အခြေခံဥပဒေကို ကြိုက်လား၊ မကြိုက်ဘူး လား နှစ်ခုတည်းက တစ်ခုအပေါ်မှာ ဘော်ပင်နဲ့အမှန်ခြစ်ရတဲ့ မဲစာရွက်နဲ့  တွေ့ခဲ့ရတယ်။ တံဆိပ်တုန်း မနှိပ်ရတော့ဘူး။

        ၂၀၁၀ မှာတော့ တစ်ခါမှမကြုံဘူးခဲ့တဲ့ မဲလေးမျိုးပေးရတဲ့စနစ်ကို မြန်မာမဲဆန္ဒရှင်တွေ ရင်ဆိုင် ခဲ့ရတယ်။ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဆိုပြိး ဖြစ်လာတယ်။ မဲစာရွက်စနစ်ကတော့ အားလုံး နားလည်နေကြတယ်။ ဘော်ပင်နဲ့ အမှန်ခြစ်ရတဲ့အလုပ်။ အလုပ်ရှုတ်သွားတာကတော့ မဲလေးမျိုးကို တစ်မျိုးပြီးတစ်မျိုး အမှန်ခြစ်ပြီး မဲပုံးထဲထည့်ရတာပဲ။ nld က ရွေးကောက်ပွဲကိုသပိတ်မှောက်ပြီး နိုးဘုတ်ကို ကြိုးစားပမ်းစားလုပ်နေကြတော့ ၀င်ပြိုင်တဲ့ပါတီတွေက လူထုကို မဲပေးပုံပေးနည်တွေ မဲဆွယ် စည်းရုံးရေးဆင်းတဲ့အခါ အများဆုံးရှင်းပြခဲ့ရတယ်။  မဲပေးကြတဲ့အခါမှာတော့ ပြဿနာ သိပ် မရှိပါဘူး။ မဲရေတွက်တဲ့အခါကျမှသာ ပြဿနာတက်ခဲ့ရတာပါ။ ကြိုတင်မဲသောင်းကျော်အောင် ရခဲ့သူ တွေကတော့ ဒုသမ္မတကြီးတွေဖြစ်ကြတဲ့ စိုင်းမောက်ခမ်းနဲ့ သီဟသူရသတင်အောင်မြင့်ဦး တို့ဖြစ် ပါတယ်။ ကြိုတင်မဲ နှစ်သောင်းကျော်ရခဲ့ပါတယ်။ မဲပေးနည်ဟာ အသစ်ဖြစ်ပေမယ့် ပြည်သူတွေက မအကြပါဘူး ။ မြန်မာပြည်သူတွေက တတ်လွယ်၊ နားလည်လွယ်ပါတယ်။

        ကမ္ဘာမှာ ပီအာစနစ်ကို အသုံးပြုနေတဲ့နိုင်ငံတွေ ၉၀ကျော်လောက်ဟာ အားလုံး ပညာရေး အဆင့်အတန်းမြင့်ကြလို့ သုံးနေတြသလားဆိုတာ ပညာရေးအဆင့်နိမ့်သေးလို့ မသုံးသင့်ဘူးဆိုတဲ့ သူတွေ လေ့လာဝေဖန်ပြကြည့်ပါလား။ သုံးနေကြတဲ့နိုင်ငံတွေထဲမှာ မြန်မာပြည်နီးပါး ပညာရေးအဆင့် နိမ့်တဲ့ နိုင်ငံတွေ မပါဘူးလားဆိုတာ ပြောကြည့်ပါလား။ ကျွန်တော်ပြောချင်တာကတော့ မြန်မာပြည် သူတွေဟာ သင်လွယ်တတ်လွယ်သူတွေပဲဆိုတာကိုပါ။ ပီအာမှာ ဒီလိုမဲပေးရတယ်၊ ဒီလို လုပ်ရတယ် ဆိုရင် ရှင်းပြရင် တတ်ပါလိမ့်မယ်။

 ပြည်သူတွေအလုပ်က ကိုယ်ကြိုက်တဲ့သူနဲ့ ပါတီကို  မဲပေးရွေး ချယ်ဖို့ပါပဲ။  ပါတီတွေအလုပ်က ပြည်သူတွေကြိုက်နိုင်မယ့်သူတွေကို ရွေးချယ်ပြီး party  list ထဲမှာ ဖော်ပြနိုင်ဖို့ဖြစ်တယ်။ ကိုယ်စားလှယ်လောင်းတွေအလုပ်ကလည်း ပါတီကရွေးချယ်တဲ့စာရင်းဇယား မှာ ပါနိုင်ဖို့ဖြစ်တယ်။ ဒါကလည်း သက်ဆိုင်ရာပါတီတွေက သူတို့ ပါတီအတွင်းမှာ ကိုယ့်နည်းလမ်းနဲ့ ကိုယ် ရွေးချယ်ဖို့ ဖြစ်ပါတယ်။ ပြည်သူတွေမကြိုက်တဲ့သူ ပါလာခဲ့ရင်တော့ အဲ့ဒီပါတီက မဲရဖို့ နည်းသွား နိုင်တာကြောင့်  စာရင်းထဲပါဖို့ မပါဖို့ဆိုတာ ဆိုင်ရာပါတီက စဉ်းစားပါလိမ့်မယ်။ အပေါ်ကနေ ဗဟိုဦးစီးစနစ်နဲ့ တန်းစီပြီးချလိုက်ပြီး အရွေးခံမယ်ဆိုရင်လည်း ပြည်သူတွေ မကြိုက်ရင် မဲရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ တန်းစီဇယားတွေဟာ သက်ဆိုင်ရာပါတီ တွေမှာ ပါတီတွင်းယှဉ်ပြိုင်မှုကနေ ထွက်လာပါလိမ့်မယ်။ ဒါကလည်း ဒီမိုကရေစီကျ တဲ့ပါတီတွေမှာ တင်ပြခဲ့သလို ဖြစ်လာနိုင်ပြီး လက်ရှိအင်အားကြီးပါတီနှစ်ခုမှာတော့ အပေါ်ကချတဲ့ အတိုင်း ဖြစ်လာဖို့ များနေတယ်။၂၀၁၅ ဟာ နာမည်ကြီးတဲ့သူနဲ့ အာဏာလက်ရှိတွေ အားပြိုင်ကြရမယ့်ပွဲပါ။

        လက်ရှိကော်မရှင်က လာမယ့်လွတ်တော်ကျမှ ပီအာစနစ်ကို အသုံးပြုဖို့ တင်မယ်ဆိုတယ်။ ဘယ်လွှတ်တော်မှာ ကျင့်သုံးမလဲဆိုတာကိုတော့ လောလောဆယ် မသိရသေးလို့ စမ်းတ၀ါးဝါးနဲ့ပဲ ထင်မြင်ချက်ပြောရမယ်ထင်တယ်။

ပီအာစနစ်မကြိုက်ဘူးဆိုတဲ့သူတိုင်းဝေဖေန်တဲ့စကားတိုင်းမှာ မြန်မာပြည်နဲ့ မသင့်တော်ဘူး၊ ခေတ်နောက်ပြန်ရှေးရိုးစွဲသူများ၊ ဘာသာရေးအစွန်းရောက်များ၊ လူမျိုးရေးအစွန်းရောက်များ လွှတ် တော်ထဲကိုရောက်လာနိုင်တယ်၊ ဂျာမဏီမှာ ဟစ်တလာတောင် ပီအာကြောင့် အာဏာရလာတာ ဆိုတာတွေ အမြဲတမ်းပါနေတယ်။

  လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ မသင့်တော်ဘူးလို့ ဘာကြောင့်ပြောနေကြတာလဲ။ ဒါကလည်း ဘယ်အထိုင်ကနေ စဉ်းစားနေတယ်ဆိုတာက စကားပြောနေတယ်။ nld ကွင်းလုံးကျွတ်အနိုင်ရရှိရေး လိုချင်သူတွေကတော့ ပီအာကို လုံးဝမကြိုက်ကြဘူး။ nld နိုင်မှ အခြေခံဥပဒေပြောင်းလဲရေး လုပ်လို့ရ မှာဆိုတဲ့ စိတ်ကူးနဲ့ အားလုံးအနိုင်ရမယ့်စနစ်ကို ဆက်သုံးချင်တယ်။ တိုင်းရင်းသား ပါတီကြီး တွေက လည်း မလိုချင်ကြဘူး။ သူတို့လည်း သူတို့ပြဿနာနဲ့ သူတို့ဖြစ်နေကြတယ်။  ၁၉၉၀အုပ်စုနဲ့ ၂၀၁၀ အုပ်စု တွဲမရဘူးဖြစ်နေတယ်။ ပြီးတော့ ပြည်နယ်အမည်အလိုက် ရှိကြတဲ့လူမျိုးတွေကို အခြားကျန်တဲ့ လူမျိုးတွေက ပုခုံးချင်းယှဉ်လာကြပြီ။ ပြည်နယ်တိုင်းမှာ အများစုမဖြစ်ကြတော့ဘူး။ အခြားသူတွေကို နေရာပေးရတော့မယ်။ ပီအာစနစ်ဆိုရင် ကိုယ့်လူမျိုးကပေးတဲ့မဲပဲ ကိုယ်ရတော့မယ်။ ဒါတောင် သိပ်မသေချာ။ မဲတွေက ကွဲသွားဦးမယ်။ ကြံခိုင်ရေးကိုပေးမယ့်မဲ၊ nld ကိုပေးမယ့်မဲ၊  အခြားကိုယ့်ပြိုင်ဖက် မျိုးတူပါတီကိုပေးမယ့်မဲ၊ အခြားသူတွေကိုပေးနိုင်တဲ့မဲတွေ ဖြစ်လာဦးမယ်။

        ပီအာစနစ်ကို မိတ်ဆက်ပေးပြီး ကျင့်သုံးချင်သူတွေက အတိတ်ကဖြစ်ရပ်ကို သင်္ခန်းစာယူ ထားပြီး နိုင်ငံရေးနောက်ပြန်လှည့်နိုင်တဲ့အခြေအနေကနေ အားလုံးလက်ခံနိုင်မယ့် ကြားအဖြေတစ်ခု ကို ရှာပေးကြသူတွေ ဖြစ်ပါတယ်။  နုနယ်သေးတဲ့ ဒီမိုကရေစီအပင် သင်းသတ်ခံရမှထက် အမြစ်ပြုတ် ပျောက်သွားမှာကို မျှော်တွေးမိလို့ ဒီစနစ်ကို မြန်မာပြည်မှာ ကျင့်သုံးဖို့ သင့်မသင့် စတင်ဖော်ထုတ် မိတ်ဆက်ပေးတာပါ။ ဒါကို အခုနောက်ဆုံးထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဆောင်းပါးရှင် ၀သုန်ဆိုသူက ဒီစနစ်တင်ပြသူတွေရဲ့ နိုင်ငံရေးလမ်းကြောင်း ရိုးသားမှုကို သံသယဖြစ်မိပါတယ်လို့ ပြောထားပါတယ်။ ကျွန်တော်ပြောခဲ့သလို ဝေဖန်သူတွေက ဘယ်အထိုင်ကနေ စဉ်းစားနေသလဲ ဆိုတာက သူ့ရေးသားချက်ကို ဖြစ်စေတာပါ။ nld နိုင်စေချင်လွန်းသူတွေကတော့ nld နိုင်ရင် အရာ အားလုံး ကောင်းသွားမယ်လို့ ခံယူထားပုံရပါတယ်။ ဒီထက် ပိုမတွေးကျတော့ဘူးလား။ ဖြစ်လာနိုင်ချေရှိတဲ့ ပြဿနာတွေကို ထည့်မတွက်ချက်တော့ဘူးလား။ ပီအာကိုတင်ပြသူတွေက ဖြစ်လာနိုင်ချေရှိတဲ့ အလားအလားတွေကို တွေးဆမြင်ထားကြသူတွေပါ။ ဒီလိုဖြစ်လာရင်တော့ ဒါက ဒီလိုဖြစ်လိမ့်မယ်လို့ တွေးထားသူတွေပါ။ nld ၂၀၁၂ မှာ နိုင်ခဲ့လို့ ၂၀၁၅ မှာ ဒီအတိုင်း ဆက်နိုင်ခဲ့ရင် တိုင်းပြည်အနာဂတ်က ဘယ်လိုဖြစ်သွားနိုင်သလဲဆိုတာကို တွေးမိကြလို့ပါ။  ခင်ဗျားတို့လည်း တွေးမိကြရဲ့လား။ မြန်မာ့နိုင်ငံရေးရဲ့ အရိပ်ဖုံးနေတဲ့ဘက်တွေက အနေအထားကို ထည့်တွက်မိ ပါရဲ့လား။ ဘက်ပေါင်းစုံကို ထည့်တွက်ထားရဲ့လားဆိုတာက ပြန်မေးချင်တဲ့မေးခွန်းပါ။ ဒါကိုတော့ နောက်မှ အကျယ်ရေးပါဦးမယ်။ အခုတော့ ဖတ်သူတွေ စဉ်းစားဖို့ပါ။ ငါတို့ ဒါတွေကို တွေးမိရဲ့လား။ တွေးထားရဲ့လားဆိုတာ ဖြစ်စေချင် လို့ပါ။

        ဒေါ်အောင်ဆန်းစုကြည်ရှိနေသမျှ ပြည်မက အခြားဒီမိုကရေစီပါတီတွေ  ဘယ်သူမှ nld ကို မယှဉ် နိုင်ပါဘူး။ ယှဉ်နိုင်ပါတယ်လို့ပြောလို့လည်း ဘယ်သူကမှ အဲံဒီပါတီကို  အထင်မကြိးပါဘူး။ သေချာတာတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရက်တစ်အင်အားစုတွေရဲ့ ခေါင်းဆောင် မဟုတ်ပါဘူး။ nld ပါတီရဲ့ ခေါင်းဆောင်၊ ဥက္ကဌသာ ဖြစ်နေတာပါ။ စုစည်းညီညွတ်တဲ့ ဒီမိုကရက်တစ် အင်အားစုကြီးတစ်ရပ်ကို ဖော်ဆောင်နေတဲ့သူ မဟုတ်ပါဘူး။ nld ပါတီ ကြီးထွားရေးနဲ့ အင်အား ကောင်းရေးကိုသာ လုပ်ဆောင်နေတယ်လို့ ပြောလို့ရသလို တစ်ခါတရံ တစ်ဦးကောင်းသူရဲကောင်း ၀ါဒကို ကိုင်ပြီး လုပ်နေသလားလို့ တွေးမိပါတယ်။

 အောင်မြင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း ဆိုတာ ရှိရပါလိမ့်မယ်။ ကိုယ့်ပါတီထဲတွင် သာ ညှိနိုင်းဆွေးနွေးခြင်းတွေ ရှိနေရမှာဖြစ်သလို မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ပါ  ဆွေးနွေး ညှိနှိုင်းခြင်းတွေ ရှိရပါမယ်။ ဒါမှသာ အများလက်ခံနိုင်တဲ့ လမ်းကြောင်းကို ဦးဆောင်ပါတီတစ်ခုအနေနဲ့ ဦးဆောင်ပြီး ရည်မှန်းချက်ကို ရောက်အောင် သွားလို့ဖြစ်ပါလိမ့်မယ်။ ဒါတောင် တစ်ခြမ်းပဲ ရှိပါသေးတယ်။ ပြိုင်ဖက်အင်အားစုတွေနဲ့ပါ ဘယ်လိုညှိ နှိုင်းဆွေးနွေးမလဲဆိုတာ ရှိပါသေးတယ်။ ဒီအတွက် ကိုယ့်ဖက်ကနေ ညီညွတ်တဲ့အားတစ်ခုကို ထူထောင်ထားနိုင်ရင် တစ်ဖက်ကလည်း လေးလေးစားစားနဲ့ တုန့်ပြန်ပါလိမ့်မယ်။ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ဟာ ကိုယ့်အလေးထားရမယ့် အဖွဲ့အစည်းတွေပါ။ သူတို့နဲ့ သဟာဇာတဖြစ်သွားတဲ့အခါ မြန်မာ့နိုင်ငံရဲ့အနာဂတ်ဟာ အာရှကျား တစ်ကောင် ဖြစ်သွားပါမယ်။ အခုတော့ ဒီအိမ်မက်က ဝေးနေဆဲပါ။ လွှတ်တော်ထဲမှာ ဒွေးရောယှက်တင် သလိုဖြစ်နေပေမယ့် တကယ့်မှာတော့ နှစ်ဖက်စလုံးက နောက်ကျောမှာဓါးကိုယ်စီနဲ့ဆိုတာ အားလုံးသိနေကြသလိုပဲ။ ပါတီခေါင်းဆောင်၊ ဥက္ကဌ တစ်ယောက်အနေနဲ့   ပါတီရဲ့မူဝါဒကို ကိုယ်က ဖော်ဆောင်ပေးတာလား၊ ကိုယ့်မူဝါဒကို ပါတီအမည် တပ်လိုက်တာလားဆိုတာ မကွဲပြားတော့ပါ။ ပါတီဆိုတာ ခေါင်းဆောင်ပြောတာကို တံဆိပ်တုံးနှိပ်ပေးတဲ့ သဘောမျိုးများ ရောက်နေပြီလား။ ဒါက ကျွန်တော်တွေးမိတာပါ။

 ခေတ်နောက်ပြန်ဆွဲသူများဆိုတာ ဘယ်သူတွေ၊ ဘယ်ပါတီတွေကို ပြောတာလဲ။ ဖြစ်နိုင်တာ ကတော့  အာဏာရှင်စနစ်ကို လွှမ်းဆွတ်သူတွေထင်တယ်။ ကွန်မြူနစ်စနစ်ကတော့ လက်ရှိမှာ ခေတ်ကုန်သွားပါပြီ။ ဘာသာရေးအစွန်းရောက်သူများ ဆိုတာကလည်း ဘယ်ဘာသာဝင်တွေကိုလဲ။ သေချာတာကတော ဗုဒ္ဒဘာသာဘုန်းကြီးတွေ မဖြစ်လောက်ဘူး။ အခြားဘာသာဝင်တွေ ဖြစ်ဖို့များ တယ်။ လူလား၊မော်လ၀ီလား၊သင်းအုပ်ဆရာလား။သူတို့ကလည်း မြန်မာပြည်မှာ ရွေးကောက်ပွဲဥပဒေ အရ အရွေးချယ်ခံပိုင်တောင် မရှိဘူး။  လူမျိုးရေးအစွန်းရောက်သူများဆိုတာကတော့ ရှင်းပါတယ်။ ဒီလူတွေကို ပါတီတွေက ရွေးရမယ်။ ပါတီကိုလည်း လူထုက မဲပေးကြရမယ်။  ဒီလိုလူမျိုးတွေ ရောက်မလာအောင် ပါတီမှတ်ပုံတင်ဥပဒေနဲ့ ထိန်းချူပ်လို့ ရတယ်။ ရွေေးကာက်ပွဲဥပဒေတွေ နဲ့ တားလို့ရတယ်။ ဥပဒေအတိုင်းသာ အတိအကျလုပ်ဖို့ လိုတာပါ။ တားလို့မရမှာက မူဆလင် ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ လွှတ်တော်ထဲရောက်မလာဖို့ ဆိုတာပဲ။ သူတို့လည်း ရောက်လာပါလိမ့်မယ်။ ပြောနေကြတဲ့ အစွန်းရောက်တွေ ပြည်သူက မဲပေးမှ ဒီလူတွေ လွှတ်တော် ရောက်လာမှာ။ မဲတောင်မှ ပီအာစနစ်မှာဆိုရင်  သတ်မှတ်ထားတဲ့ အရေအတွက်ကိုရမှဖြစ်မယ်။ အရင်လို နှစ်ယောက်တည်းပြိုင်ရမှာ မဟုတ်သလို ပြိုင်ဖက်တွေက ပိုများလာပြီး ပါတီတွေက ပိုပြီး စည်းရုံးရေးဆင်းရဖို့ များနေတယ်။ ပါတီဝိတ်က ပိုကြီးဖို့များပါတယ်။

မဲဆန္ဒနယ်မြေဆိုလို့          မျှတမှုတစ်ခု ဖြစ်စေချင်တာကို  ဆွေးနွေးချင်ပါတယ်။  ဆွမ်ဘရာဘွမ် ၂၅၄၃၊ ဆိပ်ကမ်း ၁၇၆၉၊ လှိုင်သာယာ ၃၀၇၇၄၃၊ မောင်းတော ၂၅၅၇၉၂၊  ပခုက္ကူ ၁၉၉၂၂၈၊  လပွတ္တာ ၃၀၄၄၃၆၊ ပုသိမ် ၂၁၀၄၅၄၊ မယ်စဲ့(ကယား) ၃၁၂၇၊ ရှားတော ၁၈၂၁၊ ကိုးကိုးကျွန်း ၇၈၉၊  မုံရွာ ၂၁၆၉၁၃၊ နောက်မွန်း ၃၉၁၉၊ မိုင်းလား ၁၂၉၀ ဆိုတဲ့ မဲပေးနိုင်သူ ကိုယ်စားပြုမှုကို ကြည့်ပြီး အချိုးညီတာကို ဖြစ်စေချင်ပါတယ်။ လူ၂၀၀၀ လောက်ကို မဲဆွယ်ရသူနဲ့ လူ သုံးသိန်းကို မဲဆွယ်ရသူ ဘယ်သူက ပိုပန်းမလဲ။ အမတ်တစ်နေရာချင်းအတူတူ။  လူတစ်သိန်းမှာ အမတ်တစ်ယောက်လို့ သတ်မှတ်ရင် လူပေါ်ကိုယ်စားပြုတာက ပိုမှန်မယ်။ ဒါပေမယ့် ပြည်နယ်တွေကတော့ ကြိုက်ကြမှာ မဟုတ်ဘူး။ သူတို့က ပိုအခွင့်အရေး ရထားတယ်။

ပြည်မမှာလိမ့်ခံနေရတာက အမျိုးသားလွှတ်တော်၊ ခရိုင်အလိုက် စုထားသော လူကပိုများ၊ မဲဆွယ်ရတာက ပိုပင်ပန်း။ ပြည်နယ်တွေများ သက်သာလိုက်တာ အချို့မြိုနယ်ဆိုရင် အမျိုးသားလွှတ် တော်အမတ်၂နေရာ ရတယ်။ ပြည်နယ်လွှတ်တော်အမတ်နဲ့ အတူတူပဲ။  ပင်ပန်းရတာချင်းအတူတူ အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်ထက် ဘာမှပိုမသာသလို ပြည်ထောင်စုလွှတ်တော်မှ မဲခွဲရင်တောင် မဲအနည်းစုပဲ ရနေတယ်။ ဒါကြောင့် အမျိုးသားလွှတ်တော်ကို လုပ်ပိုင်ခွင့်အာဏာ ပိုပေး သင့်သလို လူဦးရေကိုလည်း မျှမျှတတကိုယ်စားပြုနိုင်အောင် နည်းသင့်ပါတယ်။ အမေရိကန်ဆီးနိတ် ဆိုရင် တစ်ပြည်နယ် ၂ယောက်ပဲ။ မြန်မာပြည်မှာလဲ သမ္မတစနစ်ကျင့်သုံးတာကြောင့်  အမျိုးသား လွှတ်တော်ကို လုပ်ပိုင်ခွင့်ပိုပေးပြီး အမတ်ဦးရေကိုလည်း လျှော့ချသင့်တယ်။

        ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေကလည်း ပြင်ရမှာတွေ အတော်များနေတယ်။ ဒါကလည်း အားလုံး ညီညွတ်၊ သဟာဇာတဖြစ်၊ အချင်းချင်းယုံကြည်၊ ပြည်တွင်းငြိမ်းချမ်းရေး အမှန်ရရှိသွားတဲ့အခါမှ ဖြစ်လာနိုင်တာမျိုးမို့လို့ အချိန်တစ်ခုထိ စောင့်ရပါဦးမယ်။ အခုတော့ အိမ်မက် ထဲမှာပဲ အားရပါးရ ပြင်ဆင်၊ဖြည့်စွက် ၊အသစ်ရေးနေပါတယ်။



မိုးတုတ်ကိုတိုး

ဤစာမှုကို သတင်းစာ၊ ဂျာနယ်တွင် အသုံးပြုလိုပါက

094500 57088 သို့ ဆက်သွယ်ပါရန်
#to be happy#

$$ kotoetoe $$

Thursday, May 2, 2013

အချိုးကျ ကိုယ်စားလှယ်စနစ် (PR) ကို မတူကွဲပြား ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ထောက်ခံ

 
PR ဆိုတဲ့ အချိုးကျ ကိုယ်စားလှယ်စနစ်ကို ကျနော်ထောက်ခံလိုက်ပါပြီ
ဟိုးလွန်ခဲ့တဲ့ ၂၀၁၁ ခု နှစ်လောက်ကတည်းက PR ကိစ္စ အသံစထွက်လာတော့ ကျနော်တို့ ပါတီက စပြီးပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ် ။
အခုတော့ ထောက်ခံပြီဗျာ ။ ဒါပေမဲ့ ကျနော်တို့ ထောက်ခံပုံထောက်ခံနည်းကို ရှင်းပြရရင် PR သမားတွေကော - PR ဆန့်ကျင်သူတွေကော - သာမန်ပြည်သူတွေကော က သောက်ညင်ကပ်ကြ မလားဘဲ ။
PR ဆိုတာက တော့ ဒီလိုပါ - -
ရွေးကောက်ပွဲကျင်းပတဲ့အခါ ပါတီ ကိုဘဲမဲပေးရတယ်ဗျ -
ပါတီ ၅၀ ၀င်ပြိုင်တယ် တစ်နိုင်ငံလုံး အမတ် ၁၀၀၀ လိုတယ် မဲပေးသူ သန်း ၃၀ ရှိတယ် ဆိုပါတော့ - -
အမှတ်(၁) ပါတီက တစ်နိုင်ငံလုံးမှာ ထောက်ခံ မဲ ၁၀ သန်းရတယ် ဆိုပါစို့
အမှတ် (၂) ပါတီက တစ်နိုင်ငံလုံး ထောက်ခံ မဲ ၅ သန်းရတယ်ဆိုပါ စို့
အမှတ်(၃) ပါတီက တစ်နိုင်ငံလုံး ထောက်ခံမဲ ၄ သန်းရတယ်ဆိုပါစို့
ကျန် ၄၇ ပါတီကလည်း တစ်နိုင်ငံလုံးမှာ ထောက်ခံမဲ ၁၁ သန်းကို မျှတပြီးရကြတယ်ပေါ့ - -
အဲဒီအခါမှာ ထောက်ခံမဲရတဲ့အချိုးအလိုက် ပါတီ ၅၀ ကနေပြီး လွှတ်တော်ကိုယ်စားလှယ်တွေအချိုး ကျ စေလွှတ်ပေးရတဲ့စနစ်ပေါ့

တစ်ချိန်က ဘာလို့ဆန့်ကျင်ရသလည်း
တစ်ချိန်ကကျနော်တို့ PR ကို ဆန့်ကျင်ခဲ့ပါတယ် ။ ဒီနိုင်ငံအတွက် စောလွန်းသေးတယ် ထင်လို့ပါ
ဒေါ်စု နဲ့ NLD ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်းမှာ
PR စနစ်မဟုတ် ရင်
တစည ပါတီဟာ နိုင်ငံလုံးချီ ထောက်ခံမဲ အရေအတွက် မနည်းပေမဲ့ လွှတ်တော်ကိုယ်စားလှယ်ကျတော့ နည်းပါလိမ့်မယ် ။
ကြံခိုင်ရေးပါတီဟာ တစ်နိုင်ငံလုံးထောက်ခံမဲ အရေအတွက် မနဲလှပေမဲ့ NLD ကို မနိုင်ဘဲ လွှတ်တော်ကိုယ်စားလှယ်ကျတော့နည်းပါလိမ့်မယ်
ဒီလိုပါဘဲ ပြည်မက ပါတီပေါက်စလေးတွေဟာလည်း လွှတ်တော်ကိုယ်စားလှယ် အလွန်နဲပါလိမ့်မယ် ရဖို့တောင်မသေချာပါဘူး ။
တိုင်းရင်းသားဒေသက အမာခံ တိုင်းရင်းသား ပါတီတွေကတော့ မဲရမယ် လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရပါလိမ့်မယ်
အဲဒါကြောင့် - NLD ရဲ့ ရွေးကောက်ပွဲရလာဒ်ကို ကြိုကြောက်လို့ PR လုပ်တာလို့ တွက်ချက်နိုင်ပါတယ် ။
ဒါဟာ အဲဒီတုံးက PR ကို ကန့်ကွက် ရတဲ့ ပထမတစ်ချက်ပါ ။

နောက်ပြီးတော့ - - ပါတီသေးလေးတွေ အကွဲကွဲ ထောင်ပြီး ပါတီခေါင်းဆောင်တွေလုပ်လို့ PR ထဲ ပါဝင်ချင်လို့ အမတ်ဖြစ်ချင် တဲ့ ပါတီတွေပေါများလာမှာကိုလည်း မြင်လို့
ဒါဟာ အဲဒီတုံးက PR ကို ကန့်ကွက် ရတဲ့ ဒုတိယ တစ်ချက်ပါ ။
အခုတော့ လက်ရှိနိုင်ငံရေးအခြေအနေအရ အမြင်တစ်မျိုးပြောင်းပါတယ် -
………………………………………………………………………………….

အခု PR ကို ထောက်ခံပါတယ် အကြောင်းရင်းက
(၁) ဘယ်နှယ့် လူကိုကြည့်ပြီးမဲပေးတယ်ဗျာ ပေါ်လစီကိုမကြည့်ဘူး ပြီးတော့ လူက နေရာလည်းရရော ဘာမှမထူးဘူး
(၂) NLD မှာလည်း ဒေါ်စု ပုံရိပ်ကို အဓိကထားပြီးမဲဆွယ်တာမျိုးကိုတွေ့ရလွန်းလို့
(၃) လူထုက သေချာ မဆန်းစစ်ဘဲ ကတိက၀တ်မတောင်းဘဲ မဲ စွတ်ပေးရင် ဘယ်သူတက်တက် ဘာမှမထူးလို့
(၄) နိုင်ငံရေးပါတီတွေမှိုလိုပေါက်လည်း ကောင်းတာဘဲ ဒါမှ နိုင်ငံရေးစကားပြောမဲ့သူရှိလာတော့ မယ် ။
(၅) မကြေနပ်တဲ့ ပြည်သူတွေက ဘယ်ပါတီမှမဲမပေးနဲ့
(၆) သိပ်မကြေနပ်ရင် ကိုယ်တိုင်ပါတီထောင်
(၇) ပါတီတွေရဲ့ မူဝါဒလေးဘာလေးဖတ်တတ်ဖို့အချိန်တန်ပြီ - - မဖတ်ဘဲပြစ်ထားတဲ့ပြည်သူတွေမျက်မှောက်မှာ PR နဲ့ ခွဲတမ်းသာ ချကြတော့

နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ