Pages

Subscribe:

Tuesday, January 28, 2014

၂၀၁၅ တောင့်ထားကြမှ တန်ပေမည်

မကြာသေးခင်ကပဲ ဒီမိုဘိုးအေနိုင်ငံကြီးလို့ ကိုယ့်ကိုယ်ကိုယ် သိဒ္ဓိတင်ထားတဲ့ အင်္ဂလန်အောက်လွှတ်တော်ကနေ မြန်မာပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တဲ့ ဆုံးဖြတ်ချက်ချလိုက်တယ်လို့ နားစွန်နားဖျား ကြားလိုက်ရတယ်ဗျာ။
ဘာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်မချင်း အကူအညီတွေမပေးကြဖို့ဆိုလား ဘာလားဗျာ။ 

သူတို့တင်ချင်တဲ့စစ်ကဲ နှစ်၂၀ကျော်လောက်(ကြိုးဆွဲ)လာတာတောင် အောင်လံမထူသေးတော့ နေမထိထိုင်
မသာနဲ့ မခံချိမခံသာတွေဖြစ်လာပြီး လိုက်ကာရှေ့ လူလုံးထွက်ပြလာတယ်ထင်ပါ့။ ပယောဂမှန်တော့ တုန်တက်လာတယ်ထင်ပါဗျာ။ဒီဘက်ကလည်း မျက်ကလူးဆန်ပြာ အသံထွက်လာပြီကို။ပြောတော့ မိုးလုံးဟိန်းချုံး။ကျုံးတော့ ချေးတုံးဆိုသလိုပဗျာ။
တစ်စိတ်လောက်ဗျ။အင်္ဂလန်ဆိုတာ ကုလသမဂ္ဂအဖွဲ့ရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံကြီးမလားဗျ။ဒီလိုဆို ကုလအဖွဲ့ဝင်နိုင်ငံက ကုလရဲ့ ပဋိဥာဉ်စာတမ်းပါ အချက်လက်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာ ဘာသဘောလဲဗျ။

Thursday, January 16, 2014

သမ္မတဦးသိန်းစိန်ကိုမဲပေးရန် သီတဂူဆရာတော်တိုက်တွန်း



 နိုင်ငံ့အကျိုး၊ သာသနာ့အကျိုးသယ်ပိုးခဲ့သည့် သမ္မတဦးသိန်းစိန်ကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ထောက်ခံမဲပေးကြရန် သီတဂူဆရာတော် ဘဒ္ဒ န္တဉာဏိဿရ က အထက်မြန်မာပြည် အမျိုးဘာသာသနာစောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒခံယူပွဲတွင် တိုက်တွန်းမိန့်ကြားလိုက်သည်။  ဗုဒ္ဓဘာသာဝင်အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုးသာသနာမှေးမှိန်နိုင်စရာရှိသည်ဟု ယုံကြည်နေကြ၍ သမ္မဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် မိန့်ကြားခြင်းဖြစ်ကြောင်း သီတဂူဆရာတော်က ဆိုသည်။  အမျိုးဘာသာသနာစောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒခံယူပွဲသို့တက်ရောက်နေသည့် NLD ပါတီဝင်အချို့ကလည်း ဆရာတော်၏ တိုက်တွန်းချက်ကို ထောက်ခံ ကြောင်း အဆိုပါပွဲကိုတက်ရောက်နေသည့် ဦးလှိုင်ထူးအောင်က People Power သို့ ဆက်သွယ်ပြောကြား သည်။   NLD ပါတီအမျိုးသား လွတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကိုလည်း အမျိုးဘာသာသနာ အကျိုးသယ်ပိုးခဲ့သည့်အတွက်လည်း သြ၀ါဒပေးသည့်ဆရာတော်များက တညီတစ်ညွတ်တည်း ချီးကျူးဂုဏ်ပြုခဲ့ ကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုသည်။  မန္တလေးမြို့ မဟာအတုလ ဝေယံဘုံသာ အတုမရှိကျောင်းတော်ကြီးတွင်ကျင်းပသည့် ပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ ဆရာတော်အပါး ၄၀၀ တက်ရောက်ခဲ့ပြီး လူပုဂ္ဂိုလ် သုံးသောင်းခန့်နှင့် သံဃာအပါး တစ်သောင်းခန့် တက်ရောက်ခဲ့ကြောင်း အထက်မြန်မာပြည်အမျိုးဘာသာ သနာစောင့်ရှောက်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

သတင်းရေးသားသူ-ညီထွန်းသူ တည်းဖြတ် -EN01 
People power

Wednesday, January 15, 2014

အချိုးကျ ကိုယ်စားပြုမှုစနစ် ဘာလဲ ဘယ်လဲ


အခုတလော နိုင်ငံရေးလောကမှာ ပြောဆိုတွင်ကျယ်နေတဲ့ စကားလုံး တခုကတော့ Proportional Representative system (PR) လို့ ခေါ်တဲ့ ပါတီအလိုက် အချိုးကျ အမတ်တွေ ရွေးချယ်စေလွှတ်နိုင်တဲ့ စနစ် ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီ ကိုယ်စားလှယ်တွေကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နဲ့ တွေ့ဆုံ တင်ပြခဲ့ပြီးဖြစ် သလို ကော်မရှင်ဥက္ကဋ္ဌက လွှတ်တော်ကို ဆက်ပြီး တင်ပြပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒီအတွက် ဒီစနစ်နဲ့ ပတ်သက်ပြီး ဘာကို ဆိုလိုတယ်၊ ဘယ်နိုင်ငံတွေမှာ ကျင့်သုံးနေတယ်၊ မြန်မာပြည် မှာ ကျင့်သုံးရင် ဘယ်လို အကျိုးအပြစ်ဖြစ်နိုင်တယ် ဆိုတာကို လေ့လာထားဖို့ ဒေါ်အောင်ဆန်းစုကြည် ကနေ သူ့ပါတီရဲ့ လွှတ်တော်အမတ်တွေကို ညွှန်ကြားချက် ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီအတွက် လောလောဆယ် မြန်မာနိုင်ငံရေးလောကမှာ ဒီကိစ္စ ဘယ်လို ရောက်လာသလဲ၊ ဘာအဓိပ္ပာယ်ရှိသလဲ၊ ဒီအကြောင်းအရာ ဆွေးနွေးရင် နောင်ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာတွေကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီအချိုးကျ စနစ်အကြောင်း စပြီး ပြောခဲ့သူတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကနေ ထွက်ခွာခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ ထောင်ထားတဲ့ ဦးခင်မောင်ဆွေ နဲ့ ဒေါက်တာသန်းငြိမ်းတို့ဆီကနေ အစပြုတာ ဖြစ်ပါတယ်။ အားမနာတမ်းပြောရရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက သူတို့ပါတီဝင်အဖြစ် ရွေးကောက်ပွဲ ၀င်ခဲ့ပြီး အမတ် ဖြစ်ကာမှ အခြားပါတီ ထောင်သူထောင်၊ မိခင်ပါတီ ကူးသူကူး၊ တသီးပုဂ္ဂလ နေသူနေ ဖြစ်လာတဲ့ အခြေအနေအောက်မှာ အမတ်တွေထက် ပါတီ သြဇာ ပိုရှိတဲ့ ပီအာစနစ်ကို တင်ပြခြင်းပဲ ဖြစ်ပါတယ်။ ကောင်းပါပြီ။ ပီအာ စနစ်အကြောင်း ကြည့်ကြရအောင်ပါ။

လွှတ်တော်ရွေးကောက်ပွဲ စနစ်တွေနဲ့ ပတ်သက်ရင် ကမ္ဘာမှာ ကျင့်သုံးတဲ့ စနစ် ၃ မျိုး ရှိတယ်လို့ သိရပါတယ်။ ပထမ တခုကတော့ လက်ရှိ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ အများအပြားမှာ ကျင့်သုံးနေတဲ့ မဲဆန္ဒနယ်မြေ တခုကနေ လူပုဂ္ဂိုလ်တဦး စီကို ရွေးချယ်တင်မြှောက်တဲ့ (First Past The Post) စနစ် ဖြစ်ပါတယ်။ ဒုတိယ တခုကတော့ လက်ရှိ နိုင်ငံရေးပါတီ တချို့ ပြောနေတဲ့ ပီအာ စနစ် ဒါမှမဟုတ် အချိုးကျ ကိုယ်စားပြုစနစ်နဲ့ တတိယကတော့ ဒီစနစ် နှစ်မျိုးကို ရောထားတဲ့ MMP စနစ် ဆိုပြီး ၃ မျိုးရှိပါတယ်။ ပြောရရင် ပီအာစနစ် သက်သက် ကျင့်သုံးတဲ့ နိုင်ငံရယ်လို့ ကမ္ဘာမှာ မရှိသလောက် အလွန်နည်းပါတယ်။ ဒီ စနစ်အကြောင်းတွေ အသာထားလို့ လက်ရှိ အရင် စစ်အစိုးရက မတရားနည်းပေါင်းစုံသုံးပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲစနစ်နဲ့ ကော်မရှင်အကြောင်း အရင်ပြောပြချင်ပါတယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း လက်ရှိ ဖွဲ့စည်းပုံအရ လွှတ်တော်အသီးသီးမှာ ပြည်သူက ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နာမည်စာရင်းပေးသွင်းတဲ့ တပ်မတော်သားအမတ်က ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၄ ပုံ ၁ ပုံ ပါဝင်နေပါတယ်။ တကယ့်တကယ် ပြန်ဆန်းစစ်လိုက်ရင် ဒါဟာ တပ်မတော်ရဲ့ ကိုယ်စားလှယ် ဆိုတာမျိုး မဟုတ်ဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆိုတဲ့ လူပုဂ္ဂိုလ် တဦးတည်းရဲ့ ကိုယ်စားလှယ်တွေသာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ဒီ ကိုယ်စားလှယ်တွေကို အချိန်မရွေး ထုတ်ပယ်နိုင်သလို အစားထိုး ခန့်အပ်ပိုင်ခွင့်လည်း ရှိနေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၃၀ က အင်ဒိုနီးရှား အာဏာရှင် ဆူဟာတို လုပ်ခဲ့တဲ့ ပုံစံကို ပုံတူကူးထားတာဖြစ်ပြီး လက်ရှိ ခေတ်သစ် အခြေအနေနဲ့ ဘယ်လိုမှ မကိုက်ညီသလို ဘယ်ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့မှလည်း မကိုက်ညီပါဘူး။

နောက်ပြဿနာတခုက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ခွဲခြားထားတဲ့ ပြဿနာ ဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်ပုံ နည်းစနစ် ကွဲပြားမှုကနေ ဖြစ်ပေါ်လာတဲ့ ဒီလွှတ်တော် ၂ ရပ် လုပ်ပိုင်ခွင့်တွေ အတူတူပဲ ထားထားတာဟာလည်း အလွန်အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ် ဖြစ်နေပါတယ်။ နောက်တချက်ကတော့ ရွေးချယ်တင်မြှောက်ပုံဆိုင်ရာ ကိစ္စ တွေမှာ အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲကော်မရှင် ကိစ္စ ဖြစ်ပါတယ်။ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဟာ ဘယ်နိုင်ငံတွေနဲ့မှမတူ ရွေးကောက်ပွဲကို ကျင်းပပေးရုံမက နိုင်ငံရေးပါတီ အားလုံးရဲ့ အထက်မှာနေပြီး နိုင်ငံရေးပါတီတွေကို အပြစ်ပေး အရေးယူနိုင်သည်အထိ အာဏာရယူထားတဲ့ အဖွဲ့အစည်းလည်း ဖြစ်နေတာပါပဲ။ ဒီထက်အရေးကြီးတာ တခုကတော့ ဒီ ကော်မရှင်ဟာ ပါတီအားလုံးနဲ့ မဲဆန္ဒရှင်ပြည်သူတွေ ယုံကြည်ကိုးစားလောက်တဲ့ သူတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး ဆိုတာပါပဲ။

တကယ်တော့ ပြောရရင် မြန်မာနိုင်ငံမှာ အထက်ပါကိစ္စတွေကို အရင်ရှင်းရမှာပါ။ လွှတ်တော်ထဲမှာ ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေပဲ ရှိနေဖို့၊ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာဟာ အားလုံး လက်ခံယုံကြည်နိုင်လောက်တဲ့ သူတွေနဲ့ ဖွဲ့စည်းဖို့၊ ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပရေးကိုပဲ တာဝန်ယူပြီး ပါတီတွေ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ရပ်တည်ဖို့ စတာတွေဟာ အဓိကကျ အရေးလည်းကြီးတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ဒါတင်မက တိုင်းပြည်မှာ ဒီမိုကရေစီ ပိုပြီးထွန်းကားလာအောင် သမ္မတ ကို မဲဆန္ဒရှင်တွေ တိုက်ရိုက်မဲပေး စနစ်နဲ့ ရွေးချယ်တာ၊ မြို့တော်ကြီးတွေရဲ့ မြို့တော်ဝန်တွေကို တိုက်ရိုက် မဲပေးရွေးချယ်စေတာ စတဲ့ ဒီမိုကရေစီ တိုးတက်မြင့်မားရေး ပြည်သူတွေရဲ့ ဆန္ဒတွေနဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်ရေး စတာတွေကို အကောင်အထည်ဖော်ဖို့ လိုအပ်နေပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ အန်ဒီအက်ဖ် ပါတီခေါင်းဆောင်တွေနဲ့ ပါတီ တချို့ဟာ တိုင်းပြည် ဒီမိုကရေစီ ထွန်းကားရေး၊ ပြည်သူ့ဆန္ဒကို ပိုမိုအလေးထားရေး ဆိုတာထက် ကိုယ့်တပါတီစီရဲ့ အကျိုးစီးပွားအတွက်ပဲ ကြည့်ပြီး မယောင်ရာ ဆီလူးတဲ့ ပီအာစနစ် ကျင့်သုံးရေးကို တင်ပြလာတာ ဖြစ်ပါတယ်။ ဒီ တင်ပြချက်ကြောင့် တိုင်းပြည်ဒီမိုကရေစီ ထွန်းကားရေးမှာ အနှောင့်အယှက် ဖြစ်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော်အဆင့်ဆင့်ရဲ့ ၂၅ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတဲ့ကိစ္စ၊ ဘယ်သူကမှ လက်မခံနိုင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကိစ္စ၊ နိုင်ငံရေးပါတီတွေ အားလုံးအထက်ကနေပြီး ကိုယ်ပိုင်တရားရုံးသဖွယ် ပြုမူနေနိုင်တဲ့ ကော်မရှင် ဥပဒေ ကိစ္စတွေကနေ လမ်းလွဲကို ရောက်သွားစေနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Thursday, January 9, 2014

တိုင်းပြည်မှာ ဦးဆောင်နိုင်တဲ့လူက သိပ်အများကြီးရှိတာမဟုတ်ဘူး

 
 
တိုင်းပြည်မှာ ဦးဆောင်နိုင်တဲ့လူက သိပ်အများကြီးရှိတာမဟုတ်ဘူး 

ဒီနေ့တော့ စိတ်ထဲရှိတာလေး ချရေးဖို့ဖြစ်လာပါပြီ .. ကျုပ်တို့ တိုင်းပြည်ရဲ့လက်ရှိ...အခြေအနေအရ 
ဆုပ်လည်းစူး ..စားလည်းရူးလိုဖြစ်နေပါရော့လား ..လက်ရှိတိုင်းပြည်ကို ဦးဆောင်နိုင်တဲ့လူက 
လက်ချိုးရေတွက်လိုက်ရင် တကယ့်ကို နည်းနည်းလေး ...
အဲဒီနည်းနည်းလေးထဲကမှ .. အရည်အချင်းရှိတဲ့သူ .. တိုင်းပြည်ကို ကယ်တင်ပေးနိုင်မယ့်သူဆိုတာ ..
တကယ့်ကို မှုန်ပြပြ လေး ...

ကဲ ..ကျုပ်တို့တစ်ခုစဉ်းစားကြည့်ရအောင်လား ...
နောင်ဆယ်စုနှစ်အလွန်မှာ ဦးသိန်းစိန်ရော ..ဒေါ်အောင်ဆန်းစုကြည်ရော .. မရှိတော့ဘူး
အကြောင်းကြောင်းကြောင့် နိုင်ငံရေးနိုင်ပယ်ထဲ မ၀င်နိုင်ကြတော့ဘူးဆိုပါတော့ ...
ကျုပ်တို့အာလုံးမှာ သူတို့ကိုဆက်ခံဖို့ ခြေရာတိုင်းနိုင်ဖို့ ... ဘယ်လိုမျိုးဆက်သစ်တွေရှိကြသလဲ ..
ဘယ်သူတွေကို ရည်မှန်းထားပါသလဲ ....
တကယ့်ကို အမှောင်တွင်းနက်ကြီးပါ ... မျှော်လင့်ချက်ထားနေတဲ့ သူတို့ ၂ ယောက်တောင် ..
အခုဆိုရင် ... လမ်းပျောက်သလိုလို .. 

တိုင်းပြည်ကအကြွေးတွေနဲ့ ...
စစ်သား ရဲ မော်တော်ပီကယ် ဆရာဝန် ရှေ့နေ အင်ဂျင်နီယာ အိုးအစုံပဲ ..
ကိုယ့်အလုပ်ကိုယ်မလုပ်ကြပဲ ဟို လူက ဒီလူကိုပုတ်ခတ်လိုက် မင်းတို့အသုံးမကျတာပြောလိုက် ..
ဒီလူက ဟိုလူကိုပုတ်ခတ်လိုက် ..ဒါ မင်းတို့အသုံးမျကတာပြောလိုက် ..
အသုံးမကျတာတွေ လိုက်တူးဖော်နေရရင် ခေတ်အဆက်ဆက်ပြေလို့တောင်ကုန်နိုင်မယ်မထင်ဘူး ..
နိုင်ငံတကာကို လှည့်ပတ်ပြီးအကြွေးတွေ လျှော်ပေးအောင်ပြောရတဲ့ကိစ္စ ရထားခေါင်းတွဲကြီးလိုပဲ ..
ရှေ့ကခေါင်းတွဲ ဖြောင့်ဖြောင့်မသွားလို့ကတော့ ..နောက်ကတွဲတွေ ကပေါက်တိကပေါက်ချာသာဖြစ်ပြီမှတ် .. 

ဆင်းရဲမွဲတေမှု လျော့ချရေးဆိုတာကလည်း ...
အစိုးရချည်းပဲအားကိုးနေလို့ရတာမဟုတ် 
ဦးသိန်းစိန်ပဲအားကိုးလို့ရတာမဟုတ်
ဒေါ်အောင်ဆန်းစုကြည်ကိုပဲအားကိုးလို့ရတာမဟုတ် ...
ခင်ဗျားတို့ ကျုပ်တို့အားလုံးအပျင်းမကြီးပဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့လည်းလိုတယ်မဟုတ်လား 
ကီးဘုတ်ပေါ် စာလုံးတွေ တဖျောင်းဖျောင်းရိုက်ချနေယုံနဲ့ တိုင်းပြည်ကြီးမတိုးတက်လာနိုင်သေးဘူး 

ဒီမိုကရေစီတွေ ဘာကရေစီ ညာကရေစီတွေ စကားလုံးကြီးကြီးကျယ်ကျယ်တွေမသုံးပါနဲ့ဦး
ကိုယ်ကိုယ်တိုင်ကွမ်းစားတတ်တဲ့လူဆိုရင် လမ်းပေါ်မထွေးပဲ ကိုယ့်အိတ်နဲ့ကိုယ်ကိုယ့်တာဝန်ကိုယ်ယူတတ်ပြီလား ..
ကိုယ်ကိုယ်တိုင် ဆေးလိပ်သောက်တတ်တဲ့လူဆိုရင် .. Public area တွေမှာ မသောက်ပဲနေနိုင်ပြီလား ... 
ကိုယ်ကိုယ်တိုင်လမ်းမပေါ် အမှိုက်တစ်စမပစ်ချပဲနေနိုင်ပြီလား .....
“ ဒီမိုကရေစီစစ်စစ်ဆိုတာ ... ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ပြည်သူလူထုရှိမှာ အကောင်အထည်ပေါ်လာမယ် ” လို့ အရင်ကစာတွေမှာလည်း ..
ကျုပ်ရေးခဲ့ဖူးပါတယ် ... လက်သည်ကြီးပဲအားကိုးလို့မရဘူး ကိုယ့်လူတို့ ..ကျုပ်တို့လည်းညှစ်အားလိုသေးတယ် ...ကြိုးစားအားထုတ်ဖို့လိုသေးတယ် ..

ဒီနေရာမှာ ကြုံတုန်းတစ်ခု ရေးချင်သေးတယ် ...နိုင်ငံခြားကို အစိုးရလွှတ်လို့ပဲဖြစ်စေ ... ကိုယ့်ဘာသာပဲဖြစ်စေ ..ပညာတော်သင်သွားတဲ့လူတွေ ..
ဟိုမှာ အပြီးမနေကြပါနဲ့ အခြေအနေတစ်ခု...ရောက်ပြီဆိုရင် ..ကိုယ့်တိုင်းပြည်ထဲကို ပြန်ဝင်လာကြပါ ...
စစ်သားထဲမှာလည်းကောင်းတဲ့ဆိုးတဲ့လူတွေရှိသလို ဆရာဝန်တွေ ရဲတွေ မော်တော်ပီကယ်တွေ ပြည်သူတွေ အားလုံးမှာ ကောင်းတဲ့လူဆိုးတဲ့လူဆိုတာရှိပါတယ် .
နိုင်ငံခြားကိုထွက်သွားနိုင်ဖို့အခွင့်အရေးရှိရက်နဲ့ ဒီကအခြေအနေတွေကိုစွန့်ခွာမသွားချင်လို့မထွက်သွားတဲ့လူတွေ ...တပုံတပင်ကြီးပါ ..
နိုင်ငံခြားမှာ နေပြီးအသံကောင်းဟစ်မနေစေချင်ဘူး ..ပြည်တွင်းကိုပြန်ဝင်ပြီး ကျုပ်တို့နဲ့အတူ ကိုယ့်အလုပ်ကိုယ်လုပ်ကြည့်စမ်းပါ .. 
ခင်ဗျားတို့လို ပညာတတ်တွေ သူများတိုင်းပြည်မှာ သူများတိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ပေးနေရတာ ကျုပ်တို့တိုင်းပြည်နစ်နာတယ်ထင်တာပဲ ..း

နောက်ဆုံးပြောချင်တာက ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်ကို ဟိုဟာလုပ်ရင်လုပ်ပြန်ပြီ ..
ဒီဟာလုပ်ရင်လုပ်ပြန်ပြီ .. ၂ ယောက်စလုံးကလည်းအသက်ကြီးနေတဲ့အဖိုးအဖွားအရွယ်တွေ ..
သူတို့မရှိရင်ခင်ဗျားတို့ကျုပ်တို့ဘာလုပ်ကြမလဲ ... ဦးသိန်းစိန်လည်းတတ်နိုင်သမျှ စာဖတ်သူကြီးရဲ့ .. ဆိုးမွေတွေကို ယူပြီး 
ရသလောက်လေးပြောင်းနေတာ ကျုပ်တို့အမြင်ပဲ .. သူ့မှာလည်း သူ့အားနည်းချက်နဲ့သူ သူ့စိတ်နဲ့သူလုပ်လို့မရတာတွေရှိနေမှာပဲ ..
ဒေါ်အောင်ဆန်းစုကြည်လည်း သူလုပ်နိုင်သလောက်တော့...သူ့ဘ၀တလျှောက်လုံးလုပ်နေကြတာပဲ ..
နေရာတကာ အပြစ်လိုက်ပြောတာပဲဖြစ်စေ ..
နေရာတကာ ဆတ်ဆတ်ထိမခံဖြစ်နေတာပဲဖြစ်စေ ...
သူတို့ကိုချစ်ရာမရောက်ဘူး ...တိုင်းပြည်ကိုချစ်ရာမရောက်ဘူး ..နှစ်ရာရောက်တယ် ... 
အခုတော့ ... ပန်းတိုင်က မရောက်သေးဘူး ...တက်က ကျိုးချင်နေပြီ 
ကြည့်လုပ်ကြပါဦးကိုယ့်လူတို့ .. အဖိုးအရွယ်အဖွားအရွယ် ၂ ယောက်ဘယ်လောက်ပင်ပန်းနေလဲမစဉ်းစားဘူး 
ခင်ဗျားတို့ကျုပ်တို့အားလုံးက အော်ကောင်းနေကြတုန်း ...

တိုင်းပြည်ကြီးဘာဖြစ်နေပြီ ..
အကြွေးတွေထူနေပြီ .ဆင်းရဲတွင်းနက်နေပြီ ... ဦးမဆောင်နိုင်ဘူးလား ဘာညာနဲ့
ဒီမိုကရေစီရအရေး ဒို့အရေးအော်နေကြသေးတယ် ... 
မှန်တာကိုချီးကျူးပါ 
မှားတာကိုထောက်ပြပါ 
တိုင်းပြည်ကို ချစ်တဲ့အခါမှာ ပုဂ္ဂိုလ်မမင်ကြရင်အကောင်းဆုံးပါပဲ ... 

စပါးလုံးတစ်ထောက်စာပဲမကြည့်ပါနဲ့... 
ဟိုးအဝေးက မှောင်အတိကျနေတဲ့အနာဂါတ်ကိုလည်း တစ်ချက်လောက်ကြည့်ကြပါဦး ...ကိုယ့်လူတို့ရယ် 

သက်တန့်ချို

 

Monday, January 6, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေး စောင်းပေးနေသည့် ဒေါ်စုနှင့် သူမပါတီ NLD

၁၉၉၀ရွေးကောက်ပွဲမှာ NLDပါတီက မဲဆန္ဒနယ် တော်တော်များများမှာ အနိုင်ရခဲ့ပါတယ်။ခြွတ်ခြုံကျနေတဲ့ ပြည်သူလူထုက တစ်ပါတီစနစ်ကို စိတ်ပျက်တာလည်းတစ်ပိုင်း၊ NLDပါတီက ခမောက်ဆောင်း လူမိုက်ကြီးများက မဲရုံရှေ့ ဓားထမ်းစောင့်နေတာလည်းတစ်ပိုင်းပေါ့။ထားပါတော့လေ။

Friday, January 3, 2014

မြန်မာ့နိုင်ငံရေး၊ မုန်တိုင်းလား၊ လေပြည်လား

NLD နှင့် ၈၈ မျိုးဆက် ကွဲပြီလား

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) က ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော သဘောထားအကြံပြုချက်တွင် အဓိကအချက်များမှာ အခြေခံမူများခိုင်မာရန် နှင့် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ကွဲလွဲမှုမရှိစေပဲ လိုက်လျောညီထွေဖြစ်စေရန်၊ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က တာဝန်ထမ်းဆောင်နိုင်ရေး 
သည် " နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတဝှမ်းလုံး၌ တည် သည်" ဟူသော အခြေခံမူနှင့် ဆန့်ကျင်ကွဲလွဲနေသည့်အတွက် ယင်းအချက်ကို အခြေခံမူအဖြစ် ထည့် သွင်း ပြဌာန်းရန် မသင့်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်း အခန်းကို နိုင်ငံသားများ၏ဆန္ဒဖြင့် ပြင်ဆင် နိုင်သော ပြုလွယ်ပြင်လွယ်ရှိသော လုပ်ထုံးလုပ်နည်းများအဖြစ် ပြောင်းလဲပြဌာန်းရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ရေရှည်အခြေခံရမည့်မူများကို နိုင်ငံရေးအရ အရေးပါသော လူထု ခေါင်း ဆောင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်စားပြုခေါင်းဆောင်များ၊ တိုင်းရင်းသားအင်အားစုများ အပါ အဝင် အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီးတစ်ခုမှ သဘောတူညီ ဆုံးဖြတ်ပြဌာန်း ကြရန်၊ အခြေခံမူများကို သဘောတူညီမှုရပြီးမှသာ အခြေခံမူ၏ လက်အောက်ခံဖြစ်သော အခြားပုဒ်မ အသေးစိတ် များကို နားလည်မှု၊ ယုံကြည်မှုတည်ဆောက်သည့် ဆွေးနွေးပွဲများမှတဆင့် အသေးစိတ် ဆက်လက် ပြင်ဆင်သွားရန် ဟူ၍ ဖြစ်သည်။

ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် “ မြန်မာနိုင်ငံတွင် ပဋိပက္ခ ဖြေရှင်းခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ၌ ဦးကိုကိုကြီး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း) က ယုံကြည်မှုတည်ဆောက်ခြင်းကို အရင် လုပ်ဆောင်ရမည် ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို နောက်မှ လုပ်ဆောင်ရမည်ဟု ပြောဆိုခဲ့သည်။ လက်ရှိ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အတားအဆီးတစ်ခုသဖွယ် ဖြစ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ပြင်ဆင်လိုက်ခြင်း၏ သက်ရောက်မှုကို ရေရှည်စဉ်းစားရန် အရေးကြီး ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျကလည်း ပြောကြားခဲ့ သည်။ "နိုင်ငံတွေအများစုမှာ ဒီလိုအချက်မျိုးတွေကို သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်း ပြဌာန်းလေ့ရှိတယ်။ အဓိကအားဖြင့် ပုဂ္ဂိုလ်ရေးကို အခြေမခံသော ဥပဒေကြောင်းအရ ပြောမယ် ဆိုရင် တော့ ဒီ ၅၉(စ) လိုအချက်က လိုအပ်တယ်။ ရှိသင့်တယ်။ နောက်ပြီးတော့ ပုဂ္ဂိုလ်ရေးကို အခြေခံပြီးတော့ ဥပဒေကြောင်းကို ပြင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကြီး မရှိတော့တဲ့ အခါကျရင် ဒီဥပဒေရဲ့ သက်ရောက်မှုကို တော့ အများကြီးစဉ်းစားဖို့တော့ လိုမယ်။ ပြောချင်တာက ပုဂ္ဂိုလ်ရေးဦးတည်ပြီး ပုဒ်မ ၅၉(စ)ကို ပြင်မယ် ဆိုရင် ဖွဲ့စည်းပုံမှာ မဟုတ်ဘဲနဲ့ လွှတ်တော်ကနေ ပြီးတော့ သီးခြားဥပဒေလိုမျိုး ပြဌာန်းပြီးပြင်ဆင်တာက ပိုပြီး လက်တွေ့ကျနိုင်တယ်လို့ ယူဆတယ်" ဟု ကိုမင်းဇေယျက ပြောကြား ခဲ့သည်။

ထို့ကြောင့် ၈၈ မျိုးဆက်များ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် NLD က အသည်း အသန်ပြင်ဆင်လိုနေသည်ဟုယူဆရသော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အတား အဆီးတစ်ခုသဖွယ် ဖြစ်နေသည့် သမ္မတအရည်အချင်းသတ်မှတ်ချက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးကို ထောက်ခံခြင်း မရှိကြောင်း တွေ့ရသည်။ ဒီဇင်ဘာ ၁၃ ရက်နေ့က သာယာ ၀တီမြို့ တွင် ကျင်းပသော ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ NLD ပါတီထောက်ခံသူများ ဆွေးနွေးပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ဒီရွေးကောက်ပွဲက အရမ်းစွန့်စားရတဲ့ အရာတစ်ခုပါ။ အဲဒါကို မပြင်နိုင်ဘူးဆိုရင် ပြည်သူကို ကိုယ်စားပြုရမယ့် ကျမအတွက် ဘာမှ ဂုဏ်သိက္ခာ ရှိမှာ မဟုတ်ဘူး။ အဲဒါအတွက် ကျမ မ၀င်ချင်ဘူး။ ဒါ့ကြောင့် ဂုဏ်သိက္ခာရှိတဲ့ သူတွေ အနေနဲ့လည်း ဒီဖွဲ့စည်းပုံနဲ့တော့ မ၀င်သင့်ဘူး” ဟု ပြောကြားခဲ့ပါသည်။ ဒေါ်စုထိုသို့ ပြောကြားခဲ့ခြင်းကို သတင်းဌာန အချို့က အခြေခံဥပဒေမပြင်နိုင်လျှင် ၂၀၁၅ ရွေးကောက်ပွဲကို NLD ဝင်မည်မဟုတ်ဟု ရေးသားခဲ့ပြီး NLD ပါတီမှ တာဝန်ရှိသူများကလည်း ထိုသို့မဟုတ်ကြောင်း ငြင်းဆိုနေကြသည်ကိုလည်း တွေ့ရသည်။

တပ်မတော်နှင့် လွှတ်တော်

ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်သိန်းလင်းက ဒေါ်အောင်ဆန်းစုကြည်ကို တားမြစ်ထားသည့် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ခြင်းမပြုရန် ပြည်သူ ငါးသောင်းကျော်က တင်ပြလာသည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသော ဦးဌေးဦးနှင့် ဦးအောင်သောင်းတို့ကမူ ၅၉(စ)ပြင်ဆင်ရေးကို လက်မခံသည့် သဘောထားများ ထုတ်ဖော်ပြောကြား ထားပြီး ဖြစ်သည်။ ယင်းခေါင်းဆောင်(၂)ဦးစလုံးသည် စစ်အစိုးရလက်ထက်ခေါင်းဆောင်များ၏ လူယုံတော်များ ဖြစ်သည်ဟု ယူဆထား ကြသူများ ဖြစ်ပြီး ဦးအောင်သောင်း ဆိုလျှင် ဆိုဗီယက်ခေတ် ခရူးရှက်ပြုတ်ကျမှု သာဓကဖြင့် ပြည်တွင်း ဂျာနယ်တစ်စောင်မှတစ်ဆင့် သူရဦးရွှေမန်းကို သတိပေးစကား ပြောကြားခဲ့သူ ဖြစ်သည်။ ကြံ့ခိုင်ရေးပါတီအတွင်းမှာပင် ၅၉(စ)အပေါ် ကြီးကြီးမားမား သဘောထား ကွဲလွဲနေကြောင်း အထင်အရှား ဖြစ်လာစေခဲ့သည်။ ဤသို့ ၅၉(စ)အပေါ် နိုင်ငံရေးအဖွဲ့အစည်းများ အမျိုးမျိုး အဖုံဖုံ သဘောထားကွဲလွဲလာချိန်တွင် ကြံ့ခိုင်ရေးပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အထူးအစည်းအဝေး ခေါ်ယူလိုက်ရာ ၅၉(စ)ဇာတ်ရှိန်မှာ ပိုမိုမြင့်မားလာ ခဲ့သည်။ 

အခြားတစ်ဘက်တွင် သမ္မတဦးသိန်းစိန်သည် အခြေခံဥပဒေပြင်ဆင်ရေးကို လက်ခံသော်လည်း တပ်မတော်သား (၂၅%)လျှော့ချရေးကို ရေရှည်တွင် တဖြည်းဖြည်းချင်း လျှော့ချသွားရေးကို ထုတ်ဖော် ပြောကြားထားပြီး ဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေးတွင် အဓိကသော့ချက်ကို ဆုပ်ကိုင်ထားသူမှာ (၂၅%)ကို ရယူထားသည့် တပ်မတော်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ သမ္မတ၏ လက်ထောက် ဟုပင် သတ်မှတ်နိုင်ကြောင်း ကြံ့ခိုင်ရေးခေါင်းဆောင် ဦးအောင်သောင်းက ထုတ်ဖော်ပြော ကြားထားသည်။ ဦးအောင်သောင်း၏ ပြောကြားချက်အရ တပ်မတော်သည် သမ္မတဦးသိန်းစိန်ဘက်တွင် အခိုင်အမာ ရပ်တည်လျက်ရှိကြောင်း သုံးသပ်နိုင်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း တရားဝင် ပြောကြားထားပြီး ဖြစ်သည်။ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်သည် ဟူသော သမ္မတဦးသိန်းစိန်၏ ပြောကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းခြင်း မရှိဘဲ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို ရည်ညွှန်းပြောဆို ခြင်း ဖြစ်ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းက ရရှိသော သတင်းများအရ သိရှိရသည်။ 

အချို့ကလည်း ဤပွတ်တိုက်မှုသည် ကြံ့ခိုင်ရေး၏ ဟန်ဆောင်ပြဇာတ်တစ်ပုဒ်ဟု ဆိုကြသော်လည်း အချို့ကမူ အမှန်တစ်ကယ်ပင် အကွဲအပြဲဇာတ်လမ်းစတင်နေပြီး ကြံ့ခိုင်ရေးပါတီအတွင်း၌လည်း ဦးသိန်းစိန် အုပ်စုနှင့် ဦးရွှေမန်းအုပ်စု ကွဲနေပြီ ဟု ပြောကြသည်။ လွှတ်တော်ကို ကိုင်ထားသော ဦးရွှေမန်း သည် တပ်မတော်ကိုကိုင်ထားသော ဦးသိန်းစိန်တို့အကြားအားပြိုင်မှုကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့် နှေး စေခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုကြသည်။ အထူးသဖြင့် လွှတ်တော်သည် အစိုးရလုပ်ငန်း များကို ၀င်ရောက်နှောက်ယှက်စွက်ဖက်မှုများ များပြားနေခြင်းမှာ တပ်မတော်အစိုးရလက်ထက် ခေါင်း ဆောင်ပိုင်းမှ အရပ်သားအစိုးရလွှဲပြောင်းလိုက်ချိန်တွင် နေရာမရရှိခြင်း၊ နေရာရရှိခြင်းတို့အပေါ် အခြေခံ၍ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သုံးသပ်တစ်ရပ်တွင် ဖော်ပြပါရှိလာခဲ့သည်။ ၀န်ကြီး၊ ဒုဝန်ကြီး နေရာ မရရှိတော့သည့် လွှတ်တော်ရောက် ကြံ့ခိုင်ရေးအမတ်များ၊ အစိုးရ၀န်ထမ်းအကြီးအကဲဟောင်း ကြံ့ ခိုင်ရေးအမတ်များနှင့် ပြုပြင်ပြောင်းလဲရေးအစိုးရ ဟု ကြွေးကြော်ထားသည့် ဦးသိန်းစိန်လက်ထက် ၀န်ကြီး များ၊ ဒုဝန်ကြီးများ၊ ၀န်ထမ်းအကြီးအကဲများအကြား အားပြိုင်မှုများ ဖြစ်ပေါ်လာခဲ့ရာမှ လွှတ်တော်၏ လုပ်ပိုင်ခွင့်များကို တိုးချဲ့ကာ Check and Balance အသံပေးခဲ့ကြသည်။ အစိုးရ၀န်ကြီးဌာနအားလုံးရှိ လူသစ်များသည် ယခင်က မမှန်မကန် လုပ်ဆောင်ချက်များအားလုံးကို တိုးတိုး တိတ်တိတ် ဖုံးဖိကြိတ်ရှင်း ခဲ့ကြသော်လည်း လူဟောင်းများက ကြံ့ခိုင်ရေး ပါတီအလံကို အသုံးချလျက် ယင်တို့လုပ်ဆောင် ခဲ့သော အပြစ်များ၊ အမှားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ဆောင်ရွက်လာခဲ့ရာ ဦးသိန်းစိန် အစိုးရအနေဖြင့် ကြံ့ခိုင်ရေးပါတီတစ်ခုလုံးကို အရှုပ်ထုတ်ဖော် ဖွင့်ချပစ်ရမည်လား၊ ဆက်လက်ကာကွယ်ရမည်လား ဝေခွဲရ ခက်ခဲနေဟန်လည်း ရှိနေသည်။ ဦးသိန်းစိန်သာ ရှေ့နောက် ပြန်လည်ငဲ့ကွက်နေခြင်း မရှိဘဲ ပြတ်ပြတ်သား သား ဖော်ထုတ် ရှင်းလင်းလိုက်မည် ဆိုပါက ကြံ့ခိုင်ရေးပါတီတစ်ရပ်လုံး နာမည်ပျက်ဖြင့် ဇာတ်သိမ်းရမည့် အခြေအနေ ရှိနေကြောင်း နေပြည်တော်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်ကို လည်း တွေ့ရသည်။ 

ဤသို့ တပ်မတော်နှင့် လွှတ်တော် ထိပ်တိုက်ရင်ဆိုင်နိုင်သည့် အလားအလာ ပိုမိုကြီးမားပြင်းထန် လာချိန် တွင် ကြံ့ခိုင်ရေးပါတီမှ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လာမည့် အစည်းအဝေးတွင် လွှတ်တော်၏ပါဝါကို အမြင့်ဆုံးအထိ ဆွဲတင်ထားသော အခြေခံဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်သွားမည် ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။ ထိုသို့ လွှတ်တော်ပါဝါချဲ့ထွင်ရာတွင် သမ္မတနှင့် အစိုးရအဖွဲ့တစ်ခုလုံးကို လွှတ်တော်အတွင်း ဆွဲသွင်းသည့် ပါလီမန်စနစ်မျိုးအထိ ရည်ရွယ်ထားကြောင်းလည်း ပြောကြားချက်များအရ ခန့်မှန်းရသည် ဟု ဆိုသည်။ နောက်ဆုံးထွက်ပေါ်လာခဲ့သည့် အရိပ်လက္ခဏာမှာ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော် ထိပ်တိုက် ရင်ဆိုင် တော့မည့် အခြေအနေကို ညွှန်းဆိုနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအရေးကိစ္စများကို အစဉ်တစိုက် လေ့လာစောင့်ကြည့်သူတစ်ဦးက ဤအခြေအနေများသည် ကြံ့ခိုင်ရေးပါတီအတွင်း အာဏာလွန်ဆွဲမှုများ ကို အခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးပါတီတွင် အသင်းအဖွဲ့ဘ၀ကတည်းက နှစ်ရှည် ပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် ၂၀၁၀ ရွေးကောက်ပွဲများနီးမှ ပါတီတွင်းရောက်ရှိလာကြသူများဟူ၍ အုပ်စုနှစ်စု ကွဲနေကြောင်း၊ တစ်ဖန် အစိုးရသစ်ဖွဲ့စည်းချိန်တွင် နေရာ ရရှိသူများနှင့် နေရာလက်လွတ်ရသူ များအကြား အငြိုးအတေးများဖြင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ စိုးရိမ်ဖွယ်ရာကောင်းလှပြီး အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်သည့် အခြေအနေအထိ ရောက်ရှိလာနိုင်ကြောင်း သုံးသပ် ပြောကြားခဲ့သည်။ 

နောက်ကြောင်း တစ်ကယ်လှည့်မှာလား

ယင်းပညာရှင်များကမူ နောက်ကြောင်းပြန်လှည့်ခဲ့ပါက အာဏာရပါတီ၏ အာဏာစားခွက်လုပွဲကြောင့် ဖြစ်နိုင်ပြီး ထိုသို့သော အခြေအနေမျိုး မြန်မာနိုင်ငံ၏သမိုင်းကြောင်းတွင် ဖြစ်ပေါ်ခဲ့သည့် မှတ်တမ်းများ ရှိကြောင်း သုံးသပ်ထားသည်။ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ၅၉(စ)ပြင်ဆင်ရေး မတူသော်လည်း NLD ၏ လုပ်ဆောင်ချက်မှာ ရောကြိတ်ထားသည်။ ကျန်အဖွဲ့အစည်းအတော်များများ၏ သဘောထားမှာ အခြေခံ ဥပဒေပြင်ဆင်ရေးကို လက်ခံသော်လည်း ၅၉(စ)ပြင်ဆင်ရေးကို လက်မခံ ဖြစ်နေသည်။ လက်ရှိ အလား အလာများအရ ၂၀၁၅ မတိုင်မီ ၅၉(စ) ပြင်ဆင်ရေး မဖြစ်နိုင်တော့ပေ။ 

မဖြစ်နိုင်တော့ ဟူသည့် အခြေအနေကိုလည်း ဒေါ်အောင်ဆန်းစုကြည် လက်ခံရမည်၊ အသိအမှတ် ပြုရတော့မည်။ ၅၉(စ)ပြင်ဆင်နိုင်ခြင်း မရှိတော့လျှင် မည်သည့်လမ်းကို ဆက်လျှောက်မည်ကို ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရတော့မည်။ NLD ပါတီဝင်များကမူ ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ် ချက်ကို မျက်စေ့စုံမှိတ် လက်ခံကြမည်သာ ဖြစ်သည်။ ကြံ့ခိုင်ရေးပါတီအကွဲအပြဲတွင် ဒေါ်အောင်ဆန်း စုကြည် ဘာဆက်လုပ်မလဲ ဆိုသော အချက်မှာ မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်သွားမည် ဖြစ်သည်။ ၂၀၁၅ တွင် မုန်တိုင်းလာမည်လား၊ လေပြည်တိုက်မည်လား ဆိုသည်မှာ ကြံ့ခိုင်ရေးပါတီအထူးအစည်း အဝေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ထပ်ခြေလှမ်းများက အဆုံးအဖြတ်ပေးတော့မည် ဖြစ်သည်။ 




 
ဆောင်းနက်
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၃၂) မှ ကူးယူဖော်ပြသည်

မြန်မာ့နိုင်ငံရေးဆောင်းပါးများ

Thursday, January 2, 2014

၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်


၂၀၀၈ အခြေခံ ဥပဒေထဲမှာ ပြင်ဆင်ဖို့နဲ့ ပယ်ဖျက်ဖို့ အချက်ပေါင်း ၇၃ ချက်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးက အပြီးသတ် ဆုံးဖြတ်လိုက်ပါတယ်။

လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ဦးရေ ၈၀ ရာခိုင်နှုန်းကျော် နေရာရထားတဲ့ အာဏာရ ပါတီကိုယ်တိုင်က တနင်္လာနေ့မှာ အခုလို ဆုံးဖြတ်ခဲ့ကြတာပါ။

နိုင်ငံတလွှားက ကိုယ်စားလှယ်ပေါင်း ၂၀၀ လောက် တက်ရောက်ခဲ့တဲ့ ဒီ အစည်းအဝေးက သဘောတူလိုက်တဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ ပယ်ဖျက်ဖို့ အချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အဟန့်အတား ဖြစ်နေတဲ့ အချက်လည်း ပါဝင်ပါတယ်။

ပါတီက အဆိုပြုတဲ့အတိုင်း ဖြစ်လာရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ အခက်အခဲ မရှိနိုင်ဘူးလို့ ညီလာခံ တက်ရောက် ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မကွေးတိုင်း ဒေသကြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို အစိုးရက တိုက်ရိုက်ရွေးတဲ့ စနစ် အစား တိုင်းဒေသကြီး လွှတ်တော်ကနေ ရွေးကောက်ဖို့အတွက်လည်း အကြိတ်အနယ် မဲခွဲပြီး ပြင်ဆင်မယ့် အချက်တွေထဲမှာ ထည့်နိုင်ခဲ့တယ် လို့လည်း ဦးလှဆွေက ပြောပါတယ်။


ဒေါ်စု သမ္မတ ဖြစ်နိုင်ပြီလား

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ရေး အတွက် ဥပဒေကြောင်း ဆိုင်ရာ အဟန့်အတား ဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးဖို့ ကြံ့ခိုင်ရေး ပါတီက သဘောတူလိုက်ပါပြီ။ 

ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ပေးဖို့ သဘောတူတာဟာ ချွေးမနဲ့ သားမက်တွေ နိုင်ငံခြားသားဖြစ်ရင် ဒုတိယ သမ္မတလောင်းအဖြစ် အရွေးခံဖို့ အရည်အချင်းမပြည့်စုံ ဆိုတဲ့ အချက်ကိုသာ ပြင်ဆင်ပေးဖို့ သဘောတူတာ ဖြစ်ပြီး သားနဲ့ သမီးတွေ နိုင်ငံခြားသား ဖြစ်နေရင်ဆိုတဲ့ အချက်ကိုတော့ ပြင်ဆင်ပေးဖို့ သဘောတူ မထား ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ဟာ ပြည်ပတိုင်းပြည်ရဲ့ နိုင်ငံသားတွေ ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအခြေအနေမှာ ဥပဒေကြောင်းအရ ဒုတိယ သမ္မတလောင်း အဖြစ် အရွေးခံနိုင်တဲ့ အရည်အချင်း မပြည့်မီနိုင်သေးပါဘူး။

ဒုတိယသမ္မတလောင်း အဖြစ် အရွေးခံဖို့ အရည်အချင်း မပြည့်မီရင် သမ္မတလည်း မဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒုတိယသမ္မတ၊ သမ္မတ အဖြစ် အရည်အချင်းပြည့်မီချင်ရင် သားတွေကို မြန်မာနိုင်ငံသား အဖြစ်ခံယူခွင့် လျှောက်ထားလိုက်ရင် ရနိုင်ပါပြီလို့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေဟာ မြန်မာနိုင်ငံသား ဖြစ်ချင်တယ်ဆိုရင် လက်ရှိသူတို့နိုင်ငံသား ဖြစ်နေတဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။ 

သားတွေက မြန်မာနိုင်ငံသား အဖြစ်လျှောက်ထားမယ်ဆိုရင် လက်ခံမခံ ဆိုတဲ့အချက်ကို လက်ရှိ အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဆုံးဖြတ်ဖွယ်ရှိပါတယ်။

ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ဖို့ သဘောတူတဲ့ အပိုင်းကိုလည်း လွှတ်တော်မှာ တင်ပြပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရဦးမှာ ဖြစ်ပါတယ်။


မြန်မာ့နိုင်ငံရေးဆောင်းပါးများ