Pages

Subscribe:

Saturday, February 22, 2014

ပထမဆုံးမဲပေးမည့်သူများ၏ ၂၀၁၅ ရင်ခုန်သံ


ရေးသားသူ- အိဖြူလွင်

ခေတ်အလိုက် ဆံပင်ကိုထောင်ထားကာ တီရှပ်အင်္ကျီ၊ ဂျင်းပင်န်ဝတ်ထားသည့် ဗညားသည် လက်ဖက်ရည်ဆိုင်များတွင် အပေါင်းအသင်းများနှင့် ပျော်လေ့ရှိသည်။ ရော့ခ်ဂီတကို စွဲစွဲလမ်းလမ်းနှစ်သက်သည့် ဗညားက သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်ခဲ့ဖူးသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အသက်(၁၆)နှစ်ကျော်ကျော်သာရှိခဲ့ပြီး မဲမပေးလိုက်ရသည့် ဗညားက လာမည့်ရွေးကောက်ပွဲတွင်မူ ဆုံးဖြတ်ပိုင်ခွင့်ရှိသူ၊ အရွယ်ရောက်ပြီးသူတစ်ဦးအဖြစ် နိုင်ငံရေးသမားတစ်ဦးဦးကို မဲပေးနိုင်တော့မည်ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နိုင်ငံရေးသမားလို့ ခေါ်လို့ရမယ်ထင်တယ်။ တခြားဘယ်လိုလူတွေကို နိုင်ငံရေးသမားလို့ခေါ်လဲ၊ ကျွန်တော်သေချာမသိဘူး”ဟု အသက် (၂၀) ပြည့်ပြီဖြစ်သည့် ဗညားက သူသိသော နိုင်ငံရေးသမားပုံစံကို ခဏမျှအချိန်ယူတွေးလိုက်ရင်းပြောသည်။

ဗညားလိုပင် နိုင်ငံရေးသမားဆိုသည်မှာ မည်သို့လူမျိုးကို ခေါ်သလဲဆိုခြင်းကို သေချာမသိသော်လည်း နိုင်ငံရေးသမားများသည် အများပြည်သူကောင်းကျိုးကို လုပ်ရမည့်သူများဖြစ်သည်ဟု ထူးချွန်ကျောင်းသားများသာတက်ရသည့် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်နေသည့် အသက်(၁၉)နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မမွန်မွန်ကယူဆသည်။

ဒီမိုကရေစီအစိုးရအတွက် ဒုတိယအကြိမ်မြောက်ရွေးကောက်ပွဲတွင် ပထမဆုံးမဲပေးခွင့်ရသည့် လူငယ်များသည် နိုင်ငံရေးသမားဆိုသည့်ပုံရိပ်ကို ရှင်းလင်းစွာမသိသေးပါ။

“ကျွန်တော်တို့မှ နိုင်ငံရေးသမားကိုမမြင်ဖူးတာ။ နိုင်ငံရေးသမားဆိုတာ ဆန္ဒပြသူများကိုပါခေါ်လား၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုပါခေါ်လား၊ ဘယ်လိုလူတွေကိုခေါ်လဲ သေချာမသိဘူး”ဟု အသက်(၂၁)နှစ်ရှိနေပြီး ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေပြီဖြစ်သည့် မောင်မျိုးက နိုင်ငံရေးသမားပုံရိပ်သည်ေ၀၀ါးနေပုံကိုပြောပြခဲ့သည်။

မကြာမီလာတော့မည့် ၂၀၁၅ ရွေးကောက်ပွဲသည် သူတို့ဘ၀တွင် ပထမဆုံးမဲပေးခွင့်ရသည့် အချိန်အဖြစ် ဖြတ်သန်းရမည့် လူငယ်များသည် မဲရလဒ်ကို အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်စေနိုင်သောကြောင့် သူတို့၏ဆုံးဖြတ်နိုင်စွမ်းသည်လည်း အရေးပါလာမည်ဖြစ်သည်။

“မဲရုံထဲကိုမရောက်ဖူးလို့ သွားကြည့်ချင်တယ်”ဟု ဒုတိယနှစ်မြန်မာစာကျောင်းသား အေးမင်းထက်ကပြောသည်။ “အဲဒီထဲမှာ ဘယ်လိုပုံစံမျိုးရှိနေလဲဆိုတာ စိတ်ဝင်စားတယ်”

မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိမည်ဖြစ်သော်လည်း အဆိုပါကိစ္စအပေါ် မည်သို့မျှစိတ်မ၀င်စားသူ လူငယ်အများအပြားလည်း ရှိနေပေသည်။ အင်အားအကောင်းဆုံး၊ လူထုထောက်ခံမှုအများဆုံး အတိုက်အခံပါတီဟုဆိုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၌ပင် ပထမဆုံးမဲပေးသူများ (First Voters)ဖြစ်မည့် ပါတီဝင်အရေအတွက်သည် တစ်နိုင်ငံလုံးတွင် နှစ်သောင်းကျော်ခန့်သာရှိနေသည်။

ဒီမိုကရေစီနိုင်ငံများနှင့် စီးပွားရေး၊ နိုင်ငံရေး အေးချမ်းသောနိုင်ငံတိုင်းတွင် အဆိုပါအပိုင်း အခြားလူငယ်များ၏ မဲပေးမှုအရေအတွက်သည် နည်းပါးသည်ဟု ကျွမ်းကျင်သူများကဆိုကြသည်။

“နိုင်ငံမှာ ပဋိပက္ခတွေ၊ စစ်ဘေး၊ စီးပွားရေး၊ လူမှုရေး ဒီလိုပြဿနာကြီးတွေရှိနေရင်တော့ လူငယ်တွေ နိုင်ငံရေးမှာပါဝင်လိမ့်မယ်”ဟု အာဖဂန်နစ္စတန်နိုင်ငံတွင် ရွေးကောက်ပွဲဆိုင်ရာ သုတေသနများပြုလုပ်ခဲ့သူ ဒေါက်တာမင်းဇော်ဦးက သာမန်အခြေအနေသာဖြစ်ကြောင်းပြောသည်။ 

“ဥပမာ ၈၈ အရေးအခင်းပေါ့။ အဲဒီမှာ လူငယ်တွေ အများကြီးပါခဲ့တယ်”

ကမ္ဘာတွင် လူငယ်အတောင့်တင်းဆုံးနိုင်ငံများစာရင်း၌ ပါဝင်နေသည့် မြန်မာနိုင်ငံတွင် (၁၈)နှစ်အောက်လူငယ်နှင့် ကလေးသူငယ်အရေအတွက်သည် သန်း ၃၀ ခန့် ရှိနေသည်။

၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ထားသည့် အစိုးရ၏စာရင်းအရ မြန်မာနိုင်ငံတွင် အသက် (၁၅) နှစ်မှ (၁၉) နှစ်အထိ ဆယ်ကျော်သက်လူငယ်ဦးရေသည် ငါးသန်းခုနစ်သိန်းကျော်ရှိနေပြီး နိုင်ငံ၏လူဦးရေအများဆုံး အသက်အုပ်စုတွင် တတိယအများဆုံးအရေအတွက် ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၁၀ ပုံ၊ တစ်ပုံနီးပါးဟုပြောနိုင်သည့် အရေအတွက်ဖြစ်သည်။

ထိုမနည်းလှသော အရေအတွက်က သူတို့၏အစိုးရဖြစ်လာမည့် နိုင်ငံရေးသမားများထံမှ များများစားစားလည်း မျှော်လင့်မထားကြပါ။ သူတို့၏မျှော်လင့်ချက်နှင့် တောင်းဆိုမှုများကလည်း အများစုတူညီကြပါသည်။

သူတို့က ပညာရေးစနစ်ကို ဒီထက်ပို၍ ကောင်းစေချင်သည်။ သင်ရိုးညွှန်းတမ်းတွေကို ပြောင်းစေချင်သည်။ ဆရာ၊ ဆရာမများ၏ သင်ကြားမှုပုံစံကို ပြောင်းစေချင်သည်။ အများစုကတော့ ကျောင်းပြီးပါက သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း သေချာစေချင်သည်။ 

“သူများနိုင်ငံတွေလို အရမ်းကြီးတိုးတက်ချင်တယ်လို့ မဖြစ်ချင်ပါဘူး။ ဒါတဖြည်းဖြည်းဖြစ်လာမှာလေ။ ချက်ချင်းတော့ ဘယ်ဖြစ်မလဲ”ဟုလည်း ပထမနှစ်တက္ကသိုလ်ကျောင်းသား ဝေယံက သူ့နိုင်ငံတိုးတက်မှုကို အားမလျှော့ဘဲ မျှော်လင့်ချက်ရှိနေသည့်မျက်နှာဖြင့် ပြောသည်။

ထို့ပြင် မြို့ပြတွင်နေသည့် လူငယ်များသာဖြစ်သောကြောင့် သူတို့အတွက် ဈေးနှုန်းသက်သာသည့် အပန်းဖြေရန်နှင့် ကစားရန်နေရာတွေလည်း များများစားစားလိုနေသည်ဟု ပြောကြသည်။

ဆယ်စုနှစ်နှစ်ခုကျော်ကြာ စစ်အုပ်ချုပ်မှုအောက်မှ အရပ်သားအစိုးရသို့ ပြောင်းလဲပြီးချိန် သုံးနှစ်ကျော်ရှိပြီဖြစ်သည့် ယနေ့ထိလူငယ်များ၏ ခေတ်အဆက်ဆက် တောင်းဆိုမှုကို အစိုးရနှင့် နိုင်ငံရေးသမားများက ဖြည့်ဆည်းပေးနိုင်မှုက မနီးစပ်သေးပါ။

ယင်းသို့လူငယ်များ၏မဲကို ရရန်အတွက် ရည်ရွယ်စည်းရုံးသည့်အစီအစဉ်မျိုး သီးခြားမရှိသေးသော်လည်း “သူတို့တွေက ပညာရေးကောင်းကောင်းလိုအပ်တယ်။ အလုပ်အကိုင်လိုအပ်တယ်”ဟု လူငယ်များလိုအပ်နေသည့်ဆန္ဒများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဦးကမှတ်ချက်ချသည်။ 

“အဖွဲ့ချုပ်ရဲ့မူဝါဒနဲ့ လုပ်ငန်းစဉ်တွေက သူတို့လိုအပ်တာနဲ့ ကိုက်ညီမယ်လို့ သူတို့က ယူဆရင်တော့ မဲထည့်မှာပဲ” 

ဖဆပလခေတ်ကပင် ပါလီမန်အမတ်ဖြစ်ခဲ့သည့် သခင်ချန်ထွန်းက “လူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားဖို့ဆိုရင် ပြင်ပက သတင်းစာ၊ ဂျာနယ်တွေကနေ တခြားစာပေတွေအားလုံးကို ဖတ်ဖို့လိုတယ်”ဟု အကြံပြုပြောသည်။

ကမ္ဘာ့နိုင်ငံတိုင်းတွင် ပထမဆုံးမဲပေးသူလူငယ်များ မဲပေးမှုအရေအတွက်သည် နည်းပါးလေ့ရှိပြီး မဲပေးခြင်းနှင့် နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုသည် ပြင်ပဗဟုသုတစာပေများ ဖတ်ရှုခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟုလည်း နိုင်ငံရေးသမားများကယူဆကြသည်။ ဒီမိုကရေစီဖွံ့ဖြိုးပြီဆိုသည့် အမေရိကန်ပြည်ထောင်စုတွင်ပင် လူငယ်များ၏ မဲထည့်မှုနှုန်းသည် နည်းပါးနေသည်။

အမေရိကန်ပြည်ထောင်စု၏ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် အသက်(၁၈) မှ (၂၄) နှစ်ကြား လူငယ်စုစုပေါင်းအနက် ၄၁ ဒသမ ၂ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြသည်။ လူငယ်နှစ်ဦးလျှင် တစ်ဦးသာမဲပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံးဖြစ်သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲထည့်သူအရေအတွက်သည် မဲပေးပိုင်ခွင့်ရှိသူများ၏ ၇၇ ရာခိုင်နှုန်းကျော်ဖြစ်သည်။ သို့ရာတွင် တစ်နိုင်ငံလုံးလူဦးရေ၏ ထက်ဝက်အောက် ၂၉ သန်းကျော်သာ မဲပေးခွင့်ရှိခဲ့ကြသည့်အတွက် ယခုပထမဆုံးမဲပေးခွင့်ရှိသူအရေအတွက် ငါးသန်းကျော်သည် စုစုပေါင်းမဲပေးပိုင်ခွင့်ရှိသူ၏ ခြောက်ပုံတစ်ပုံဖြစ်သည်။ လူငယ်များအတွက် ရည်ရွယ်သည့် မဲဆွယ်စည်းရုံးမှုများသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများတွင် မရှိကြသည့်အတွက်လည်း အဆိုပါလူငယ်များ မဲထည့်ရန်နှင့် ရွေးချယ်ရန် မည်မျှစိတ်ဝင်စားသည်ဆိုသည်မှာတော့ မေးခွန်းထုတ်စရာဖြစ်နေပေမည်။ 

“မဲထည့်တဲ့အခါမှာ ဘယ်လိုဆုံးဖြတ်မလဲဆိုရင် မီဒီယာတွေကိုပဲ အားကိုးရမယ်ထင်တယ်။ သူတို့ရေးပြတာကလွဲရင် ကျွန်တော်တို့အပြင်မှာ မသိနိုင်ဘူးလေ” ဟု မဲထည့်ရန်ရွေးချယ်ရာတွင် မည်သို့ဆုံးဖြတ်မည်လဲဆိုသည်ကို နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဂျပန်ဘာသာဒုတိယနှစ်ကျောင်းသား အေးချမ်းကပြောသည်။

မြို့ပြနေ လူလတ်တန်းစားလူငယ်များကတော့ မဲထည့်မှုကို အနည်းနှင့်အများ စိတ်ဝင်စားနေသည်ဟု ပြောနိုင်သော်လည်း မည်သို့ရွေးချယ်မည်ဆိုသည်ကိုတော့ မပြောနိုင်သေးပေ။ သူ့ဘ၀တွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိကြောင်း သက်သေပြသည့် ပထမဆုံးအခွင့်အရေးတစ်ခုကို လက်လွတ်မခံနိုင်ကြောင်း ရူပဗေဒပထမနှစ်ကျောင်းသူမွန်မွန်က သူ့အတွေးကိုပြောသည်။

“ဒီအခွင့်အရေးက လက်လွတ်ဆုံးရှုံးမခံသင့်တဲ့အတွက် မဲပေးသွားမယ်လို့တော့ စဉ်းစားထားတယ်”


7Day News

0 comments:

Post a Comment