Pages

Subscribe:

Thursday, February 27, 2014

သဘောရှိသာ…ကရောဟိကြပါဗျို့



၂၀၁၅မတိုင်မီမှာ ဒေ၀ါသိကြားတွေမစလို့ ၅၉(စ)က ပြင်ခွင့်ရ။၂၀၁၅ရွေးကောက်ပွဲမှာ NLDပါတီက တစ်နိုင်ငံလုံးမှာ (တိုင်းရင်းသားပါတီရှိတဲ့နေ
ရာတွေအပါအ၀င်) မဲအပြတ်အသတ်နဲ့နိုင်။လက်ရှိကြံဖွံ့ပါတီက အာဏာလက်လွှဲ..။

ကဲ..။စပါပြီ။အစိုးရသစ်တစ်ရပ် ဤသို့ ဖွဲ့စည်းလေသတည်း။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၅)၊ ပုဒ်မ(၂၀၀)အရ..နိုင်ငံတော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်-

(က)နိုင်ငံတော်သမ္မတ။
(ခ)ဒုတိယသမ္မတများ။
(ဂ)ပြည်ထောင်စုဝန်ကြီးများ။
(ဃ)ပြည်ထောင်စုရှေ့နေချုပ်။ 

သမ္မတရာထူးကတော့ လူမက နတ်တမျှသော တန်ခိုးတေဇော်အာနုဘော်တို့ဖြင့် အလုံးစုံပြည့်ဝတော်မူပေထသည့် ဒုတိယဘုရားသခင် ကောင်းကင်မေမေ။ဒါတော့ ခြွင်းချက်မရှိ။

အဲ..ဒုတိယသမ္မတ…။ …ကွိစိ..ကွစ…။ ကွကိုသာ ဆက်ခန့်တော့ဗျို့။

ကွန်မြူနစ်ဝါဒီမှ ခေတ်သစ်ဒီမိုကရေစီလမ်းကြောင်းသို့ အလွန်ညင်သာသိမ့်မွေ့စွာ အသွင်ကူးပြောင်းခဲ့သည့်
ဒေါ်စု၏ပန်းပျိုးလက်ပိုင်ရှင် ဦးဝင်တင်..။ 

တပ်မတော်ကာကွယ်ရေးဦးစီးပြုတ်(ငြိမ်း)ဘ၀မှ NLDနာယကဖြစ်လာသူ ဘဘဦးတင်ဦး။ 

Saturday, February 22, 2014

ပထမဆုံးမဲပေးမည့်သူများ၏ ၂၀၁၅ ရင်ခုန်သံ


ရေးသားသူ- အိဖြူလွင်

ခေတ်အလိုက် ဆံပင်ကိုထောင်ထားကာ တီရှပ်အင်္ကျီ၊ ဂျင်းပင်န်ဝတ်ထားသည့် ဗညားသည် လက်ဖက်ရည်ဆိုင်များတွင် အပေါင်းအသင်းများနှင့် ပျော်လေ့ရှိသည်။ ရော့ခ်ဂီတကို စွဲစွဲလမ်းလမ်းနှစ်သက်သည့် ဗညားက သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်ခဲ့ဖူးသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အသက်(၁၆)နှစ်ကျော်ကျော်သာရှိခဲ့ပြီး မဲမပေးလိုက်ရသည့် ဗညားက လာမည့်ရွေးကောက်ပွဲတွင်မူ ဆုံးဖြတ်ပိုင်ခွင့်ရှိသူ၊ အရွယ်ရောက်ပြီးသူတစ်ဦးအဖြစ် နိုင်ငံရေးသမားတစ်ဦးဦးကို မဲပေးနိုင်တော့မည်ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နိုင်ငံရေးသမားလို့ ခေါ်လို့ရမယ်ထင်တယ်။ တခြားဘယ်လိုလူတွေကို နိုင်ငံရေးသမားလို့ခေါ်လဲ၊ ကျွန်တော်သေချာမသိဘူး”ဟု အသက် (၂၀) ပြည့်ပြီဖြစ်သည့် ဗညားက သူသိသော နိုင်ငံရေးသမားပုံစံကို ခဏမျှအချိန်ယူတွေးလိုက်ရင်းပြောသည်။

ဗညားလိုပင် နိုင်ငံရေးသမားဆိုသည်မှာ မည်သို့လူမျိုးကို ခေါ်သလဲဆိုခြင်းကို သေချာမသိသော်လည်း နိုင်ငံရေးသမားများသည် အများပြည်သူကောင်းကျိုးကို လုပ်ရမည့်သူများဖြစ်သည်ဟု ထူးချွန်ကျောင်းသားများသာတက်ရသည့် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်နေသည့် အသက်(၁၉)နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မမွန်မွန်ကယူဆသည်။

ဒီမိုကရေစီအစိုးရအတွက် ဒုတိယအကြိမ်မြောက်ရွေးကောက်ပွဲတွင် ပထမဆုံးမဲပေးခွင့်ရသည့် လူငယ်များသည် နိုင်ငံရေးသမားဆိုသည့်ပုံရိပ်ကို ရှင်းလင်းစွာမသိသေးပါ။

“ကျွန်တော်တို့မှ နိုင်ငံရေးသမားကိုမမြင်ဖူးတာ။ နိုင်ငံရေးသမားဆိုတာ ဆန္ဒပြသူများကိုပါခေါ်လား၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုပါခေါ်လား၊ ဘယ်လိုလူတွေကိုခေါ်လဲ သေချာမသိဘူး”ဟု အသက်(၂၁)နှစ်ရှိနေပြီး ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေပြီဖြစ်သည့် မောင်မျိုးက နိုင်ငံရေးသမားပုံရိပ်သည်ေ၀၀ါးနေပုံကိုပြောပြခဲ့သည်။

မကြာမီလာတော့မည့် ၂၀၁၅ ရွေးကောက်ပွဲသည် သူတို့ဘ၀တွင် ပထမဆုံးမဲပေးခွင့်ရသည့် အချိန်အဖြစ် ဖြတ်သန်းရမည့် လူငယ်များသည် မဲရလဒ်ကို အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်စေနိုင်သောကြောင့် သူတို့၏ဆုံးဖြတ်နိုင်စွမ်းသည်လည်း အရေးပါလာမည်ဖြစ်သည်။

“မဲရုံထဲကိုမရောက်ဖူးလို့ သွားကြည့်ချင်တယ်”ဟု ဒုတိယနှစ်မြန်မာစာကျောင်းသား အေးမင်းထက်ကပြောသည်။ “အဲဒီထဲမှာ ဘယ်လိုပုံစံမျိုးရှိနေလဲဆိုတာ စိတ်ဝင်စားတယ်”

မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိမည်ဖြစ်သော်လည်း အဆိုပါကိစ္စအပေါ် မည်သို့မျှစိတ်မ၀င်စားသူ လူငယ်အများအပြားလည်း ရှိနေပေသည်။ အင်အားအကောင်းဆုံး၊ လူထုထောက်ခံမှုအများဆုံး အတိုက်အခံပါတီဟုဆိုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၌ပင် ပထမဆုံးမဲပေးသူများ (First Voters)ဖြစ်မည့် ပါတီဝင်အရေအတွက်သည် တစ်နိုင်ငံလုံးတွင် နှစ်သောင်းကျော်ခန့်သာရှိနေသည်။

ဒီမိုကရေစီနိုင်ငံများနှင့် စီးပွားရေး၊ နိုင်ငံရေး အေးချမ်းသောနိုင်ငံတိုင်းတွင် အဆိုပါအပိုင်း အခြားလူငယ်များ၏ မဲပေးမှုအရေအတွက်သည် နည်းပါးသည်ဟု ကျွမ်းကျင်သူများကဆိုကြသည်။

“နိုင်ငံမှာ ပဋိပက္ခတွေ၊ စစ်ဘေး၊ စီးပွားရေး၊ လူမှုရေး ဒီလိုပြဿနာကြီးတွေရှိနေရင်တော့ လူငယ်တွေ နိုင်ငံရေးမှာပါဝင်လိမ့်မယ်”ဟု အာဖဂန်နစ္စတန်နိုင်ငံတွင် ရွေးကောက်ပွဲဆိုင်ရာ သုတေသနများပြုလုပ်ခဲ့သူ ဒေါက်တာမင်းဇော်ဦးက သာမန်အခြေအနေသာဖြစ်ကြောင်းပြောသည်။ 

“ဥပမာ ၈၈ အရေးအခင်းပေါ့။ အဲဒီမှာ လူငယ်တွေ အများကြီးပါခဲ့တယ်”

ကမ္ဘာတွင် လူငယ်အတောင့်တင်းဆုံးနိုင်ငံများစာရင်း၌ ပါဝင်နေသည့် မြန်မာနိုင်ငံတွင် (၁၈)နှစ်အောက်လူငယ်နှင့် ကလေးသူငယ်အရေအတွက်သည် သန်း ၃၀ ခန့် ရှိနေသည်။

၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ထားသည့် အစိုးရ၏စာရင်းအရ မြန်မာနိုင်ငံတွင် အသက် (၁၅) နှစ်မှ (၁၉) နှစ်အထိ ဆယ်ကျော်သက်လူငယ်ဦးရေသည် ငါးသန်းခုနစ်သိန်းကျော်ရှိနေပြီး နိုင်ငံ၏လူဦးရေအများဆုံး အသက်အုပ်စုတွင် တတိယအများဆုံးအရေအတွက် ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၁၀ ပုံ၊ တစ်ပုံနီးပါးဟုပြောနိုင်သည့် အရေအတွက်ဖြစ်သည်။

ထိုမနည်းလှသော အရေအတွက်က သူတို့၏အစိုးရဖြစ်လာမည့် နိုင်ငံရေးသမားများထံမှ များများစားစားလည်း မျှော်လင့်မထားကြပါ။ သူတို့၏မျှော်လင့်ချက်နှင့် တောင်းဆိုမှုများကလည်း အများစုတူညီကြပါသည်။

သူတို့က ပညာရေးစနစ်ကို ဒီထက်ပို၍ ကောင်းစေချင်သည်။ သင်ရိုးညွှန်းတမ်းတွေကို ပြောင်းစေချင်သည်။ ဆရာ၊ ဆရာမများ၏ သင်ကြားမှုပုံစံကို ပြောင်းစေချင်သည်။ အများစုကတော့ ကျောင်းပြီးပါက သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း သေချာစေချင်သည်။ 

“သူများနိုင်ငံတွေလို အရမ်းကြီးတိုးတက်ချင်တယ်လို့ မဖြစ်ချင်ပါဘူး။ ဒါတဖြည်းဖြည်းဖြစ်လာမှာလေ။ ချက်ချင်းတော့ ဘယ်ဖြစ်မလဲ”ဟုလည်း ပထမနှစ်တက္ကသိုလ်ကျောင်းသား ဝေယံက သူ့နိုင်ငံတိုးတက်မှုကို အားမလျှော့ဘဲ မျှော်လင့်ချက်ရှိနေသည့်မျက်နှာဖြင့် ပြောသည်။

ထို့ပြင် မြို့ပြတွင်နေသည့် လူငယ်များသာဖြစ်သောကြောင့် သူတို့အတွက် ဈေးနှုန်းသက်သာသည့် အပန်းဖြေရန်နှင့် ကစားရန်နေရာတွေလည်း များများစားစားလိုနေသည်ဟု ပြောကြသည်။

ဆယ်စုနှစ်နှစ်ခုကျော်ကြာ စစ်အုပ်ချုပ်မှုအောက်မှ အရပ်သားအစိုးရသို့ ပြောင်းလဲပြီးချိန် သုံးနှစ်ကျော်ရှိပြီဖြစ်သည့် ယနေ့ထိလူငယ်များ၏ ခေတ်အဆက်ဆက် တောင်းဆိုမှုကို အစိုးရနှင့် နိုင်ငံရေးသမားများက ဖြည့်ဆည်းပေးနိုင်မှုက မနီးစပ်သေးပါ။

ယင်းသို့လူငယ်များ၏မဲကို ရရန်အတွက် ရည်ရွယ်စည်းရုံးသည့်အစီအစဉ်မျိုး သီးခြားမရှိသေးသော်လည်း “သူတို့တွေက ပညာရေးကောင်းကောင်းလိုအပ်တယ်။ အလုပ်အကိုင်လိုအပ်တယ်”ဟု လူငယ်များလိုအပ်နေသည့်ဆန္ဒများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဦးကမှတ်ချက်ချသည်။ 

“အဖွဲ့ချုပ်ရဲ့မူဝါဒနဲ့ လုပ်ငန်းစဉ်တွေက သူတို့လိုအပ်တာနဲ့ ကိုက်ညီမယ်လို့ သူတို့က ယူဆရင်တော့ မဲထည့်မှာပဲ” 

ဖဆပလခေတ်ကပင် ပါလီမန်အမတ်ဖြစ်ခဲ့သည့် သခင်ချန်ထွန်းက “လူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားဖို့ဆိုရင် ပြင်ပက သတင်းစာ၊ ဂျာနယ်တွေကနေ တခြားစာပေတွေအားလုံးကို ဖတ်ဖို့လိုတယ်”ဟု အကြံပြုပြောသည်။

ကမ္ဘာ့နိုင်ငံတိုင်းတွင် ပထမဆုံးမဲပေးသူလူငယ်များ မဲပေးမှုအရေအတွက်သည် နည်းပါးလေ့ရှိပြီး မဲပေးခြင်းနှင့် နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုသည် ပြင်ပဗဟုသုတစာပေများ ဖတ်ရှုခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟုလည်း နိုင်ငံရေးသမားများကယူဆကြသည်။ ဒီမိုကရေစီဖွံ့ဖြိုးပြီဆိုသည့် အမေရိကန်ပြည်ထောင်စုတွင်ပင် လူငယ်များ၏ မဲထည့်မှုနှုန်းသည် နည်းပါးနေသည်။

အမေရိကန်ပြည်ထောင်စု၏ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် အသက်(၁၈) မှ (၂၄) နှစ်ကြား လူငယ်စုစုပေါင်းအနက် ၄၁ ဒသမ ၂ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြသည်။ လူငယ်နှစ်ဦးလျှင် တစ်ဦးသာမဲပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံးဖြစ်သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲထည့်သူအရေအတွက်သည် မဲပေးပိုင်ခွင့်ရှိသူများ၏ ၇၇ ရာခိုင်နှုန်းကျော်ဖြစ်သည်။ သို့ရာတွင် တစ်နိုင်ငံလုံးလူဦးရေ၏ ထက်ဝက်အောက် ၂၉ သန်းကျော်သာ မဲပေးခွင့်ရှိခဲ့ကြသည့်အတွက် ယခုပထမဆုံးမဲပေးခွင့်ရှိသူအရေအတွက် ငါးသန်းကျော်သည် စုစုပေါင်းမဲပေးပိုင်ခွင့်ရှိသူ၏ ခြောက်ပုံတစ်ပုံဖြစ်သည်။ လူငယ်များအတွက် ရည်ရွယ်သည့် မဲဆွယ်စည်းရုံးမှုများသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများတွင် မရှိကြသည့်အတွက်လည်း အဆိုပါလူငယ်များ မဲထည့်ရန်နှင့် ရွေးချယ်ရန် မည်မျှစိတ်ဝင်စားသည်ဆိုသည်မှာတော့ မေးခွန်းထုတ်စရာဖြစ်နေပေမည်။ 

“မဲထည့်တဲ့အခါမှာ ဘယ်လိုဆုံးဖြတ်မလဲဆိုရင် မီဒီယာတွေကိုပဲ အားကိုးရမယ်ထင်တယ်။ သူတို့ရေးပြတာကလွဲရင် ကျွန်တော်တို့အပြင်မှာ မသိနိုင်ဘူးလေ” ဟု မဲထည့်ရန်ရွေးချယ်ရာတွင် မည်သို့ဆုံးဖြတ်မည်လဲဆိုသည်ကို နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဂျပန်ဘာသာဒုတိယနှစ်ကျောင်းသား အေးချမ်းကပြောသည်။

မြို့ပြနေ လူလတ်တန်းစားလူငယ်များကတော့ မဲထည့်မှုကို အနည်းနှင့်အများ စိတ်ဝင်စားနေသည်ဟု ပြောနိုင်သော်လည်း မည်သို့ရွေးချယ်မည်ဆိုသည်ကိုတော့ မပြောနိုင်သေးပေ။ သူ့ဘ၀တွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိကြောင်း သက်သေပြသည့် ပထမဆုံးအခွင့်အရေးတစ်ခုကို လက်လွတ်မခံနိုင်ကြောင်း ရူပဗေဒပထမနှစ်ကျောင်းသူမွန်မွန်က သူ့အတွေးကိုပြောသည်။

“ဒီအခွင့်အရေးက လက်လွတ်ဆုံးရှုံးမခံသင့်တဲ့အတွက် မဲပေးသွားမယ်လို့တော့ စဉ်းစားထားတယ်”


7Day News

Thursday, February 20, 2014

၅၉ (စ)ကို မပြင်ချင်တာ မြန်မာသွေးစစ်စစ်ကသာ မြန်မာပြည်ကို အုပ်ချုပ်စေချင်လို့ပါ


ယခုအချိန်မှာဆိုရင် ကျွန်တော်တို့ရဲ့မြန်မာပြည်ကြီးမှာ ၂၀၁၅ သို့ နီးလာသည်နှင့်အမျှ ပြည်တွင်းလက် နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း နေရာအသီးသီး၌ ကျင်းပပြုလုပ်နေ ကြပါတယ်။ ထို့အပြင် သမ္မတဖြစ်ရေး၊ ပါတီအနိုင်ရရေးစတဲ့ လွန်ဆွဲအားပြိုင်မှုတွေနဲ့ စိန်ခေါ်မှုတွေဟာဆိုရင် လည်း ကြိတ်၍တမျိုး၊ ပေါ်ပေါ်ထင်ထင်တမျိုး အမျိုးမျိုး ဖြစ်ပေါ်နေပါတယ်။ အဓိက ကတော့ ဒီ ၂၀၁၄ မှာ သမ္မတဖြစ်ရေးအတွက် ပုဒ်မ ၅၉ (ဃ)နဲ့(စ)လုံးကို ထောက်ခံသူများနဲ့ မထောက်ခံသူများ ထိပ်တိုင်ရင်ဆိုင် ပွဲတွေ ဆွင်နွှဲနေကြတဲ့ နှစ်တစ်နှစ်လို့တောင်ဆိုရမလိုဖြစ်နေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေဆိုတာ ထိုနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ နိုင်ငံသားတိုင်းက ပိုင်ပါတယ်၊ ဆိုင်ပါတယ်။
ခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ဆိုတာ တစ်ဦးတစ်ယောက် အတွက်ရည်ရွယ်ပြီး ဆွဲတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက်၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ရေရှည် ကိုမျှော်ပြီး ဆွဲထားတာဖြစ်ပါတယ်။ ထိုအတူပဲ ၅၉ (ဃ) ဟာဆိုရင်လဲ နိုင်ငံတော်သမ္မတဟာ စစ်ရေးအမြင် ရှိရမဲ့ဆိုသော အချက်မှာလဲ လုံးဝလိုအပ်ပါသည်။ ပြီးတော့ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ရေးထားတာ မဟုတ် ပါဘူး။ အမြင်ရှိရမယ်လို့သာ ပြောထားတာကိုလဲ သိစေချင်ပါတယ်။ ဒါဟာ ပြည်တွင်းစစ်ကို အတွက်မဟုတ်ပဲ ပြည်ပကျူးကျော်လာမဲ့စစ်ကို မျှော်မှန်း၍ ရေးဆွဲထားသောအချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံရယ်လို့ ရေရှည် အဓွန့်ရှည်ဖို့ အတိတ်မှာ ရှိခဲ့၊ဖြစ်ခဲ့တဲ့ အားနည်းချက်၊ အားသာချက် ဟူသမျှကို လေ့လာဆန်းစစ်ပြီးမှ တိုင်းပြည် အကျိုးအတွက် လိုအပ်လို့ ထည့်သွင်းရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ အရင် ၁၉၄၇ ခုနှစ် တစ်ပါတီစနစ်မှာ တောင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၇၄ မှာ နိုင်ငံခြားရဲ့ သြဇာလွှမ်းမိုးခံ ရှိတဲ့သူဟာဆိုရင် လွှတ်တော်အမတ်တောင်ဖြစ်ခွင့် မရှိဘူးဆိုတဲ့ အချက် ပါ ပါတယ်။ အဲ့တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဆိုရင် ပါတီစုံစနစ်ဖြင့် ရေးဆွဲထားတာဖြစ် သောကြောင့် ပုဒ်မ ၅၉ (စ) ကို လုံးဝမပြင်သင့်သော ပုဒ်မဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ မိမိလူမျိုး အုပ်ချုပ်နေတာတောင်မှ နိုင်ငံတကာရဲ့ ဖိအား တွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ အများအပြား ခံစားနေရပါတယ်။ အကယ်၍သာ ပုဒ်မ ၅၉ (စ) ကိုသာပြင် လိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ တိုင်းတစ်ပါးရဲ့ အုပ်ချုပ်မှုအောက်ကို မလွဲမသေရောက်သွား နိုင်ပါ တယ်။ ပုဒ်မ ၅၉ (စ) မှာ မိမိကိုယ်တိုင်၊ မိမိရဲ့မိဘ၊ မိမိရဲ့ ဇနီး(သို့)ခင်ပွန်း၊ မိမိရဲ့သား/သမီး ပြီးရင် မိမိရဲ့ သားမက်(သို့)ချွေးမ ဆိုပြီး အချက် (၅) ချက်ရှိပါတယ်။ ထို (၅) ချက်မှာ တစ်ချက်မှ ပြင်ဆင်ခွင့်ပေးလိုက်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ဥပမာအားဖြင့် ကျွန်တော်တို့ဟာ ဘင်္ဂလီ လူမျိုးတွေကို မသိလိုက်၊မသိဖာသာ နေထိုင်ခွင့်ပေးလိုက်ရာမှ အခုဆိုရင် လူမျိုးရေးအထိကရုဏ်းတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေဟာဆိုရင် နေရာအ နှံ့အပြားများ ဖြစ်ပွားနေတာကိုလဲ နိုင်ငံသားအားလုံး ကြုံတွေ့ခံစားနေရတာ အမှန်ပါပဲ။ ဒါကြောင့် တိုင်းတစ်ပါး သားသွေးရောနှောနေတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ မြန်မာနိုင်ငံရဲ့ အဓိကဦးသျှောင် အဆုံးအဖြတ်ရှင် ဖြစ် ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ လုံးဝဥဏ်သုံ တိုင်းတစ်ပါးရဲ့ ခြယ်လှယ်မှုတွေကို ခံရတော့မယ်ဖြစ်ပါ တယ်။ မြန်မာနိုင်ငံကြီးဟာ ကမ္ဘာကြီးတည်တံ့နေသမျှ မြန်မာလူမျိုး၊ မြန်မာ့သွေးစစ်ရှိတဲ့ ပုဂ်္ဂိုလ်တွေရဲ့ စီမံ ကွပ်ကဲမှုအတိုင်း တိုးတက်ကောင်းမွန်စေချင်ပါတယ်။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံး ဟာ ဒီပုဒ်မ ၅၉ (စ) ကို မပြင်ပဲ လက်ခံဖို့လိုအပ်ပါတယ်။ 

 မောင်ဇော်

 ဗမာ့ အသံ

Saturday, February 15, 2014

ဒေါ်အောင်ဆန်းစုကြည် ဘာမှားသလဲ ဘာပြင်သင့်သလဲ

၂၀၁၅ ရွေးကောက် ပွဲအကြောင်း စာနယ်ဇင်း အတော် များများက ရေးသား ပြောဆို ကြတယ်။ တရား မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်မယ်ဆို ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နေရာ အများ အပြားမှာ နိုင်မယ် ဆိုတာ အများစုက ယူဆကြတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့် ပိတ်ပင် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက ခက်ခဲတာမို့ ဘယ်သူ့ကို တိုင်းပြည် ဦးဆောင်ဖို့ ပါတီက လျာထားသလဲ မသိရသေးဘူး။ နောက် အစိုးရ အဖွဲ့ကို သင့်လျော်တဲ့ ဘယ်သူတွေနဲ့ ဝန်ကြီးနေရာ ခန့်အပ်ပြီး ဖွဲ့စည်းမယ် ဆိုတဲ့ အဆင်သင့် ပြင်ထားမှုလည်း မရှိဘူး။

"ပီအာ" Proportional Representation (PR) ဆိုသည်မှာ

"ပီအာ" ဆိုသည်မှာ Proportional Representation ဆိုသည်ကိုအတိုကောက်ယူထားခြင်းဖြစ်သည်။ အနီစပ်ဆုံးမြန်မာမှုပြုရလျှင်၊ "အချိုးကျကိုယ်စားပြုစနစ်"ဟုဆိုနိုင်ပါလိမ့်မည်။ နိုင်ငံရေးပါတီများ၊ ရွေးကော်ပွဲတွင် ရရှိသည့် မဲအရေအတွက်အရ၊ ဥပဒေပြုလွှတ်တော်တွင် အချိုးကျခွဲဝေယူရမည့်စစ်ဟု နားလည်ရပါသည်။ အဘိဓာန်ဖော်ပြချက်အတိုင်း အတိအကျဖော်ပြရပါလျှင် ၊ ယခုလို.....။"electoral system designed to produce legistative bodies in which the number of seats held by each group or party is proportional to the number of votes cast for....."


လက်လှမ်းမှီသမျှသမိုင်းကြောင်းအရဆိုရလျှင်၊ ပြင်သစ်တော်လှန်ရေးကာလလောက်ကပင် ပီအာစနစ်အကြောင်းစတင်စဉ်းစားခဲ့ကြသည်ဟု သိရပါသည်။ဗြိတိသျှနိုင်ငံရေးဘောဂဗေဒပညာရှင်ဂျွန်စတုရပ် မီး(လ)က၊ စတင်ဖော်ထုတ်ခဲ့သည်ဟုလည်း အမှတ်အသားရှိသည်။ စံတော်ဝင်ရွေးကောက်ပွဲစနစ်ဟုဆိုနိုင်သော၊ "မဲအများဆုံးရသူက အနိုင်ရသည့်စနစ်" (First Past The Post ) ၊အတိုကောက်FPTP စနစ်မှာ၊ "ပေါက်သူအကုန်ယူ" (winner takes all) သဘောဖြစ်ရာ "အများစုနှင့်ဗိုလ်ကျသည်မျိုး" (tyranny of majority) ဖြစ်နိုင်၍၊ ပါတီငယ်များ အထူးသဖြင့် လူမျိုးစုပါတီများ၊" ဘေးရောက်သွားနိုင်" (marginalized)သောကြောင့်၊ ပီအာစနစ်ကိုအဆိုပြုလာသည်ဟုဆိုပါသည်။

ပီအာစနစ်ကို ပထမဆုံး အကောင်အထည်ဖော် ကျင့်သုံးခဲ့သည်မှာ ဒိန်းမတ်နိုင်ငံဖြစ်သည်(၁၈၅၅)။ ထိုသည်၏နောက်တွင်မူလူမျိုးများစွာဖြင့် ပြည်ထောင်စုပုံသဏ္ဍာန် စုစည်းကြသော နိုင်ငံတော်တော်များများလိုက်ပါကျင့်သုံးလာကြသည်။ ဆွတ်ဇာလန်(၁၈၉၁) ၊ဘယ်(လ)ဂျီယံ(၁၈၉၉)၊ ဖင်လန်(၁၉၀၆)၊ စသည်တို့ဖြစ်ပါသည်။ လူမျိုးစုလူနည်းစုများရှိသော၊ ပါတီတွေအများကြီးရှိနေသောနိုင်ငံများအတွက် ပိုမိုဒီမိုကရေစီနည်းကျသည့် ရွေးကောက်ပွဲစနစ်ဟု၊ ပညာရှင်များကအမှတ်ပေးကြပါသည်။ သို့နှင့်တိုင် ၁၉၂၀ ပြည့်လွန်နှစ်များကပေါ်ထွက်လာခဲ့သော ဂျာမန်ဝိုင်မာသမ္မတနိုင်ငံတွင်ပီအာစနစ်ကိုကျင့်သုံးခဲ့ရာမှ
ဟစ်တလာ၏နာဇီပါတီအာဏာရလာသောသမိုင်းကလည်းရှိနေပြန်သည်။ ဤအချက်ကိုအကြောင်းခံ၍ "ပီအာစနစ်၏အားနည်းချက်မှာ၊ အစွန်းရောက်ပါတီများအာဏာရလာနိုင်သည့်အလားအလာရှိသည်" ဆိုသောဝေဖန်ထောက်ပြချက်များလည်းရှိပါသည်။ သို့နှင့်အမျှနောက်ပိုင်းတွင် ၊ FPTP နှင့် PR ကိုပေါင်းစပ်ကျင့်သုံးသည့်စနစ်လည်း ပေါ်လာသည်။ "တစ်စိတ်တစ်ပိုင်းအချိုးကျစနစ်" (Semi-Proportional System) ဟုခေါ်ပါသည်။
ဘာ့ကြောင့် " ပီအာ"
(သတင်းအဆက်အစပ်)
မြန်မာ့နိုင်ငံရေးတွင် ၊ဘာ့ကြောင့် "ပီအာ" အကြောင်းပြောလာကြပါသနည်း"......။ဤမေးခွန်းကိုဖြေဖို့ စာရေးသူကသတင်းတွေကိုစဉ်ကြည့်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲအပြီးသုံးသပ်ချက်များ၊ ထို့နောက် ဒီမိုကရေစီမတ်ဆွေပါတီများ၏သြစတေးလျခရီးစဉ်...၊ နောက် အဆိုပါ ပါတီများနှင့် သမ္မတကြီး၏နေပြည်တော်လယ်တောတွေ့ဆုံပွဲ....၊ယခုနောက်ဆုံးပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့တွေ့...။ ဇာတ်၏အစမှာ ကြားဖြတ်ရွေးကောက်ပွဲဟုထင်သည်။
အားလုံးသိကြသည့်အတိုင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က၊ နေရာအားလုံးလောက်ဝင်ပြိုင်သည်။ပြောရလျှင်လူမျိုးစုပါတီများရှိရာမဲဆန္ဒနယ်များကိုပင်မရှောင်။ ပြိုင်သလောက်လည်းနိုင်သည်။(ကျားဖြူပါတီတစ်နေရာမှလွဲ၍) NLD အတွက်တော့အောင်ပွဲပင်။ဒီမိုကရက်တစ်အင်အားစုများညီညွတ်ရေးအတွက်တော့မကောင်း။အထူးသဖြင့်လူမျိုးစုပါတီများ။(ဤအလားအလာကိုတွက်ဆမိ၍၊ ရွေးကောက်ပွဲအကြိုကာလကပင်၊ စာရေးသူသတိပေးရေးသားဖူးပါသည်။ ၂၀၁၁ ဒီဇင်ဘာ ၁၁ ထုတ် The Voice ဂျာနယ်ပါ၊ "လမ်းစပေါ်ပြီ၊ မြူတွေဆိုင်းဆဲ" ဆောင်းပါး။ ရှိစေတော့။
ချုပ်လိုက်လျှင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအဖြေမှာ၊ လူမျိုးစုပါတီများအပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများ(တစ်နည်းဒီမိုကရက်တစ်အင်အားစုများ)အတွက်ဘေးဖယ်ခံရမည့်အန္တရာယ်ကြီးဖြစ်လာရတော့သည်။ ဤတွင် သူတို့အနေနှင့် ပီအာ ကိုစဉ်းစားလာကြသည်မှာသဘာဝကျသည်ဟုထင်သည်။ မိမိကိုယ်တိုင်ဆိုလျှင်လည်းဤအတိုင်းပင်စဉ်းစားမိပါလိမ့်မည်။ သို့သော် မိမိမှာ နိုင်ငံရေးသမားမဟုတ်၊မည်သည့်ပါတီဝင်မှလည်းမဟုတ်။ စာရေးသူ(တစ်နည်း မီဒီယာသမား)ပင်ဖြစ်ရာ အချစ်အမုန်းများဖြင့်ပြဿနာကိုချဉ်းကပ်ဖို့မသင့်။ မိမိထင်မြင်ချက်ကိုအရင်းအတိုင်းပြောဖို့တာဝင်ရှိသည်ဟုယူဆသည်။ ခံယူသည်။
ထင်မြင်ချက်(၁)
(သုံးချက်)
အားလုံးသိကြသည့်အတိုင်းမြန်မာနိုင်ငံမှာ၊ လူမျိုးစုများးစွာမှီတင်းနေထိုင်ကြသောပြည်ထောင်စုကြီးဖြစ်သည်။ လူမျိုးစုနိုင်ငံရေးပါတီများလည်းမနည်းမနောရှိသည်။ တိုင်းရင်းသားလူမျိုးများ၏အရေးမှာ မြန်မာ့နိုင်ငံရေး(တနည်းမြန်မာ့ဒီမိုကရေစီရေး)၏ အသည်းနှလုံးနေရာတွင်ရှိသည်ဟုလည်းစာရေးသူနားလည်ထားသည်။ ထို့ထက် မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီတွေအတော်များသည်။ ဒါကလည်းသဘာဝကျသည်။ ကာလတာရှည်ဒီမိုကရေစီနဲ့ဝေးနေသောလူ့အဖွဲ့အစည်းတစ်ရပ်အနေနှင့် ဒီမိုကရေစီတာထွက်တွင်ပါတီတွေများတတ်သည်မှာသဘာဝဖြစ်သည်။ ပိုအရေးကြီးသည်မှာ အဆိုပါပါတီအားလုံးလောက်မှာလည်းဒီမိုကရေစီအင်အားစုများဖြစ်နေခြင်းပင်။
သို့အတွက် ပါတီငယ်လေးများ၏ပြောရေးဆိုခွင့်ကို ပိုမိုအာမခံချက်ပေးနိုင်လိမ့်မည်ဟု ယူဆရသောပီအာ စနစ်မှာ ရေရှည်တွင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် ပို၍ စရွေးကိုက်လိမ့်မည်ဟုသဘောရပါသည်။ သို့နှင့်တိုင်ယခုလောလောဆယ်တွင်မူ ထည့်သွင်းစဉ်းစားစရာများရှိသလောက်ရှိမည်ထင်သည်။ စာရေးသူစဉ်းစားမိသလောက်အနည်းဆုံး "သုံးချက်" ကိုတင်ပြလိုက်ပါသည်။
(၁) ပီအာစနစ်လက်တွေ့ကျင့်သုံးကြသော နိုင်ငံများ၏အတွေ့အကြုံအရ ဤစနစ်၏လုပ်ထုံးလုပ်နည်းများမှာ ရှုပ်ထွေးသည်နှင့်အမျှ လက်ပေါက်စိပ်သည်ဟုသိရပါသည်။ တစ်စုံတစ်ရာရင့်ကျက်ပြီးဒီမိုကရေစီနိုင်ငံများအတွက်ကိစ္စမရှိ။ မြန်မာနိုင်ငံလို သက်တမ်းအရရော ၊အတွေ့အကြုံအရပါနုနယ်သေးသောအနေအထားနှင့်လက်တွေ့ပြဿနာ ရှိနိုင် ,မရှိနိုင် စဉ်းစားဖို့လိုပါလိမ့်မည်။ လက်ရှိအခြေအနေတွင် ဤစနစ်ကိုကျင့်သုံးမည်ဆိုပါက၊( စွမ်းဆောင်ရည်အရရော မရိုးသားမှုများကြောင့်ပါ) အားနည်းချွတ်ယွင်းချက်များရှိလာနိုင်သည်။
(၂) ပီအာ စနစ်မှာ မြန်မာ့လူမှုနိုင်ငံရေးဓလေ့(တစ်နည်း မြန်မာတို့၏စိတ်အခံ)နှင့် အလုပ်ဖြစ်နိုင်, မဖြစ်နိုင် စဉ်းစားဖို့လိုမည်ထင်သည်။ မြန်မာ့ဓလေ့က အကွဲအပြဲဘက်အားသန်သည်။ ပါတီများစွာမဆိုနှင့် ပါတီတစ်ခုထဲမှာပင် ကွဲတတ်သည်။ ကွဲလေ့ရှိသည်။ ထို့ထက် "သူဖြူလျှင် ငါမည်းမည်" ဆိုသောစစ်အေးလော့ဂျစ်ကလည်းစွဲစွဲခိုင်ခိုင်ရှိနေသည်။ ပီအာစနစ်အရ နိုင်ငံရေးပါတီများညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ရာ၊ " ဘုံတူညီချက်" ( Common Ground ) ရှာဖို့ခက်လိမ့်မည်ထင်သည်။ ထိုမျှမက ပီအာစနစ်တွင် အစွန်းရောက်ပါတီအချို့လွှတ်တော်ထဲရောက်လာနိုင်သည်ကိုလည်းစဉ်းစားဖို့လိုပါလိမ့်မည်။
(၃) ပီအာ စနစ်၏လွှတ်တော်တွင် နိုင်ငံရေးပါတီတော်တော်များများအချိုးကျပါဝင်ခွင့်ရကြမည်ဖြစ်ရာ အရေးကြီးသောဆုံးဖြတ်ချက်များ( ဥပမာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး) ချမှတ်နိုင်ရန် လုံလောက်သည့် ၇၅ ရာခိုင်နှုန်း ရဖို့ မလွယ်ဟုစဉ်းစားမိသည်။ ဤသို့ဆိုလျှင် မြန်မာ့ ဒီမိုကရေစီအရေးမှာ ၊ ရှေ့မတိုး နောက်မဆုတ် "အီလည်တန့်ခံမှု" နင်္ှင့် ကြုံရနိုင်သည်။ ဆိုရလျှင် ရွှေပြည်တော်မျှော်တိုင်းဝေးပင်ဖြစ်သွားနိုင်သည်။
ဤသို့ဆိုလျှင် ပီအာ ကိုဆန့်ကျင်သည်မဟုတ်ပါ။ ရေရှည်အတွက်ကောင်းနိုင်ပါသည်။ ရေတိုတွင်မူစဉ်းစားစရာများရှိလိမ့်မည်ထင်သည်။ အထူးသဖြင့်ဆိုခဲ့ပါတတိယအချက်ကို လေးထားစဉ်းစားစေချင်ပါသည်။
ထင်မြင်ချက်(၂)
(တပ်ပေါင်းစုလမ်းကြောင်း)
မြန်မာ့နိုင်ငံရေးနဲ့ပက်သက်ပြီး၊ စာရေးသူစဉ်းစားထားသည်ကတစ်မျိုးဖြစ်သည်။ စာရေးသူမှာ နိုင်ငံတကာအိုင်ဒီယာများနှင့်မိတ်ဆက်ပေးသူဖြစ်သည့်တိုင် မြန်မာ့အရေးနှင့်ပက်သက်လျှင်မူ မိမိနိုင်ငံ၏ ပကတိအရှိမှ စတင်လိုသည်။ စာရေးသူအမြင် မြန်မာ့နိုင်ငံရေးရွှေခေတ်မှာ ဖက်ဆစ်တော်လှန်ရေးအကြိုကာလကစတင်ခဲ့သော လွတ်လပ်ရေးကြိုးပမ်းမှုနှစ်များဟုယူဆသည် ဤကာလအတွင်းရွေးချယ်ခဲ့ကြသည်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တပ်ပေါင်းစုနိုင်ငံရေးလမ်းကြောင်းဟု သဘောရပါသည်။


ဗိုလ်ချုပ်ဦးဆောင်မှုဖြင့် လက်ဝဲညီညွတ်ရေးအခြေခံကာလွတ်လပ်ရေးအရယူပေးခဲ့သလို၊ စာရေးသူတို့ခေတ်တွင်လည်း ဒီမိုကရတ်တစ်အင်အားစုများညီညွတ်ရေးကိုအခြေခံကာ ဒီမိုကရေစီအရယူပေးစေချင်သည်( သမီးဗိုလ်ချုပ်နှင့်ပက်သက်သော စာရေးသူ၏မျှော်လင့်ချက်မှာ ဒါပဲဖြစ်သည်။) ဤသို့ဖြစ်ဖို့ဆိုလျှင် "တစ်ဦးချင်းလျှောက်လွှာတင်" ဆိုသော သခင်စိုး လမ်းကြောင်းအတိုင်းလိုက်လို့မဖြစ်။ လက်တွဲနိုင်သမျှအင်အားစုအားလုံးနှင့်လက်တွဲမည်" ဆိုသောဗိုလ်ချုပ်လမ်းကြောင်း၊ တစ်နည်း တပ်ပေါင်းစုလမ်းကြောင်းနှင့်မှဖြစ်လိမ့်မည်ဟုဆင်ခြင်မိသည်။

ပီအာ ဖြစ်စေ ၊ လက်ရှိ FPTP ဖြစ်စေ၊ သို့မဟုတ် ဤစနစ် နှစ်ခုပေါင်း၍ဖြစ်စေ....၊ မည်သည့်စနစ်နှင့်သွားသွား တပ်ပေါင်းစု နိုင်ငံရေးစိတ်ဓာတ်မပျောက်မှသာ၊ မြန်မာ့ဒီမိုကရေစီဝင်္ကပါလမ်းမှ ဖောက်ထွက်နိုင်လိမ့်မည်ထင်သည်။ နိုင်ငံရေးပါတီအသီးသီးမှ မိတ်ဆွေများနှင့်ဆုံတိုင်လည်း၊ ဤအမြင်, ဤအတွေးကိုပင်ပြောဖြစ်ခဲ့ပါသည်။ သို့တစေ သူတို့က စိတ်ဝင်စားကြဟန်မရှိ၊ ဘာတွေ အရေးကြီးနေသည် မသိ။ " အချိန်မပေးနိုင်" ဟုဆိုသူကဆိုသည်။ ဆရာဗန်းမော်တင်အောင်စကားနှင့်ဆိုရလျှင်၊ "ကျွန်တော်ကကော ဘာများတတ်နိုင်ပါမည်နည်း....."
ဆရာ ..ဦးကျော်ဝင်း ၏ "မြန်မာ့နိုင်ငံရေးနှင်းခဲပျော်ချိန်၊ ထိုသုံးနှစ်(၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂) ....စာမျက်နှာ ၃၂၁-၃၂၅ မှကောက်နှုတ်ဖော်ပြပါသည်။

Friday, February 14, 2014

“ အချိန်ဆွဲ နည်းဗျူဟာကို ရင်ဆိုင်နေရပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ”

The Ladies ဂျာနယ်၊ မွန်းတည့်နေဂျာနယ်၊ ၁၄-၂-၁၄။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း တစ်ချိန်လုံး နိုင်ငံရေး စိတ်ဝင်စားသူတွေနဲ့ ပြည်သူတွေ စိတ်ဝင်စားခဲ့တဲ့ အကြောင်းအရာ တစ်ခုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပါတ်သက်ပြီး နိုင်ငံရဲ့ အဓိက ခေါင်းဆောင် (၃) ယောက်နဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း တောင်းဆိုပါတယ်။ ဖြစ်မလာပါဘူး။ နောက် ပြည်နယ်နဲ့ တိုင်းတွေကို လှည့်လည်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုင်ရာ လူထု စည်းရုံးမှုတွေ လုပ်ပါတယ်။ တစ်ပြိုင်နက်တည်း စောင့်မျှော်နေရတာကတော့ ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား ပြီးစီးရမယ့် လွှတ်တော်ဖွဲ့စည်းပုံ သုံးသပ်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာ ပါ။ အခု အဲဒီ အစီရင်ခံစာကို လွှတ်တော်တင်၊ အတည်ပြုပြီးနောက် လွှတ်တော် နာယက သူရ ဦးရွှေမန်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ” ဆိုတာကို ဖွဲ့စည်း တာဝန်ပေးလိုက်ပါပြီ။ ဒါပေမယ့် အရေးအကြီးဆုံး တစ်ချက်ကတော့ သူရဦးရွှေမန်းရဲ့ အဲဒီ ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တဲ့ အမိန့်ကြော်ငြာစာမှာ ကော်မတီ လုပ်ငန်းကို ဘယ်နေ့ ဘယ်ရက် အဆုံးသတ်ရမယ် ဆိုတဲ့ တိကျတဲ့ အချိန်သတ်မှတ်ချက် ပေးမထားပါဘူး။ ဒီ အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်ရဲ့ ဆောင်ရွက်ချက် ဘယ်လောက် ကြာသွားနိုင်သလဲ၊ ဒါဟာ အချိန်ဆွဲ နည်းဗျူဟာ ကျင့်သုံးတာရော မဖြစ်နိုင်ဘူးလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

ပြောရရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပါတ်သက်ရင် လွှတ်တော်ကနေ ပူးပေါင်းကော်မတီဖွဲ့၊ အစီရင်ခံစာ တင်သွင်းရမယ့် နေ့ရက် အတိအကျ သတ်မှတ်ပေးလိုက်ချိန်ကစ အရှိန်မြင့်လာတာ ဖြစ်ပါတယ်။ လွှတ်တော်ကနေ လူ ၁၀၀ ကျော်ပါတဲ့ အဲဒီ ပူးပေါင်းကော်မတီ ဖွဲ့စည်းပေးလိုက်ကာစ ကဆို အင်န်အယ်လ်ဒီ ကရော၊ ပြည်သူတွေကပါ အတော်လေး မျှော်လင့်ခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇင်ဘာ ၃၁ ရောက်ရင်၊ နောက်ပိုင်း တစ်လ ထပ်ရွှေ့လိုက်လို့ ဇန်န၀ါရီ ၃၁ ရောက်ရင် ဖွဲ့စည်းပုံနဲ့ ပါတ်သက်ပြီး ဘယ်လိုပြင်ဆင်မယ် ဆိုတဲ့ တိကျတဲ့ သုံးသပ်ချက် တစ်စောင် ထွက်လာမယ် လို့ အားလုံး မျှော်လင့်ထားကြတာပါ။ 
တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော် ပူးပေါင်းကော်မတီကပဲ ဆွေးနွေးဆုံးဖြတ်နေတာထက်စာရင် တိုင်းပြည်ရဲ့ တကယ့် အရေးပါတဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြရင် အဲဒီ လုပ်ငန်းစဉ် ပိုပြီး ချောချောမောမော ဖြစ်နိုင်တယ် ဆိုပြီး သမ္မတ၊ လွှတ်တော် နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ပါဝင်တဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ တောင်းဆိုပါတယ်။ သမ္မတ ဘက်ကတော့ လွှတ်တော်ကို ကျော်ပြီး လုပ်သလို ဖြစ်မယ်၊ လွှတ်တော် ပူးပေါင်းကော်မတီရဲ့ ရလာဒ် ဘာထွက်လာမယ် မသိသေးဘူး၊ အဲဒီ ရလာဒ် ထွက်ပြီးတဲ့ အချိန်အထိ စောင့်ကြည့်ရအောင် ဆိုပြီး မယုတ်မလွန် ဆိုပါတယ်။ သူရဦးရွှေမန်းကတော့ တွေ့ဆုံဆွေးနွေးကြတာ ကောင်းတယ် လို့ မှတ်ချက်ပေးပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ နှုတ်ဆိပ်နေပါတယ်။ ဒီလိုနဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်ခဲ့ပါဘူး။
နောက်ဆုံး အားလုံး မျှော်လင့်နေတဲ့ ပူးပေါင်းကော်မတီ အစီရင်ခံစာ ဆိုတာကြီး ထွက်လာပါတယ်။ လေ့လာသုံးသပ်ရေး အစီရင်ခံစာ ဆိုပေမယ့် လေ့လာထားတာ၊ သုံးသပ်ထားတာ ဘာမှ မယ်မယ်ရရ မဖော်ပြထားပါဘူး။ တင်ပြလာတဲ့ အကြံပြုစာ၊ လက်မှတ်ရေးထိုးထားတဲ့ အကြံပြုစာတွေကို အမျိုးအစားအလိုက် ကိန်းဂဏန်း အရေအတွက်နဲ့ ခွဲခြား ဖော်ပြထားတာပဲ ရှိပါတယ်။ ပြောရရင် ရုံးလုပ်ငန်း သာသာလောက် လုပ်ထားတဲ့ နာမည်ခံ အစီရင်ခံစာပါ။ ထူးတာတစ်ခုက ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉ (စ) အပါအ၀င် ပုဒ်မ (၇) ခုကို မပြင်ချင်ပါဘူးဆိုပြီး လိမ်လည်တင်ပြထားတဲ့ လက်မှတ် တစ်သိန်းကျော်ကိုပါ အစီရင်ခံစာထဲ ထည့်သွင်းထားလိုက်တာပါ။ ဒါကို လွှတ်တော်ကလည်း အတည်ပြုပေးလိုက်ပါသေးတယ်။ ဒီ ပြသနာဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ရှုတ်ထွေးစေနိုင်တဲ့ ပြသနာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အခုနောက်ဆုံး လွှတ်တော် နာယက သူရ ဦးရွှေမန်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ” ဆိုတာကို ထပ်ဖွဲ့စည်း တာဝန်ပေးလိုက်ပြန်ပါပြီ။ ကော်မတီထဲ လူပါဝင်မှု၊ လျှို့ဝှက် လုပ်ရမယ်၊ ဆွေးနွေးတာတွေ အပြင်ကို မပေါက်ကြားစေရ၊ သဘောထား မတူညီတာရှိရင် မဲခွဲဆုံးဖြတ်ရမယ် ဆိုတာတွေ အားလုံးကတော့ အရင် လေ့လာသုံးသပ်ရေး ကော်မတီက အတိုင်းပါပဲ။ ကော်မတီ အရွယ်အစား ငယ်အောင် လုပ်လိုက်တာပဲ ကွာပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး တစ်ချက်ကတော့ သူရဦးရွှေမန်းရဲ့ အဲဒီ ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တဲ့ အမိန့်ကြော်ငြာစာမှာ ကော်မတီ လုပ်ငန်းကို ဘယ်နေ့ ဘယ်ရက် အဆုံးသတ်ရမယ် ဆိုတဲ့ တိကျတဲ့ အချိန်ဇယားသတ်မှတ်ချက် ပေးမထားပါဘူး။

အားလုံးခြုံငုံ သုံးသပ်ရရင် ဖွဲ့စည်းပုံထဲက ဘယ်အချက်တွေကို ပြင်မယ် ဆိုတဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ မူကြမ်း တစ်ရပ်” လွှတ်တော်ထဲ ရောက်ဖို့ အချိန် မသိနိုင်တော့ပါဘူး။ ဒီ အတောအတွင်း အဲဒီ ကော်မတီဟာ လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ညွှန်ကြားချက် အမိန့်ကြေငြာချက်တွေအောက်မှာ အလုပ်လုပ်ကြရမှာပါ။ အဲဒီ အတောအတွင်း သမ္မတ အပါအ၀င် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုထားတာကိုလည်း လွှတ်တော်ကော်မတီ ရလာဒ် မသိသေးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတ ဘက်က ဆက်ပြီး အချိန်ဆွဲထားနိုင်ပါတယ်။
တကယ်တော့ လွှတ်တော်ထဲ အဲဒီ ဥပဒေကြမ်း ရောက်သွားတဲ့တိုင် လွယ်လွယ် ပြီးသွားမှာတော့ မဟုတ်ပါဘူး။ တစ်ချက်ခြင်း တစ်ပုဒ်ခြင်း ဆွေးနွေး အမတ် ၇၅ ရာခိုင်နှုန်းကျော် အတည်ပြုတာတွေကိုမှ ပြင်ဖို့ လမ်းစ ပွင့်မယ် ဖြစ်ပါတယ်။ ဒါလည်း မပြီးသေးပါဘူး။ ၇၅ ရာခိုင်နှုန်း သဘောတူထားတဲ့ အချက်တွေကို ပြင်နိုင်ဖို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ကျင်းပရပါဦးမယ်။ အဲဒီ အတွက် ကော်မတီအဆင့်ဆင့်ဖွဲ့တာ၊ ရက်သတ်မှတ်တာ စသဖြင့် လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ အများကြီး လာပါဦးမယ်။ ဒီလို ကိစ္စမျိုးကို လိုရင် လိုသလို အချိန်ဆွဲဖို့ သူရဦးရွှေမန်း အပါအ၀င် စစ်ဗိုလ်ချုပ်ဟောင်းတွေ ကောင်းကောင်း ကျွမ်းကျင်ကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၉၃ ကနေ ၂၀၀၈ ခုနှစ်အထိ ၁၅ နှစ်ကြာအောင် ဆွဲခဲ့တဲ့ အတွေ့အကြုံကြီး သူတို့မှာ ရှိပါတယ်။

နောက်တစ်ချက် ထူးခြားတာ တစ်ခုက အဲလို ဆန္ဒခံယူပွဲ လုပ်မယ့် ဘတ်ဂျက်မျိုး လာမယ့် ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်အတွက် ထည့်သွင်းရေးဆွဲထားခြင်း မရှိတဲ့ ကိစ္စပါ။ တစ်ဖက်ကလည်း ၂၀၁၅ ရွေးကောက်ပွဲ ဆိုတာ ဝေးသလိုလိုနဲ့ နီးနီးလေး ကျန်တော့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲကိုသာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပဲ ကျင်းပခဲ့မယ် ဆိုရင် ဘယ်လိုမှ လွတ်လပ် တရားမျှတတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာမှာ မဟုတ်ပါဘူး။ သေခြာတာ တစ်ခုကတော့ အာဏာကြီးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တစ်ယောက်နဲ့ စစ်ယူနီဖေါင်းချွတ်ထားတဲ့ သမ္မတ တစ်ယောက် လက်အောက်မှာ ပြည်သူတွေ ဆက်ပြီး စခန်းသွားကြရဦးမှာ ဖြစ်ပါတယ်။
လောလောဆယ် မြန်မာ့နိုင်ငံရေး အခြေအနေကို ကြည့်ရင် ရပ်ကွက်ထဲကမှာ ကစားလေ့ရှိတဲ့ ဘောလုံးကစားနည်း တစ်နည်းနဲ့ အသွင်သဏ္ဍာန် တူညီနေပါတယ်။ လူ သုံးယောက်က ဘောလုံးကို တစ်ယောက်ကို တစ်ယောက် အပေးအယူ လုပ်၊ အလယ်က လူတစ်ယောက်က ဘောလုံး မရရအောင် လိုက်လု ရတဲ့ ကစားနည်းမျိုးပါ။ ဘောလုံးကို အပေးအယူ ရှိရှိနဲ့ ကစားနေသူ သုံးဦးကတော့ စစ်ဗိုလ်ချုပ်ဟောင်း နှစ်ယောက်နဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်ပါ။ အလယ်ကနေ ဘောလုံး လိုက်လုဖို့ ကြိုးစားနေရသူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။
သိပ်မကြာခင်တုန်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေး နယ်တကာလှည့် ဟောပြောပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ ဖွဲ့စည်းပုံကို လွှတ်တော်တွင်းမှာပဲ ပြင်နိုင်အောင် ကြိုးစားမယ်၊ မဖြစ်နိုင်ရင်တော့ အခြားနည်းသုံးမယ်၊ ဘယ်နည်းဖြစ်ဖြစ် ငြိမ်းချမ်းတဲ့ နည်းလမ်းပဲ ဖြစ်မယ် လို့ ပြောဆိုခဲ့ပါတယ်။ အခုတော့ အာဏာကို မြဲမြဲမြံမြံ ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေကတော့ “အချိန်ဆွဲ” တဲ့ နည်းဗျူဟာကို အသုံးချနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ဒါကို ဘယ်လို ရင်ဆိုင် ကျော်ဖြတ်မလဲ ဆိုတာကို စောင့်ကြည့်ဖို့ပဲ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

Friday, February 7, 2014

ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးကို ရှုမျှော်ကြည့်ြ့ခင်း



(စာရေးဆရာ ဦးကျော်ဝင်းနှင့် ဆွေးနွေးခြင်း)



YMG- မင်္ဂလာပါဆရာ၊ မကြာမီကာလ ၂၀၁၅ခုနှစ်မှာ ရွေးကောက်ပွဲလာပါတော့မယ်။ အဲဒီ့ ရွေးကောက်ပွဲပြီးရင် အစိုးရသစ်တစ်ရပ်လဲ ပေါ်လာမှာဖြစ်ပါတယ်။ တော်တော်များများက ၂၀၁၅ အလွန်လို့ပြောကြတယ်။ ဒါပေမဲ့ တလောတုန်းက သတင်းစာထဲမှာ နိုင်ငံတော် သမ္မတကြီးက “တို့သက်တမ်းက ၂၆လ ကျန်သေးတယ်လို့ပြန်ပြောတော့” ကျွန်တော် ပြန်တွက်ကြည့်တယ်။ လက်ရှိအစိုးရသက်တမ်းဟာ ၂၀၁၆ မတ်လအထိ ဆက်ရှိနေအုန်းမှာ။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ နောက်အစိုးရသစ်က ပေါ်လာမှာဆိုတော့ ၂၀၁၅အလွန်ပဲ ပြောပြော၊ ၂၀၁၆အလွန်ပဲပြောပြော ပေါ်ထွက်လာမယ့် အစိုးရသစ်နဲ့ ပတ်သက်ပြီး ဆရာ သုံးသပ်ပေးပါဦး။

KW- ၂၀၁၆ အလွန်မှာ ဘယ်လိုအစိုးရ ဖြစ်မလဲဆိုတာ ကျွန်တော်လဲ မသိပါဘူး။ အဲဒီ မတိုင်ခင် ၂၀၁၄-၂၀၁၅ မှာ ဘယ်လိုဖြတ်သန်းခဲ့ကြသလဲဆိုတဲ့ အချက်ပေါ် မူတည်ပါတယ် Political Opening အဆင့်မှာ နိုင်ငံတကာ အတွေ့အကြုံအရ မငြိမ်ပါဘူး။ အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတော့ ၂၀၁၄-၂၀၁၅ မှာ အေးအေးညောင်း ညောင်းဖြစ်မှ အလားအလာကောင်းတဲ့ ရှုမျှောင်ခင်းဖြစ်မယ်။ အဲဒီလိုမဟုတ်ဘဲ Political Opening အဆင့်မှာ အကြောင်းကြောင်းကြောင့် နောက်ပြန်ဆုတ်သွားရင် နောက်ထပ် ရှုမျှော်ခင်းတစ်ခု ထပ်ဖြစ်သွားနိုင်တယ်။ အခုအချိန်က အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုရဲ့ အစကို ရောက်နေပြီး။ အရင်က တပ်မတော်ဆိုတာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့ နှစ်ကိုယ် တစ်စိတ်ဖြစ်ခဲ့တယ်။ ဒီနေ့ ပြည်ခိုင်ဖြိုးအဖွဲ့မှာ တပ်မတော်က ခေါင်းဆောင်တွေပါနေတော့ တော်တော်များများက တပ်မတော်ဟာ ပြည်ခိုင်ဖြိုးဘက်မှာ ရှိနေတယ်လို့ မြင်ကြတယ်။ လွှတ်တော်ထဲရောက်သွားတော့ အဲဒီဟာကို ကျွန်တော်သတိထားမိတယ်။ မဲပေးတဲ့ အခြေအနေကို ကြည့်ရင် တပ်မတော်ဟာ USDP အပါအဝင် ဘယ်ပါတီဘက်နဲ့မှ ပတ်သက်မှု မရှိတာကို တွေ့ရတယ်။ သူ့ဟာသူ လွတ်လွတ်လပ်လပ်ရပ်တည်နေတာကို တွေ့ရတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့ အချက်တစ်ခုဖြစ်တယ်။ သို့သော် တပ်မတော်ဟာ နိုင်ငံရေးက အပြီး အပိုင် ဆုတ်ခွာသွားဖို့တော့ ခက်တယ်။ အချိန်ကာလတစ်ခုတော့ ယူရဦးမယ်ထင်တယ်။ လောလောဆယ် အခြေအနေကိုကြည့်ရင် သူတို့ကိုယ်တိုင် အာဏာသိမ်းချင်တဲ့သဘော မရှိဘူး။ အဲဒါဟာ သေချာသလောက်ပဲ။ သို့သော် အာဏာမသိမ်းတော့ဘူးလို့ ယတိပြတ် ဆုံးဖြတ်ချက်တော့ မရှိဘူး။ လက်ရှိ Constitution ကတစ်ဆင့် အာဏာသိမ်းလို့ ရအောင် လုပ်ထားတယ်။ သိမ်းခဲ့ရင်လည်း ၆၂ ကပုံစံမျိုးတော့ မဖြစ်လောက်ဘူး။ ဖြစ်မှဖြစ် ၅၈ က ပုံစံမျိုးပဲဖြစ်မယ်။ လွှတ်တော်ဖျက်မယ် မထင်ဘူး။ ကာလသက်တမ်းကြရင် Constitution ကတော့ နှစ်နှစ်သိမ်းခွင့်ပြုဟန်တူတယ်။ သူတို့ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်။ ကျွန်တော် ကတော့ အဲဒါကို မဖြစ်စေချင်ဘူး။ အဲဒီလိုလုပ်လိုက်ရင် နောက်တက်မယ့် အစိုးရဟာ တစ်က ပြန်စရတော့မယ်။ အများကြီး နောက်ဆုတ်သွားပြီ။ နောက်တစ်ချက်က တပ်နဲ့လူထုအကြား ယိုယွင်းနေတဲ့ ယုံကြည်မှုဟာ ပိုဆိုးသွားမယ်။ ဒါကြောင့် အဲဒါတွေမဖြစ်ဘဲ အေးအေး ညောင်းညောင်း ဖြတ်သန်းသွားနိုင်ရင်တော့ ၂၀၁၆ ဟာ ပိုကောင်းတဲ့ အလားအလာ ရှုမျှော်ခင်းတစ်ခုကို မြင်ရမယ်လို့ထင်တယ်။ အဲဒီလို မဟုတ်ဘဲ ကြားထဲမှာ ဝမ်းနည်းစရာနဲ့ ကြုံလာရင်တော့ အဲဒီရှုမျှော်ခင်းက သိပ်ကောင်းလှမယ် မထင်ဘူး။

YMG- ဆရာပြောတဲ့အထဲမှာ နောက်ကြောင်းပြန်လှည့်မယ့်ကိစ္စနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ်လို့မြင်တယ်။ တပ်မတော်ဟာ အကူးအပြောင်းရဲ့ ကနဦးကာလမှာပါနေတယ်။ ကျွန်တော်သိချင်တာက မည်ကဲ့သိုသော အကြောင်းအရာများက ကျွန်တော်တို့နိုင်ငံကို နောက်ကြောင်းပြန်လှည့်သွားစေနိုင်သလဲဆိုတာ နည်းနည်းလေး သုံးသပ်ပေးပါဦး။

KW- လောလောဆယ် တပ်မတော်ရဲ့ ရပ်တည်ချက်က တို့တာဝန်အရေးသုံးပါး၊ နောက် စတုတ္ထတစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ရေးပေါ့။ ဒီလေးခုကို မထိပါးသရွေ့ တပ်မတော်က ကြားမှာနေမယ့် သဘောရှိတယ်။ ဒီအနေအထားတစ်ခုကို ၂၀၁၅ခုနှစ် မတိုင်ခင်အထိ ထိန်းထိန်းသိမ်းသိမ်းသွားနိုင်ရင် ကောင်းတယ်။ ဒီ Limit ထဲမှာပဲ ကစားရင် ကောင်းမယ်။ သို့သော် ဒီ Limit ဟာ တစ်သက်လုံးသွားလို့မရဘူး။ တဖြည်းဖြည်းနဲ့ ဒါတွေကို လျှော့သွားရမယ်။ ဖွံ့ဖြိုးပြီးသား နိုင်ငံမှာ တပ်ရဲ့ ဆုတ်ခွာရေးဖြစ်စဉ်ဟာ နှစ်ချက်ပဲရှိတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီးခါစက Political Organ ကနေ Politisiam Organ ကိုပြောင်းတယ်။ သို့သော် ပြည်တွင်းစစ်တန်းလန်းနဲ့ ကျွန်တော်တို့လိုနိုင်ငံမှာတော့ ကြားခံတစ်ခုလိုတယ်။ Political Organ to Semi Politisam ပြီးမှ Politiciam Organ ကို သွားရတယ်။ Semi Politisam Organ က ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ယူထားရတယ်။ ပြည်ပရန် မရှိတော့ရင် နိုင်ငံရေးထဲမှာမပါရတော့ဘူး။ ကြားထဲမှာ ဝမ်းသာစရာကောင်းတာက ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် နှစ်နေရာမှာ ပြောခဲ့တာရှိတယ်။ ထိုင်းမှာ တစ်ခါ၊ စင်ကာပူမှာ တစ်ခါ။ ကျွန်တော်တို့ တဖြည်းဖြည်းချင်းလျှော့သွားမယ်လို့ ပြောခဲ့တာရှိတော့ ကျွန်တော်တို့ အတွက် အားတက်စရာပဲ။ ဒီအနေအထားကိုကြည့်ပြီး တစ်ဖက်က လက်ရှိ ရှိနေတဲ့ ကန့်သတ် ဘောင်ထဲမှာ ပါးပါးနပ်နပ်ကစားတတ်ဖို့လိုပါတယ်။ အဲဒီ အကန့်အသတ်ကိုလည်း ချဲ့ထွင်နိုင် ရေး လည်း လုပ်ရပါမယ်။ လာရီးဒိုင်းမွန်းက အကြံပေးထားတာ နှစ်ခုရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ပြေပြေလည်လည်ဖြစ်ဖို့ဆိုရင် ဒီမိုကရက်တစ်အင်အားစု ထဲက radical မကျတဲ့ moderate တွေနဲ့ အရင်အစိုးရထဲက Heard Liner မဟုတ်တဲ့ reformer တွေ။ အဲဒီ moderate နဲ့ reformer တွေကြားထဲမှာ နိုင်ငံရေး ပဋိညာဉ်တစ်ခု ရဖို့လိုတယ်။ ဒုတိယ အချက်တစ်ခုက ၂၀၁၅ရွေးကောက်ပွဲမှာ Free and Fair ဖြစ်လို့ bi-election အတွေ့အကြုံ ကိုယူပြီး NLD က Landslide နိုင်သွားရင် တစ်ဖက်က တပ်မတော်ရဲ့ စိုးရိမ်သောက တွေ ကြောင့် ၉၀ပြည့်နှစ်ရွေးကောက်ပွဲလိုမျိုး ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့ PR စနစ်လုပ်ကြည့် ပါလို့ သူက အကြံပေးတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင် ဦးတင်အေးက PR စနစ်ကို အကောင်အထည်ဖော်ချင်ရင် ၂၀၁၃အတွင်းအပြီးလုပ်ပါလို့ ပြောထားတာရှိတော့ PR ကို ကျင့်သုံးဖို့ ဖြစ်မလာနိုင်တော့ဘူး။ ဒီနေရာမှာ PR ကို ကျွန်တော်တို့ ထောက်ခံချင်လို့ မဟုတ်ပါဘူး။

YMG- အခုပါတီတွေ တော်တော်များလာတယ်။ ပါတီတိုင်းလိုလိုဟာလည်း ဒီမိုကရေစီဆိုတဲ့ စကားလုံးပါတဲ့ ပါတီတွေ တွေ့ရတယ်။ ကွန်မြူနစ်ဆိုတဲ့စကားလုံးကို ဘယ်သူမှ မတပ်ဘူး။ သို့ သော် တချို့တွေက ဒီမိုကရေစီနာမည်ခံသော်ငြားလည်း တွေးခေါ်တာ၊ လုပ်ကိုင်တာ အားလုံး ဟာ လက်ဝဲပုံစံနဲ့ သွားနေတာမျိုးရှိတယ်။

KW - ဒါကြောင့် ကျွန်တော်တို့ဟာ လစ်ဘရယ် Culture ထွန်းကားဖို့၊ လစ်ဘရယ် ဒီမိုကရေ စီ ထွန်းကားဖို့ လိုတယ်။ Democrative way of thinking ထွန်းကားဖို့လိုတယ်။ ဒါကြောင့် နှစ်ဖက်တာဝန်ရှိတဲ့ ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုတာက ထိန်းထိန်းသိမ်းသိမ်း သွားကြ ဖို့၊ အချုပ်ပြောရရင် ၁၉၆၀ ပြည့်နှစ်လောက် အခုပုံစံ ဆန်ဆန်ဖြစ်ဖူးတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့လည်းပတ်သက်တယ်။ လူမျိုးစုပြဿနာနဲ့လည်း ပတ်သက်တယ်။ ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြဌာန်းရေးနဲ့လည်း ပတ်သက်တယ်။ ဦးနုကပြောဘူးတာရှိတယ်။ တောင်း တဲ့ ပြည်သူလူထုဘက်က (အတိုက်အခံလက်နက်ကိုင်အင်အားစုဘက်က) တောင်းပါ။ ဒီမို ကရေစီဟာ တောင်းခွင့်ရှိပါတယ်။ သို့သော် တစ်ခု သတိထားဖို့က "ရ ရင် ရ၊ မရ ရင် ချ" မယ် ဆိုတဲ့ စိတ်မျိုးတော့ မထားပါနဲ့။ ကျုပ်တို့ အစိုးရကလည်း မင်းတို့ချရင် တို့ပြန်ချမယ်ဆိုတာ မလုပ်တော့ဘူးတဲ့။ ဒါကြောင့် တောင်းတဲ့လူက တောင်းကြပါ။ တောင်းခွင့်မရှိဘူးလို့ ကျွန် တော် မပြောပါဘူး။ သို့သော် တောင်းပါ။ မရ ရင် မချကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်။

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ်(၆)ပါ "စာရေးဆရာ ဦးကျော်ဝင်းနှင့် ဆွေးနွေးခြင်း" မှာ ကောက်နှုတ်ကူးယူဖော်ပြသည်
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ

Wednesday, February 5, 2014

၂၀၁၅မှာမှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်ပါစေ




 ဒီနေ့ မြို့ထဲ ရပ်ထဲရွာထဲကို လေ့လာကြည့်လိုက်ရင် လူတွေရဲ့ပါးစပ်ဖျားမှာ ပြောနေကြတာက ဒီချုပ် ဒီချုပ် ဒီချုပ် ဆိုတဲ့စကားလုံးဖြစ်ပါတယ်၊ ဒီစကားလုံးက တော်တော်လေးရေပန်း စားပြီးရပ်တိုင်းရွာတိုင်းမှာ NLD ပါတီဝင် တွေရဲ့ အစည်းဝေးတွေ ပလူပျံနေအောင် လုပ်နေကြလဲတွေ့နေပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် NLD ပါတီအနေနဲ့ လူထုအပေါ်မှာ စည်းရုံးရေး အတော်လေး ရနေပြီလို့ပြောရင် လက်ခံရမှာဖြစ်ပါတယ်။ ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် မြန်မာပြည်ရဲ့ ၂၀၁၅ ဟာ အင်မတန် ရင်လေးစရာကောင်းတဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။
ဒီနေရာမှာ မေးစရာတစ်ခုဖြစ်လာပါတယ်။ NLD ပါတီ အခုလို စည်းရုံးရေးကောင်းလို့ ပြည်သူတွေ ထောက်ခံမှုရလို့ ၂၀၁၅ မှာ NLD ပါတီ အနိုင်ရသွားခဲ့ရင် မြန်မာပြည်အတွက် အကောင်းဘူးလို့ ဆိုလိုတဲ့ အဓိပ္ပါယ်ကို ပြောတာလားလို့မေးမှာ မုချမလွဲပါဘဲ။ မှန်ပါတယ်။ကျွန်တော့် အမြင်အတွေးအရတော့ ဒီလိုဘဲ ရဲရဲကြီးပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ NLD ပါတီကို မုန်းလို့လဲမဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို မုန်းလို့လဲ မဟုတ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရအဖွဲ့အစည်း ကို ခေါင်းဆောင်သော Leader များ Decision Maker များဟာ အရည်အချင်းရှိပြီး ထက်မြတ်တဲ့သူများပါဝင် ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဖြစ်မှသာမြန်မာပြည်ရဲ့ လှပတဲ့ ရွေရောင် အနာဂတ်နေ့ရက်တွေကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ရဲရဲကြီး ယုံကြည်တဲ့ အတွက်မှန်ကန်တဲ့ အတွေးသစ် အမြင်သစ်တွေကို တင်ပြဆွေးနွေးလိုပါတယ်။

အိမ်ထောင်စုတစ်ခု မိသားစုတစ်ခုမှာ မိဘအုပ်ထိန်းသူဟာ အခရာကျပါတယ်။ မိဘအုပ်ထိန်းသူရဲ့ ဆိုဆုံးမမှု၊ ပဲ့ပြင်မှုတွေက သားသမီးတွေရဲ့စိတ်ဓာတ်၊ စည်းကမ်း၊ နေမှု၊ ထိုင်မှု စတာတွေနဲ့ အနာဂတ်တွေလှပအောင် ဖန်တီးပေးနိုင်ပါတယ်။ မိဘက အရည်အချင်း ရှိဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် မိဘကောင်းဖြစ်ရုံနဲ့ မလုံလောက်ဘဲ ထက်မြတ်ပြီးတော်တဲ့ မိဘဖြစ်ဖို့ပါလို အပ်လာပါပြီ။ ဒီလိုပါပဲ မြန်မာပြည်သူတွေအနေနဲ့ ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့မိဘတွေလို့ သတ်မှတ်ရမှာဖြစ် ပါတယ်။ ဒီနေ့ Direction ဖြစ်တဲ့ Democracy လမ်းကြောင်းပေါ်က မြန်မာပြည်ကို ဦးဆောင် ဦးရွက်ပြုမဲ့ Government အဖွဲ့အစည်းမှာ ပါဝင်တဲ့ Leader တွေဟာကောင်းရုံနဲ့တင် မရပါဘူး။ မလုံလောက်ပါဘူး Not enough with good ။ထက်မြတ်တဲ့ သူတွေ တော်တဲ့သူတွေဖြစ်ဖို့ အလွန်အရေးကြီး ပါတယ်။ 

သူတာဝန်ယူရတဲ့နယ်ပယ်မှာ specialist ဖြစ်ဖို့လိုအပ်တယ်။ ဒါမှာသာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း နိုင်တဲ့ ခေတ်မီ တိုးတက်သော မြန်မာပြည်ဆိုတာ ဖြစ်တည်လာမှာ ဖြစ်ပါတယ်။
NLDပါတီကို ပြည်သူတွေဘာကြောင့် ထောက်ခံနေတာလဲဆိုတာလဲ အကြောင်းအရင်းတွေရှိပါတယ်။အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစု
ကြည်ကြောင့်ဖြစ်ပါတယ်။ ဒေါ်စုကြည်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတဲ့အချက်ဟာ အဓိကအကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။ ဒေါ်စုကြည်ဟာ တော်တဲ့၊ ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတာမှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့မြန်မာနိုင်ငံကို ဒေါ်စုကြည်ခေါင်းဆောင်မှ ပြောင်းလဲတိုးတက်မှာလား? ဒီယူဆချက်ဟာ လုံးဝမှားယွင်းသွားပါလိမ့်မယ်။ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒေါ်စုကြည်ကဲ့သို့တော်တဲ့သူတွေ၊ သူ့ထက်တော်တဲ့ သူတွေအများကြီးရှိ နေပါတယ်။ တစ်ဦးကောင်းတစ်ယောက်ကောင်းရုံနဲ့ ကျွန်တော်တို့နိုင်ငံဟာ တိုးတက်ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ လူတစ်ဦးတစ်ယောက် Super Brain ပိုင်ရှင်ဖြစ်နေပါစေ တိုင်းပြည်တစ်ခုကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ Develop ဖြစ်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ဓာတ်ကောင်းမွန်ပြီး ထက်မြတ်တဲ့သူတွေနဲ့ ပေါင်းစုဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့အစည်းတစ်ခုက နိုင်ငံ့ထိပ်ဆုံးခေါင်းဆောင်ကို Support လုပ်ပေးနိုင်ဖို့ဟာ အဓိက Key Point ဖြစ်ပါတယ်။
NLD ထောက်ခံမှုရနေတဲ့ နောက်အကြောင်းအရင်းတစ်ချက်ကတော့ကျွန်တော်တို့ မြန်မာပြည် သူတွေဟာ စစ်အုပ်ချုပ်ရေး စနစ်ရဲ့အောက်မှာ နှစ်ပေါင်း ၂၀ ကျော်ကာလလောက် နေခဲ့ရတဲ့အတွက် စနစ်အပြောင်းအလဲ တစ်ခုကို အင်မတန်လိုချင်နေတဲ့အချက်ပဲဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးစနစ်မှာ နိုင်ငံတကာနဲ့ အနောက်အုပ်စု များရဲ့ ဒဏ်ခတ်စီးပွားရေးပိတ်ဆို့မှုတွေကြောင့် စားဝတ်နေရေး၊ လူမှုဘ၀မြင့်မားတိုးတက်ရေး စတာတွေ နိုင်ငံတစ်ကာနဲ့ Compare လုပ်ကြည့်ရင် အများကြီးနောက်ကျကျန်ခဲ့ရတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒီစနစ်ကြောင့်ဆိုပြီး အလိုလိုနေရင်း အုပ်ချုပ်သူလူတန်းစားကို မုန်းတီးမှုတွေကြီးထွားလာခဲ့ပြီး ဒီလုတွေ၊ ဒီပါတီဆိုရင်တော့ ကောင်းတာလုပ်လုပ် မလုပ်လုပ် မထောက်ခံဘူး။ NLD ဘာလုပ်လုပ် ဘာဖြစ်ဖြစ် ထောက်ခံမယ်ဆိုတဲ့ အမုန်းတရားစိတ်ဓာတ်တွေဝင်နေတဲ့ အချက်ပဲဖြစ်ပါတယ်။ 

ဒီနေရာမှာတစ်ခုဖြည့်စွက် ပြောချင်တာကတော့ ကမ္ဘာပေါ်မှာ တိုင်းရင်းသားလူမျိုးစုအများဆုံးနဲ့ သောင်းကျန်သူ လက်နက်ကိုင် အဖွဲ့အစည်းအများဆုံးနိုင်ငံဟာ မြန်မာနိုင်ငံဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုး တက်ဖို့ဆိုတာ အဲဒီတိုင်းပြည် ငြိမ်းချမ်းမှုရှိလားမရှိဘူးလားဆိုတဲ့ အချက်က အဓိကကျတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းမှုမရှိဘူးဆိုရင် ကြိုက်တဲ့အစိုးရတက် အဲဒီတိုင်းပြည်ဟာ ဘယ်နည်းနဲ့မှ Develop ဖြစ်မလာနိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှမတူတဲ့သမိုင်းကြောင်းနောက်ခံတွေရှိခဲ့တာက လဲ ချန်လှပ်ထားလို့မရတဲ့ အဓိကအချက် တစ်ခုဖြစ်နေပါတယ်။
နောက်ထပ်အကြောင်းအရင်းကြီးတစ်ခုကတော့ NLD ပါတီရဲ့ ပြည်သူလူထုကိုစည်းရုံးရေးလုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဖြစ်တယ်ဆိုတာရယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ၊ မိန့်ခွန်း စတာတွေကို အသုံးပြုပြီး စည်းရုံးတဲ့အပြင် အစိုးရရဲ့လုပ်ကိုင်ဆောင် ရွက်သမျှကိစ္စအားလုံးကို Anti လုပ်ပြီး ဆန့်ကျင်ဘက် ပုတ်ခတ်ပြောဆိုတဲ့အလုပ်ကို လက်ကိုင်တုတ်သဖွယ်အသုံးပြုတဲ့ အချက်ဖြစ်ပါတယ်။ ဒီလိုရေးသာရတာဟာ NLD ကိုပုတ်ခတ်ပြောဆိုတာဟာ လုံးဝမဟုတ်ပါဘူး။ NLD ပါတီရဲ့ စည်းရုံးရေးအစည်းအဝေးတွေမှာ သွားနားထောင်ကြည့်လိုက်ရင်ဟုတ်မဟုတ်သိနိုင်ပါတယ်။ မြန်မာနိုင်ငံ
လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေပြည်သူများဖြစ်ပါတယ်။ အတွေးအခေါ် အမျှော်အမြင်နဲ့ ဗဟုသုတ နည်းနေသေးတဲ့ ပြည်သူတွေကို စည်းရုံးတဲ့နေရာမှာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရရဲ့ဟာကွက်ပျော့ ကွက်တွေကိုသာ ထောက်ရှုပြီး စည်းရုံးပြောဆိုရင် အဲဒီလူတွေကို ကြိုက်ကြပါတယ်။ ထောက်ခံကြတယ်။ ဒါဟာ လူ့သဘော သဘာဝလဲဖြစ် တဲ့အတွက် အပြစ်တော့မဟုတ်ပါဘူး။ ဥပမာတစ်ခုနေနဲ့ ( NLD ပါတီဝင်တစ်ယောက်က လူထုစည်းရုံးရေးလုပ်တဲ့အစည်းဝေးတစ်ခု မှာပြောလိုက်တယ်။ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ကလူတွေက ယခင် စစ်အစိုးရလက်ထက် တုန်းကလူတွေ၊ ဒီလူတွေက ဘောင်းဘီချွတ် အရောင်ပြောင်းထားတဲ့လူတွေ၊ နဂိုကလည်း ဒီလူတွေလုပ်ခဲ့လို့ တိုင်းပြည်မတိုးတက်တာ၊ အခုလဲဒီလူတွေဘဲဆိုတော့ ဘာမှထူးလာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ပြည်သူတွေဘ၀ အရောင်ပြောင်းမှာမဟုတ်ဘူး။ ) ဒီလိုပြောလိုက်တဲ့အချိန်မှာ အောက်ကလူတွေက လက်ခုပ်တဗြောင်းဗြောင်း တီးပြီးထောက်ခံကြတယ်။ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရက သိပ်ကောင်းတာဘဲလို့ ဘယ်တော့မှ ပြောပြီးစည်းရုံးမှာ မဟုတ်ပါဘူး။ ဒီလိုပြောဆိုစည်းရုံးမှုတွေရဲ့ အောက်မှာအမှားအမှန်းကို သေသေချာချာကွဲကွဲပြားပြား မပိုင်းခြားဘဲ ဘာမသိညာမသိနဲ့ သူများတွေ လက်ခုပ်တီးလို့ သူများတွေ NLD ကို ထောက်ခံလို့ လိုက်ပြီး ထောက်ခံတဲ့ လူတွေဟာ ၁၀၀ မှာ ၉၅% လောက်ရှိပါတယ်။ အမှန်တော့ ကျွန်တော်တို့ပြည်သူတွေက NLD ကို ချစ်လွန်းလို့ အားကိုလွန်းလို့ မဟုတ်ပါဘူး။ NLD စည်း ရုံးရေးလုပ်နေတဲ့ သူတွေရဲ့ အစိုးရအပေါ်မှာ အဆိုးမြင်ဝါဒလက်ကိုင်ထားပြီး ထိုးနှက်တိုက်ခိုက် တဲ့ အပေါစားစည်းရုံးရေး ၀ါဒမှိုင်းတိုက် စကားလုံးတွေအောက်မှာ ဟုတ်များဟုတ်လေ မလားဆိုပြီး ယောင်ဝါးဝါး နဲ့ ထောက်ခံနေမိကြတာဖြစ်ပါတယ်။

NLD ပါတီမှာ ဘယ်လိုအရည်အချင်းရှိတဲ့လူတွေနဲ့ ဖွဲ့စည်းထားသလဲဆိုတာ ကျွန်တော်တို့ ပြည်သူတွေ မေ့လျော့နေတဲ့ အရေးကြီးဆုံးအချက် တစ်ခုရှိနေပါသေးတယ်။ ဒီနေ့ NLD ပါတီဝင်တွေမှာ အများဆုံးပါဝင်တဲ့ လူတွေက အစိုးရအပေါ်မှာ တစ်ချိန်လုံး Anti လုပ်လာခဲ့ တဲ့သူတွေနဲ့ ပညာအရည်အချင်းကအစ နည်းပါတဲ့သူတွေ အများဆုံးပါဝင် ဖွဲ့စည်းထားပါတယ်။ (ဥပမာ တစ်ခုပြောပြရရင် ကျွန်တော့်မွေးရပ်မြေရွာက NLD ပါတီဝင်တွေကိုရွာရောက် တုန်းလေးလာကြည့်လိုက်တယ်။ ဥက္ကဌက ၄ တန်းမအောင်တဲ့ ဦးဖိုးစိန်၊ သူ့ကို ကျွန်တော်မေးကြည့်တယ် ဦလေး NLD ပါတီ ဥက္ကဌဆိုတော့ တယ်ဟုတ်ပါလား။ ဘယ်လိုဝင်ဖြစ်သွားပြီး ဘာတွေလုပ်ဖို့ရှိလဲမေးကြည့်တော့ ဦးလေးလဲမသိပါဘူး ငါတူရာ၊ တောင်ဘက်ရွာ သွားတော့ ထွန်းမောင်ကြီးက ခေါင်းမှာ အနီရောက်အ၀တ်စီးပြီး ဒီချုပ်အလံ အိမ်ရှေ့မှာထောင်ထားတာကွ လူတွေတရုံးရုံးနဲ့ NLD ဈေးပွဲတော်တဲ့ဗျ ဟန်ပါပါနဲ့ ဒီကောင်က ဥက္ကဌလုပ်နေတယ်ဆိုတော့ ငါလဲဒီဘက်ရွာမှာ ဥက္ကလုပ်မယ်ဆိုပြီး ပါတီဝင်တာဟေ့၊ ဘာလုပ်ဖို့လဲဦးလေးရ လို့မေးတော့ ငါတူနှယ် ဥက္ကဌဆိုတော့ ဟန်ပါပါနေရတာပေါ့ကွ လူအထင်ကြီးတော့ နည်းသလားတဲ့၊ဒါဆိုဦးလေးဘာတာဝန်တွေယူထား လဲဆိုတော့ငါတူနယ် ရွာမယ် ဘုရားပွဲရှိ တိုင်း NLD အတွက်ဆိုပြီးဈေးရောင်းတော့ အမြတ်ကလေးဘာလေးလဲရ၊ ငါလဲဟန်ပါပါနေလို့ရတာပေါ့ကွတဲ့၊ ဟုတ်ပါပြီ ဒါဆို ဦးလေ Democracy ကိုတော့သိတယ်မဟုတ်လားဆိုလား အင်းငါတူရယ် သိတာပကွ မင်းနှယ် Democracyကို ဒေါ်အောင်ဆန်း စုကြည်ဝယ်ထားပြီးပြီတဲ့ဟ အရင်တုန်းကတော့ ဒေါ်စုက Democracy လုပ်တာတဲ့ အခုတော့ ၀ယ်ထားပြီးပြီတဲ့ဟ) ဦးဖိုးစိန်က ကျွန်တော့်ကို အဲဒီလိုပြောခဲ့တာပါ ဒါဟာ လက်တွေဖြစ်ပျက်ခဲ့တာပါ။ ဒေါ်အောင်ဆန်း စုကြည် တစ်ယောက်တည်း တော်နေရုံနဲ့ NLD ပါတီက တိုင်းပြည်ကို ဦးဆောင်လို့မရပါဘူး။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ တိုင်းပြည်ကို ကောင်းအောင် ဘယ်သူမှ မစွမ်းဆောင်နိုင်ပါဘူး။ အဖွဲ့အစည်းမှာ ပါဝင်သူတွေဟာ တော်တဲ့ ထက်မြတ်တဲ့သူတွေဖြစ်ဖို့ အရေးအလွန်ကြီးပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မှာ NLDနိုင်ရင် ပြီးရောဆိုပြီ လာချင်ရာလာ NLD ဆိုပြီး မဲပေးလိုက်တဲ့ရာလာဒ်ဟာ ကြာဖြတ်ရွေးကောက်ပွဲလေးဖြစ်ခဲ့လို့ တိုင်းပြည်အတွက် ဘာမှမသိ သာခဲ့ပေမဲ့ ၂၀၁၅ မှာသာ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ဒီပုံစံတိုင်းဘဲ ဖြစ်သင့် မဖြစ်သင့် ဆိုတာသေချာမဆုံးဖြတ်ဘဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲတွေထားပြီး မဲပေးကြဦးမယ်ဆိုရင် အနာဂတ်မြန်မာနိုင်ငံကြီး ဟာကျွန်တော် တို့ပြည်သူတွေမျော် လင့်ထားတဲ့ ရွေရောင် လွှမ်းတဲ့ မြန်မာပြည်ဖြစ် လာနိုင်မှာ မဟုတ်ပါဘူးဆိုတာသုံးသပ် တင်ပြလိုက်ရပါတယ်။

Credit <<ေအာင္မ်ိဳး(စကာၤပူ)

We Love True

Monday, February 3, 2014

အလွန်သတိထားသင့်သော မြန်မာ့သမိုင်း တစ်ကျော့ပြန် အန္တရာယ်

မြန်မာနိုင်ငံသည် ယမန်နှစ် ဒီဇင်ဘာလက အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးနောက် ယခုအခါ လူကြိုက်များလျက်ရှိသော ရုံတွင်း အားကစားပွဲတစ်ပွဲကို နေပြည်တော်တွင် ကျင်းပလျက်ရှိသည်။ အခြားမဟုတ် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေးပွဲပင် ဖြစ်သည်။ 

မွတ်စလင်သေဆုံးမှု စွပ်စွဲချက် ဗြိတိန်နဲ့ကန် ပြန်ရုတ်သိမ်း


မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ဘာသာရေးလူမျိုးရေးပဋိပက္ခ (Credit: ABC)  

ရခိုင်ပြည်နယ် ဒုချီးရာတန်ကျေးရွာက မွတ်စလင်အယောက် ၄၀ လောက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန်နဲ့ ဗြိတိန်သံရုံးတို့က ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။ ရက်နေ့တုန်းက မြန်မာရဲတွေနဲ့ မွတ်စလင် ရွာသားတွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် မွတ်စလင် အယောက် ၄၀ လောက် အသတ်ခံရတယ်ဆိုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား သံရုံးတွေကပါ စွပ်စွဲထားတာ ဖြစ်ပါတယ်။
မြန်မာအစိုးရက ထပ်ခါတလဲလဲ ငြင်းဆိုမှုလုပ်ပြီး နှစ်ပတ်ကြာတဲ့ စုံစမ်းစစ်ဆေးရေးတွေပါ လုပ်ခဲ့ရပါတယ်။