Pages

Subscribe:

Tuesday, April 30, 2013

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြံ့ခိုင်ရေးပါတီ လူငယ်အဖွဲ့ ဖွဲ့မည်




အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လူငယ်အဖွဲ့များကို ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ၏ လူငယ်ညီလာခံတရပ်ကို မေလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နိုင်ငံတ၀န်းမှ လူငယ်များပါဝင်သော လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စွမ်းရည်မြှင့်တင်ရေး အဖွဲ့များ ဖွဲ့စည်းရေး အစည်းအဝေးတရပ်ကို နေပြည်တော်တွင် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌသူရဦးရွှေမန်း တက်ရောက်မည်ဖြစ်ကြောင်း၊ ပါတီဥက္ကဋ္ဌ ဖြစ်သော သမ္မတဦးသိန်းစိန် တက်ရောက်မည် မတက်ရောက်မည်မှာ မသေချာသေးကြောင်း နေပြည်တော်ရှိ ပါတီဌာနချုပ် လူငယ်ရေးရာဌာန ဌာနခွဲမှူးဦးသောင်းထိုက်က ဧရာဝတီသို့ ပြောသည်။

“လူငယ်တွေ့ဆုံပွဲဆိုပေမယ့် တနိုင်ငံလုံးက လူငယ်တွေ တက်ကြမယ်။ လူငယ်ညီလာခံ လို့လည်း ပြောလို့ရပါတယ်။ အခုထက်ထိတော့  ပါတီရဲ့အကြီးအကဲတွေထဲက သူရဦးရွှေမန်းတက်မယ်။ သမ္မတဦးသိန်းစိန် ကတော့ မဖိတ်ရသေးဘူး၊ နီးမှ ကပ်ဖိတ်မှာလားတော့မသိဘူး။ လူငယ်အဖွဲ့တွေ ပြန်ပြီးဖွဲ့စည်းမှာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးကတော့ အဓိက ရည်ရွယ် ချက်ပါပဲ” ဟု ဦးသောင်းထိုက်က ဆိုသည်။

ကြံ့ခိုင်ရေး ပါတီ၏ လူငယ်တွေ့ဆုံပွဲသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ လူငယ်များအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ စုံညီစွာ တက်ရောက်ကြမည်ဟု သိရှိရသည်။
“ပြည်နယ် နှင့် တိုင်းဒေသကြီးတခုစီက လူငယ်ဦးဆောင်သူ ၂၀  တက်ဖို့ ဖိတ်ထားတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်နယ် တိုင်း ဥက္ကဋ္ဌ တွေလည်း တက်မယ်။ စုစုပေါင်း ၆၀၀ ကျော် တက်မယ်” ဟု ဦးသောင်းထိုက် ရှင်းပြသည်။

ကြံ့ခိုင်ရေးပါတီက လူငယ်တွေ့ဆုံပွဲကို မေလ လဆန်းပိုင်းတွင်  ကျင်းပရန် ပြင်ဆင်နေချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်ညီလာခံတရပ်ကို ယခုမေလအတွင်းတွင် ကျင်းပရန် စီစဉ်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူငယ်အဖွဲ့များ ဖွဲ့စည်းရန် ပြင်ဆင်မှုအပေါ် ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက နိုင်ငံရေးပါတီတရပ်အနေဖြင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုသော နိုင်ငံရေး ဆောင်ရွက်ချက် အဖြစ် ရှုမြင်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရနိုင်ခြေ မြင့်မားနေကြောင်း သုံးသပ် ပြောဆိုသည်။

“၂၀၁၅ က သိပ်မလိုတော့ဘူး။ အခုကတည်းက စည်းရုံးထားမှ ကောင်းတာပေါ့။ စောစောစည်းရုံးနိုင်လေ ကောင်းလေပဲ။ စောစောလုပ်တာ မှန်တာပေါ့။ လက်ရှိ အခြေအနေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အပြတ်နိုင်မယ် ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှုက လျော့မသွားသေးဘူး။ ဒါပေမယ့် ၂၀၁၅ မတိုင်ခင် အမှားအယွင်း တခုခုလုပ်မိလို့ ရင်တော့ လူထုထောက်ခံမှုလျော့သွားနိုင်တာပေါ့” ဟု သခင်ချန်ထွန်းက ဆိုသည်။
ကြံ့ခိုင်ရေးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများစု အနိုင်ရရှိခဲ့ပြီး ယခင် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအ၀င် စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် အဓိက ဖွဲ့စည်းထားသော နိုင်ငံရေးပါတီဖြစ်သည်။

(ဓာတ်ပုံ – ဧရာဝတီ)

Sunday, April 28, 2013

အငြင်းပွားနေဆဲ PR စနစ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ


မြန်မာ့ဒီမိုကရေစီ ခရီး၏ ဒုတိယမြောက်အချိုးအကွေ့ အဖြစ် နိုင်ငံရေးလေ့လာသူ များက သုံးသပ်ထားကြသည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် လက်ရှိ ကျင့်သုံးနေသည့် နိုင်သူအကုန်ယူ (Winner Takes All) စနစ်မှ အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation) ကို ပြောင်းလဲကျင့်သုံးရန် ရွေးကောက်ပွဲကော်မရှင်က စတင်လုပ်ဆောင်လာ နေသည်။

သို့သော် ယင်းအချိုးကျ ကိုယ်စားပြု စနစ်ကို လက်ရှိအချိန်အထိ နိုင်ငံရေး ပါတီအားလုံးက လက်မခံနိုင် ကြသေးပေ။ ယင်းကြောင့် PR စနစ်ကို လက်ခံသည့် နိုင်ငံရေးပါတီများနှင့် လက်မခံသည့် နိုင်ငံရေးပါတီများ ဟူ၍ ပြည်တွင်း နိုင်ငံရေးပါတီများအကြား သဘောထားနှစ်ရပ် ပေါ်ပေါက် လာသည်။ အထူးသဖြင့် တိုင်းရင်းသားပါတီ များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က PR စနစ်ကို လက်မခံဘဲ လက်ရှိစနစ်အတိုင်း ဆက်သွားလိုကြသည်။

အချိုးကျ ကိုယ်စားပြုစနစ် (PR) မှာ ယခုစနစ်ကဲ့သို့ မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းကို တိုက်ရိုက်မဲပေး ရွေးချယ်ခြင်းမဟုတ်ဘဲ ဝင်ရောက်ယှဉ်ပြိုင်သည်မှ မိမိနှစ်သက်ရာ ပါတီကိုသာ ရွေးချယ်မဲပေးရခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များတွင် ပါတီအလိုက် ဝင်ရောက်ယှဉ်ပြိုင်အနိုင် ရရှိသော မဲရာခိုင်နှုန်း အချိုးအတိုင်းရရှိသည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို သက်ဆိုင်ရာ ပါတီများက မိမိပါတီဝင်များ ထဲမှ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ခန့်အပ်မည့် သူကို ပြန်လည် ရွေးချယ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံး နေသောစနစ်မှာ နိုင်သူအကုန်ယူ (Winner Takes All) စနစ်ဖြစ်ပြီး မဲဆန္ဒနယ် တစ်ခုတွင် မဲအများဆုံး ရရှိသော ကိုယ်စား လှယ်လောင်းကို လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။

ယင်းကြောင့် PR စနစ် ပြောင်းလိုက်ပါက ပါတီတစ်ခုတည်းက အမတ် နေရာအားလုံးကို ရရှိနိုင်မည်မဟုတ်ဘဲ ပါတီအများစုက အချိုးကျရရှိမည့် အနေအထား ဖြစ်သည်။
မဲဆန္ဒနယ် အနည်းစုသာ ယှဉ်ပြိုင်နိုင်သည့် ပါတီငယ်များမှာမူ လုံလောက်သည့် မဲအရေအတွက် မရရှိနိုင်သဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာ မရခြင်းမျိုးလည်း ဖြစ်လာနိုင်သည်။
ယင်းကြောင့် တိုင်းရင်းသားပါတီ များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ က ယင်းစနစ်ကို လက်မခံခြင်း ဖြစ်ကြောင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က တိုင်းရင်းသား မဲဆန္ဒနယ်များတွင် တိုင်းရင်းသား ပါတီငယ်များအနေနှင့် အင်အားကြီး ပါတီများနှင့် ယှဉ်ပြိုင်အရွေးခံပါက ရွေးကောက်ပွဲအနိုင်ရရန် ခက်ခဲနိုင်ပြီး လွှတ်တော်တွင် တိုင်းရင်းသား ကိုယ်စားလှယ်များ မပါဝင်မည်ကို စိုးရိမ်သဖြင့် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက် ကြောင်းဆိုသည်။

ယင်းသို့ပင် တိုင်းရင်းသားပါတီ အများစုကလည်း ယင်းစနစ်ကို လက်မခံနိုင်ကြောင်း ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကမူ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီ အများစု ကန့်ကွက်သည့် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representative) ကိုကျင့်သုံးနိုင်ရန် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

နိုင်ငံရေးပါတီ ၅၃ ပါတီမှ ပါတီ ခေါင်းဆောင်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဧပြီလ ၈ရက် နေ့က နေပြည်တော်ကောင်စီရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် တွေ့ဆုံစဉ် ၄င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် ကရင်ပြည်သူ့ ပါတီတို့က ယင်းစနစ်ကို ကျင့်သုံးရေး နှင့် ပတ်သက်၍ ထောက်ခံဆွေးနွေး ခဲ့ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။

နိုင်ငံရေးသိပ္ပံပါမောက္ခ Thomas Carother က၂၀၁၅ ရွေးကောက်ပွဲကို နိုင်သူအကုန်ယူ စနစ်အတိုင်း ကျင်းပပါက အင်အားကြီး အတိုက်အခံပါတီတစ်ခု ဖြစ်သော NLD ပါတီက အပြတ်အသတ် အနိုင်ရသွားလျှင် တပ်မတော်ခေါင်းဆောင်ဟောင်း များသည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို နောက်ပြန်ဆွဲနိုင်သဖြင့် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များကို လွှတ်တော်တွင်းနေရာ အချိုးကျ ရယူစေသင့်ကြောင်း ထောက်ပြထားသည်။
သို့သော်မြန်မာနိုင်ငံတွင် ပြည်နယ် လွှတ်တော်အများစု၌ တိုင်းရင်းသားပါတီ ကြီးများက လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံး ရရှိထားသည်မျိုး ဖြစ်ရာ ယင်းစနစ်ကို ကျင့်သုံးပါက ပြည်နယ် လွှတ်တော်များတွင် တိုင်းရင်းသားပါတီကြီး များက အမတ်နေရာရရှိမှု လျော့နည်းသွား မည်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီကြီးများမှာ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များတွင် အမတ် နေရာပြည့်ရရှိရေး အဓိကဦးတည်ချက် ထားကာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
သို့ကြောင့် ယင်းစနစ်ကျင့်သုံးရေး အတွက် တိုင်းရင်းသားပါတီကြီးများ၏ ထောက်ခံမှုရရန်မှာ တိုင်းဒေသကြီး လွှတ်တော်များနှင့် ပြည်နယ်လွှတ်တော် များအတွက် ကျင်းပမည့် ရွေးကောက်ပွဲများ ကို ယခုကျင့်သုံးနေသည့် နိုင်သူအကုန်ယူ စနစ်ဖြင့် လုပ်ဆောင်ပြီး ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ပွဲများကိုသာ အချိုးကျကိုယ်စားပြု စနစ်ကို ကျင့်သုံးခြင်းမျိုး ပြုပါက ဖြစ်နိုင်မည် ထင်ကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက ထောက်ပြသည်။

ပြည်နယ်လွှတ်တော်များအတွက် ရွေးကောက်ပွဲများကို ယခုအတိုင်း ကျင်းပပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်အတွက် ရွေးကောက်ပွဲများကိုသာ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးမည် ဆိုပါက လက်မခံနိုင်စရာ မရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက် ရေးပါတီ အပါအဝင် တိုင်းရင်းသားပါတီ အများစုကဆိုသည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် လူထုထောက်ခံမှု အများဆုံးရနိုင်ဖွယ် ရှိနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကမူ PR စနစ် ကျင့်သုံးခြင်းကြောင့် နစ်နာနိုင်သည့် အနေအထား ဖြစ်နေသဖြင့် အလွယ်တကူ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ယင်းကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လက်ခံလာရေးအတွက် ခက်ခဲစွာ လုပ်ဆောင်ရဖွယ်ရှိကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးနိုင်ရေး အတွက် ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာ အများဆုံးရရှိထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အခရာကျလာသည်။
"ဗဟိုကော်မတီ အစည်းအဝေး လုပ်ပြီးတော့ ဆုံးဖြတ်သွားမှာပါ။ အခုထိ အစည်းအဝေး မလုပ်ရသေးဘူး" ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ရီက PR စနစ်နှင့် ပတ်သက်၍ ၄င်းတို့ပါတီ၏ လုပ်ဆောင်နေမှုကို ရှင်းပြသည်။

ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ယင်းစနစ်ကို ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြသဖြင့် ရွေးကောက်ပွဲကော်မရှင် အနေနှင့် လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ကြောင်း ဦးတင်အေး ကပြောသည်။
ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီကို အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီနှင့် ချင်းအမျိုးသား ပါတီတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သို့သော် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က "ဒါက ဒီမိုကရေစီ မိတ်ဆွေ ပါတီအားလုံးရဲ့ သဘောထား မဟုက်ပါဘူး။ PR စနစ်ကို ကျွန်တော်တို့ပါတီက ကန့်ကွက် တယ်" ဟုဆိုသည်။

ဒီမိုကရေစီ မိတ်ဆွေပါတီများ၏ သဘောထား ထုတ်ပြန်ချက်တွင် တိုင်းရင်းသား ပါတီများ သဘောမတူသော အချက်များ ကို ထည့်သွင်းထုတ်ပြန်သည့် အပြင် တိုင်းရင်းသားပါတီများ၏ သဘောတူညီချက် မရဘဲ ပါတီနာမည်သုံး ထုတ်ပြန်မှု များရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်ကလည်း ဆိုသည်။
အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကမူ "သဘောထား ထုတ်ပြန်ချက် မထုတ်ပြန်မီ လက်မှတ် ထိုးရတယ်။ မတူရင် မထိုးဘဲနေလို့ရတယ်" ဟု ယင်းပြောဆိုချက်များ အပေါ် ပြန်လည် ဖြေရှင်းသည်။

ယင်းသို့ PR စနစ် ကျင့်သုံးရန်အပေါ် အငြင်းပွားမှုများ ရှိနေသော်လည်း PR စနစ် ကျင့်သုံးလာပါက အဆင်သင့်ဖြစ်စေရေး အတွက် ပါတီအချို့က ကြိုတင်ပြင်ဆင် လာကြသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးပါက အင်အား ကြီးပါတီကြီးများနှင့် ယှဉ်ပြိုင်အရွေးခံနိုင်ရန် ကချင်တိုင်းရင်းသား ကိုယ်စားပြု ပါတီမှအပ တိုင်းရင်းသားပါတီအားလုံး ပူးပေါင်းထားသော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းက ကြိုတင်ပြင်ဆင် နေကြောင်း ဦးစောသန်းမြင့်က ပြောကြားသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းတွင် ပါဝင်သော တိုင်းရင်းသားပါတီ တစ်ခုသည် မိမိနှင့်သက်ဆိုင်သော တိုင်းရင်းသားလူမျိုး အများစုနေထိုင်သည့် တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဝင်ရောက် အရွေးခံသွားရမည် ဖြစ်ကြောင်း ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်နော်ယုဇနဝါက ပြောသည်။
"မကွေးတိုင်းမှာဆို ရခိုင် တိုင်းရင်းသားတွေ များတယ်။ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီက တာဝန်ယူ ပြိုင်လိမ့်မယ်" ဟု ဒေါ်နော်ယုဇနဝါက ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ မဲဆန္ဒနယ်များတွင် နေရာမလပ် ဝင်ပြိုင်မည် ဖြစ်သော်လည်း ပြည်နယ် မဲဆန္ဒနယ်များတွင်မူ အင်အားကြီးပါတီ များနှင့်အပြိုင် သက်ဆိုင်ရာ ပြည်နယ်ပါတီ များကသာ ယှဉ်ပြိုင်အရွေးခံသွားမည် ဖြစ်ကြောင်း ဦးစောသန်းမြင့်က ပြောကြားသည်။

အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးမည် ဆိုပါက အတိုက်အခံ နိုင်ငံရေး ပါတီများအနေနှင့် တပ်ပေါင်းစု ဖွဲ့ထားသင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာကျော်ဝင်းက အကြံပြုထား သကဲ့သို့ ဒီမိုကရေစီ သက်တမ်းနုနယ်သည့် အပြင် မြန်မာ့နိုင်ငံရေး ဓလေ့အရ ပါတီတွင်း အကွဲအပြဲများ ဖြစ်ပေါ်တတ်သော မြန်မာနိုင်ငံတွင် အချိုးကျကိုယ်စားပြု စနစ်ဖြင့် အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း စဉ်းစားသင့်ကြောင်း စာရေးဆရာကျော်ဝင်းက တိုက်တွန်းထားသည်။

ယင်းသို့ PR စနစ်အပေါ် အငြင်းပွားမှုများ ရှိနေသော်လည်း ၂၀၁၅ ရွေးကောက် ပွဲတွင် PR စနစ်ကို ကျင့်သုံးလာရန် ရှိသည်ဟု နိုင်ငံရေးလေ့လာသူများနှင့် နိုင်ငံရေးသမား အချို့က ခန့်မှန်း ပြောကြားသည်။
ထို့ကြောင့် PR စနစ်ကျင့်သုံးရေး တိုက်တွန်းလုပ်ဆောင်မှု များနှင့် အငြင်းပွားမှုများကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ မြင်တွေ့လာရမည် ဖြစ်ပေသည်။
(မောင်မိုးညို၊ ဉာဏ်မျိုးအောင်)

Monday, April 22, 2013

၂၀၁၅ ရွေးကောက်ပွဲ. ဘယ်စနစ်နဲ့သွားမှာလဲ



ပြီးခဲ့တဲ့ သင်္ကြန်ကာလ မတိုင်ခင် ဧပြီ ၈ ရက်နေ့က မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၃ ခုက ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် အဓိက ငြင်းခုံဆွေးနွေးခဲ့ကြတဲ့ အချက်ကတော့ Proportional Representation လို့ ခေါ်တဲ့ PR  စနစ် အကြောင်းပဲ ဖြစ်ပါတယ်။

ပီအာရ် စနစ်ဆိုတာဟာ ပြည်သူတွေဟာ အမတ်လောင်းကို တိုက်ရိုက် မဲပေးတာမျိုး မဟုတ်ဘဲ နိုင်ငံရေးပါတီ တခုခုကို မဲပေးပြီး အဲဒီ ရလာတဲ့ မဲအရေအတွက်အပေါ် မူတည်ကာ ပါတီတွေကနေ အမတ်အရေအတွက် အချိုးအစားလိုက် လွှတ်တော်မှာ ပါဝင်ခွင့်ရတာမျိုးလို့ အကျဉ်းပြောရင် ရနိုင်ပါတယ်။

ဒီ ပီအာရ်စနစ်နဲ့ ပတ်သက်ပြီး အင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူသလို တိုင်းရင်းသားပါတီ အတော်များများကလည်း သဘောမတူပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကို ကျင့်သုံးသင့်၊ မသင့် လွှတ်တော်မှာ အဆိုတင်၊ အဆုံးအဖြတ် ရယူမယ်လို့ ပြောနေပါပြီ။ ပီအာရ်စနစ်ကို ဘယ်သူတွေက ထောက်ခံနေကြပါသလဲ၊ ဘာကြောင့် ပီအာရ် စနစ် ကျင့်သုံးစေချင်ကြတာလဲ၊ ပီအာရ်စနစ် ကျင့်သုံးပြီး ရွေးကောက်ပွဲ လုပ်ရင် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပီအာရ် စနစ်အကြောင်း အကျယ်တ၀င့် မရှင်းပြတော့ပါဘူး။ ပီအာရ် စနစ် ကျင်းပဖို့ အသံတွေ ဖြစ်ပေါ်လာပုံကိုပဲ စပြီး ဆွေးနွေးသွားပါမယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ခဲ့ပါဘူး။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်တဲ့အခါ ၀င်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၀ ကျော်မှာ ရှမ်းပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၃ မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမတ်လောင်းကို ပွတ်ကာသီကာ ရှူံးသွားတာကလွဲရင် ကျန်ဝင်ပြိုင်တဲ့ နေရာအားလုံး အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒီ ရလဒ်ကို ကြည့်ပြီး ၂၀၁၅ ရွေးကောက်ပွဲ ကျရင် တို့ပါတီတွေ အပြတ်အသတ် ရှုံးပြီး လွှတ်တော်ထဲ တယောက်မှ မရောက်ရင် ဘယ့်နှယ်လုပ်ကြမလဲ ဆိုတဲ့ အတွေးမျိုး ပါတီခေါင်းဆောင် တချို့ရဲ့ ခေါင်းထဲ ရောက်သွားရာကနေ ပီအာရ်စနစ် ကျင့်သုံးဖို့ လှုံ့ဆော်တာမျိုး ဖြစ်လာတာပါ။

ဒီကိစ္စ ပြောင်ပြောင်တင်းတင်း ပြောဆိုနေကြသူတွေကတော့ တစည ပါတီ၊ အန်ဒီအက်ဖ်ပါတီနဲ့ ဒီမိုကရက်ပါတီ (မြန်မာ) ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကတော့ ဘာတခုမှ ထုတ်မပြောပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကော်မရှင်က ဒီကိစ္စ လွှတ်တော်ထဲ တင်မယ်ဆိုတဲ့အတွက် ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားကို တိတိကျကျ သိကြရတော့မှာပါ။ တကယ်တော့ ဒီ စနစ်အကြောင်း ပြောလာသူတွေ အားလုံးဟာ တိုင်းပြည်အကျိုးစီးပွား ဆိုတာထက် သူတို့ ပါတီအကျိုးစီးပွား ကွက်ကွက်လေးကို ကြည့်ပြီး ပြောနေတာလို့ ဆိုနိုင်ပါတယ်။ ဒီ စနစ်အတိုင်း သွား၊ ရွေးကောက်ပွဲကလည်း လွတ်လပ်ပြီး တရားမျှတမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ၂၀၁၅ မှာ အနိုင်ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အနိုင်ရပြီး တိုင်းပြည် ကောင်းလာမှာထက် သူတို့ပါတီ အမတ်တွေ ရွေးချယ်မခံရမှာကို စိုးရိမ်ပြီး ခုလို ပီအာရ် စနစ်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာတာ ဖြစ်ပါတယ်။

တကယ်တော့ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခု လက်ရှိ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအောက်မှာကိုပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး တကြိမ်မှ မကျင်းပဖူးသေးပါဘူး။ ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာဟာ စစ်အာဏာရှင်တွေ သူတို့ လိုတဲ့ ရလဒ် ထွက်လာအောင် လိုသလို လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲလို့တောင် ပြောနိုင်ပါတယ်။ စစ်အာဏာရှင်တွေဟာ ၂၀၁၀ မှာ သူတို့စိတ်ကြိုက် ရွေးကောက်ပွဲကော်မရှင်ဆိုတာကို ဖွဲ့ပြီး ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီတွေကို ကြီးကြပ်ခိုင်းပါတယ်။ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲဥပဒေကို တဖက်သတ် အမိန့်အာဏာသုံးပြီး ပြဋ္ဌာန်း ကျင့်သုံးပါတယ်။ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ မ၀င်နိုင်အောင် လုပ်ပါတယ်။ ကချင်နိုင်ငံရေးသမားတွေကို လုံးဝ ပါတီထောင်ခွင့်နဲ့ ရွေးကောက်ပွဲဝင်ခွင့် မပေးပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး မဲဆန္ဒနယ်မြေတွေအနက် ထိန်ချန်ချင်တာ ထိန်ချန်ထားပါတယ်။ အမတ်တွေ စာရင်းတင်မဲ့ရက် ကန့်သတ်ပြီး နိုင်ငံရေးပါတီတွေ အမတ် နည်းနည်းပဲ ရွေးကောက်ပွဲ ၀င်နိုင်အောင် လုပ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူစာရင်းကို စိတ်ထင်သလို ပြုစုပါတယ်။ လွတ်လပ်စွာ မဲပေးခွင့် မရှိအောင် မဲရုံတွေကို တည်ဆောက်ပါတယ်။ ကြိုတင်မဲဆိုပြီး မဲလိမ်ပါတယ်။ နောက်ဆုံး မဲရေတွက်ရာမှာ ဘယ်ကိုယ်စားလှယ်လောင်း၊ ဘယ်သက်သေတွေရှေ့မှာမှ မရေတွက်ဘဲ ကိုယ့်ဘာသာကိုယ် ရေတွက် ကိုယ့်ဘာသာကိုယ် ရလဒ်ကို ထုတ်ပြန်ကြေညာသည်အထိ မမှန်မကန် လုပ်ကိုင်ခဲ့ပါတယ်။

တကယ်တော့ အဲလို လုပ်တာဟာ ပြည်သူတွေက ကိုယ်ကြိုက်တဲ့ အမတ်ကိုရွေး၊ မဲအများစုရသူ အမတ်ဖြစ်တဲ့ ရိုးရှင်းတဲ့ စနစ်အောက်မှာ လုပ်ခဲ့တာပါ။ တကယ်လို့သာ ဒီထက် ပိုပြီး ရှုပ်ထွေးတဲ့ ပီအာရ်စနစ်နဲ့သာ ရွေးကောက်ပွဲ လုပ်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲစနစ်ကို ပြည်သူလူထု နားမလည်ရုံသာမက လက်ရှိ ပြည်ထောင်စုအဆင့်နဲ့ အောက်ခြေအထိ အဆင့်ဆင့်မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်အရာဟောင်းရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ မသမာမှုတွေ ပိုပြီး လုပ်လာနိုင်ပါတယ်။

ဒီအတွက် လာမယ့် ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကို ကျင့်သုံးဖို့ မသင့်သေးသလို ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ တွေကိုလည်း အများကြီး ပြင်ဆင်ဖို့ လိုနေသေးကြောင်း တင်ပြလိုက်ရပါတယ်။
 
 (ဒီဗွီဘီ)

၂၀၁၅ ရွေးကောက်ပွဲအတွက် အကြိုဆွေးနွေးပွဲ

ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံကို ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က အပြီးသတ် ပြင်ဆင်နေစဉ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံရေးပါတီတွေဟာ လာမယ့် ၂၀၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အကြိုဆွေးနွေးပွဲတစ်ခုကို လာမယ့် ဧပြီ ၂၆ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။ 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေဟာ လာမယ့်၂၀၁၅ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အကြိုဆွေးနွေးပွဲတစ်ခုကို လာမယ့် ဧပြီ ၂၆ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြမယ် လို့ သိရပါတယ်။

လာမယ့် ဆွေးနွေးပွဲဟာ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို  ပြည်သူတွေ နားလည်အောင် ချပြဖို့အတွက် နိုင်ငံရေးပါတီတွေဆီကနေ အကြံဥာဏ်တောင်းခံတဲ့ ဆွေးနွေးပွဲဖြစ်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက RFA ကို ပြောပါတယ်။

ဒီလဆန်းပိုင်းကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံရေးပါတီ ၅၀ လောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တဲ့အတွက် လာမယ့်ဆွေးနွေးပွဲဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အကြိမ် ဆွေးနွေးပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်တင်မြှောက်တဲ့ စနစ်တစ်ခုကို အစပျိုးနိုင်ရေး ဆွေးနွေးခဲ့ကြရာ၊ အဲဒီအဆိုကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီပေါင်း ၅၀ ကျော်ထဲက နိုင်ငံရေးပါတီ၂၀ လောက်က လက်ခံဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသားပါတီတစ်ချို့က အဲဒီစနစ်ကို ကန့်ကွက်ခဲ့ကြပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အဲဒီ PR စနစ် ကျင့်သုံးသင့် မသင့်ဆိုတဲ့ အဆိုကို ဇွန်လမှာ ပြန်လည်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတင်ပြပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူသွားမယ်လို့ဆိုပါတယ်။

(rfa)

Saturday, April 13, 2013

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှာမဟုတ်လို့ NLD ပြော

ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ တိုကျိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ မျှတတဲ့ရွေးကောက်ပွဲဖြစ်မယ် မထင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ စနေနေ့က တွေ့ဆုံမှုအတွင်း အမေးအဖြေလုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့တာဖြစ်ပါတယ်။ “စောစောကလည်း ပထမဦးဆုံးကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း ကျမတို့ ပြောပြီးပါပြီး။ အဲဒီအထဲမှာ တိုင်းရင်းသားများအားလုံး လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ဖို့လိုပါတယ်။ ဒါက ကျမပြောတာ ရေးဆွဲတဲ့ပုဂ္ဂိုလ်များ၊ ဒီဖွဲ့စည်းပုံကို ရေးဆွဲတဲ့ပုဂ္ဂိုလ် အဖွဲ့အစည်းများထဲမှာ ဘယ်သူတွေပါလဲ။ ပါတဲ့သူတွေကို အများပြည်သူကနေ လက်ခံနိုင်ရမယ်ဆိုတာဟာ တိုင်းရင်းသားများအားလုံးကလည်း ယုံကြည်စိတ်ချပြီးတော့ လေးစားတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ရမယ်။ အဲဒါမှ ကျမတို့က တကယ့်ကိုပြည်ထောင်စု စစ်စစ်ကို ထူထောင်နိုင်မှာပါ။ ဒီ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာရော အပြီး ပြန်လုပ်နိုင်မလားဆိုတော့ ကျမအမြင်မှာတော့ ၂၀၁၅ မတိုင်ခင်လုပ်မှ ပိုပြီးတော့ကောင်းလိမ့်မယ်လို့ ကျမထင်ပါတယ်။ “နိုင်ငံခြားကရောက်လာတဲ့ဧည့်သည်တွေက မကြာခဏမေးကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမယ်လို့ ထင်ပါသလားလို့ မေးပါတယ်။ အဲဒီတော့ ကျမက ပြောတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ဖို့က သိပ်ပြီးတော့ အခက်အခဲရှိမယ်လို့ မထင်ပါဘူးလို့။ ဒါပေမဲ့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားမျှတတယ်လို့ ဘယ်လိုမှပြောနိုင်မှာမဟုတ်ပါဘူးလို့။” ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဂျပန်နိုင်ငံကို နှစ်ပေါင်း ၂၈ နှစ်တာကာလအတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ကျိုတို ကိုသွားရောက်မှာဖြစ်ပါတယ်။ တနင်္လာနေ့ကျရင် ၁၉၈၀ ပြည့်လွန်မှာ သူ ဧည့်ပညာရှင်အဖြစ်နဲ့ ၁ နှစ်ကြာ သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျိုတို တက္ကသိုလ်နဲ့ ရူးကိုးကု (Ryukoku) တက္ကသိုလ်တွေမှာ သွားရောက် မိန့်ခွန်းပြောဖို့ရှိပါတယ်။ ကျိုတို တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ပေးမှာဖြစ်သလို၊ ရူးကိုးကု တက္ကသိုလ်ကလည်း သူ့ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်မှာဖြစ်ပါတယ်။ ဧပြီလ ၁၉ ရက်နေ့အထိ ဂျပန်နိုင်ငံမှာ ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိုင်ယပ်လွှတ်တော်ကို သွားရောက်လေ့လာပြီး လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ညစာစားဖို့ အစီအစဉ်ရှိသလို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ 

(VOA)

Tuesday, April 9, 2013

ရှမ်းပြည်ကိုးကန့် ဒီမိုရက်တစ်ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်မည်

လားရှိုးမြို့တွင် ပြုလုပ်သည့် ရှမ်း၊ ကယားပြည်နယ် ယုံကြည်မှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဆွေးနွေးပွဲ မြင်ကွင်း

တိုင်းရင်းသားနိုင်ငံရေးပါတီတခုဖြစ်သော ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်မြေများ၌ ၀င်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးအန်တိုနီစူက ပြောသည်။
 
မတ်လ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကျင်းပသော ရှမ်း၊ ကယားပြည်နယ် ယုံကြည်မှု နှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဆွေးနွေးပွဲအခမ်းအနားတက်ရောက်လာသော ဦးအန်တိုနီစူက ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
 
၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံတွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး သြဂုတ်လတွင် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင် ခွင့်ပြုချက်ရရှိခဲ့ကြောင်း၊ မဟာမိတ်နိုင်ငံရေး ပါတီများဖြစ်သည့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီတို့ ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်နေပြီ ဖြစ်သည့်အတွက် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ် ပါတီအနေဖြင့်လည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေး စီစဉ်နေပြီဖြစ်ကြောင်း ဦးအန်တိုနီစူက ပြောသည်။
 
“အခုဆိုရင် SNLD ပါတီကလည်း တရားဝင်မှတ်ပုံပြန်တင်တယ်။ NLD ကလည်း ရွေးကောက်ပွဲပြန်ဝင်တယ်။ ကျနော်တို့ မိတ်ဖက်တွေ အားလုံးကပါတီမှတ်ပုံပြန်တင် ရွေးကောက်ပွဲဝင်တော့ ကျနော်တို့လည်း ပြန်လုပ်ရမယ်။ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ စည်းရုံးရေးဆင်းဖို့ ကြိုတင် ပြင်ဆင်နေပါပြီ” ဟု ဦးအန်တိုနီစူက ပြောသည်။
 
တိုင်းရင်းသား နိုင်ငံရေးပါတီအချို့က ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေ ပြီဖြစ် သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုမှာ နိုင်ငံရေး ပါတီဖွဲ့စည်းရေးနှင့်၂၀၁၅ ရွေးကောက်ပွဲ ၀င်ရေးကို လုံးဝ စိတ်ဝင်စားခြင်း မရှိဟု သိရှိရသည်။
 
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်း သုံးခုဖြစ်သော ရှမ်းပြည် လူမျိုးပေါင်း စုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့၊ ကယန်းပြည်သူ့သစ်ပါတီတို့ ပါဝင်ဖွဲ့စည်းထားသော လက်နက်ကိုင် တပ်ပေါင်းစုအနေဖြင့်မူ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဝင်မည်မဟုတ်ဘဲ ပါတီဖွဲ့စည်းရန်လည်း အစီအစဉ် မရှိသေးဟု တပ်ပေါင်းစု၏ နိုင်ငံရေးဌာန ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ဆိုသည်။
 
“ကျနော်အနေနဲ့ ပြောရင်တာ့ လက်နက်ကိုင်တပ်ဖွဲ့တွေဆိုတာ ဘယ်တော့မှ ရွေးကောက်ပွဲဝင်ကြမယ်လို့ မထင်ဘူး။ ပါတီအဖြစ် ပြောင်းကြမယ်မထင်ဘူး ။ဒါသူတို့ ရဲ့ ခံယူချက်ပါ” ဟု စိုင်းထွန်းအေးကပြောသည်။
 
ရှမ်းပြည်နယ်မှ အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သော “၀”သွေးစည်းညီညွတ်ရေး ပါတီ ကမူ ၂၀၁၅ခုနစ်တွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်သည့်အပြင် နိုင်ငံရေးပါတီ တခုအဖြစ်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံတွင် မှတ်ပုံတင်ရန် အကြောင်း မရှိကြောင်း၊ မိမိတို့ပါတီသည် ယခင်ကတည်းက တည်ရှိပြီးသား ပါတီ တရပ်ဖြစ်သည့် အတွက် မှတ်ပုံတင်ရန် မလိုအပ်ကြောင်း၊ “၀” သွေးစည်းညီညွတ်ရေး အတွက် “၀”ပြည်သွေးစည်း ညီညွတ်ရေး ပါတီ၊ “ ၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ “၀”ပြည်သူ့အစိုးရ ဟူ၍ ဖွဲ့စည်း ထားပြီး ဖြစ်ကြောင်း အထူးဒေသ ၂ “၀” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ပြည်ပ ဆက်ဆံရေး ဌာန၏ ဒုတိယ ဌာနမှူးကြီး ဦးဆမ်ခွန်းက ဧရာဝတီသို့ ပြောသည်။
 
“ကျနော်တို့မှာ က ပါတီရှိပြီးပြီ။ ထပ်မံလုပ်နေရင် ကမ္ဘာက မျက်စိလည်သွားနိုင်တယ်။ကျနော်တို့ကတော့ အခု ပါတီကိုပဲ အတည်ပြုပါမယ်။၂၀၁၅ ရွေးကောက်ပွဲကတော့ မပြိုင်ဘူး” ဟု ဦးဆမ်ခွန်းက ပြောသည်။
 
  (ဧရာဝတီ)

Monday, April 1, 2013

ရွေးကောက်ပွဲ မဲအချိုးကျစနစ် ပါတီများ သဘောထားကွဲ


၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွှေးကောက်ပွဲ တွင်  ပြည်သူလူထု၏ ထောက်ခံမဲ ရရှိမှုပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် အချိုးကျ ရရှိသည့်စနစ်(Propotional Representative) ကျင့်သုံးရေး ကြိုးပမ်းမှုအပေါ် နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲနေကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရရှိသူက အနိုင်ရသည့်စနစ်အစား ပြည်သူလူထု၏ ထောက်ခံသော မဲအရေအတွက် အပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ်အချိုးကျရရှိသည့်စနစ်(Proportional Representative) ပြောင်းလဲ ကျင့်သုံးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြချက်အပေါ် နိုင်ငံရေး ပါတီအချို့ကန့်ကွက်လျက်ရှိပြီး အချို့နိုင်ငံရေးပါတီများ ထောက်ခံကြခြင်းဖြင့် သဘောထားကွဲလွဲမှုများ သိသိသာသာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

မဲအချိုးကျ ကိုယ်စားပြု (Proportional Representative) စနစ်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံးရရှိသူက အနိုင်ရရှိသည့်ပုံစံမဟုတ်ဘဲ ထောက်ခံမဲ မဲအချိုးကျပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် ရရှိသည့်ပုံစံဖြစ်သည်။

နေပြည်တော်တွင် မတ်လ ၈ ရက်နေ့က ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပရေး ကိစ္စ တွေ့ဆုံခဲ့ကြရာ  နိုင်ငံရေးပါတီ ၅၃ ခု တက်ရောက်ခဲ့ပြီး  မဲအချိုးကျ ကိုယ်စားပြုစနစ် (Propotional Representative) ကျင့်သုံးရန် တင်ပြထောက်ခံသောနိုင်ငံရေးပါတီ ၇ ခု၊  ကန့်ကွက်သောနိုင်ငံရေးပါတီ ၅ ခုရှိခဲ့ပြီးအချိန်ယူ၍ ဆောင်ရွက်သင့်သည်ဟု စဉ်စားပါတီ ၄ ခုရှိခဲ့ကြောင်း၊ နိုင်ငံရေးပါတီအများစုမှာ ၀င်ရောက်ဆွေးနွေးခြင်း မရှိခဲ့ကြောင်းသိရှိရသည်။

PR စနစ်ကျင့်သုံးရန်တင်ပြထောက်ခံသည် နိုင်ငံရေးပါတီ ၇ ခုတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၊အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ တို့ ပါဝင်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီအချို့အပါအ၀င် နိုင်ငံရေးပါတီ ၅ ခုကမူ PR စနစ်ကြောင့် ဆိုးကျိုးများရှိလိမ့်မည်ဟု ဆိုကာ ကန့်ကွက်ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

PR စနစ်ကို ထောက်ခံသော အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အတွင်းရေးမှူး ၁ ဦးကြည်သန်းက “အခု လုပ်နေတဲ့ နိုင်သူ အကုန်ယူ စနစ်အရ ဆိုရင် မဲဆန္ဒရှင် အားလုံးရဲ့ဆန္ဒကို လွှတ်တော်မှာ ကိုယ်စားပြုပြီး ပြောမယ့် ဆိုမယ့် သူ မရဘူးပေါ့ဗျာ။ ပြည်သူ့ဆန္ဒမဲရာခိုင်နှုန်းမှာ နိုင်ငံရေးပါတီတခုက ၅၁ ရာခိုင်နှုန်းရပြီး အခြားနိုင်ငံရေးပါတီတခုက ၄၉ ရာခိုင်နှုန်းရလို့ ၅၁ ရာခိုင်နှုန်း ရတဲ့သူက နိုင်သွားလို့ ရှိရင် ၄၉ ရာခိုင်နှုန်းမဲတွေရထားသူက  ဘာမှလုပ်လို့ မရတော့ဘူးလေ။ အဲဒါကြောင့် ပြောရေးဆိုခွင့် ရအောင် ရတဲ့ မဲအချိုးပေါ်မှာ မူတည်ပြီးတော့ ရတဲ့ မဲနဲ့ လွှတ်တော်ထဲရောက်သွားရင်ပြောရေး ဆိုခွင့်ရှိ အောင် တင်ပြတာပါ”ဟု ရှင်းပြသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံးနီးပါး အနိုင်ရခဲ့သော်လည်း စစ်အာဏာရှင်စနစ်၏ အသိအမှတ်မပြုခဲ့သောကြောင့် အနိုင်ရရှိမှု အလကားဖြစ်ခဲ့ရကြောင်း၊ PR စနစ် ကျင့်သုံးမည်ဆိုပါက ပါတီတခုတည်းက ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုမျိုးရှိတော့မည်မဟုတ်ဟု ဦးကြည်သန်းက ဆက်လက်ပြောသည်။

”၁၉၉၀ ရွှေးကောက်ပွဲမှာ ဆိုရင် ပါတီတစ်ခုကအကုန်နိုင်တယ်ဗျာ။ အဲဒီရွေးကောက်ပွဲ ရလဒ် အဟောသိကံ ဖြစ်သွားရတယ်။ အဲဒါမျိုး နောင်မဖြစ်ရအောင် ရည်ရွယ်တာပါ”ဟု ဦးကြည်သန်းက ဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း PR စနစ်ကို ကျင့်သုံးရန် ကြိုးပမ်းရခြင်းမှာ ပြည်သူများ၏ ထောက်ခံဆန္ဒမဲအားလုံး အကျိုးရှိ စေရန် ရည်ရွယ်တင်ပြထားခြင်း ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ရန်ကုန်တိုင်း ဒေသကြီးအနောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်စိုးက ဧရာဝတီသို့ ပြောသည်။

PR စနစ်ကို ကန့်ကွက်သော  အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က ”ဒီ PR စနစ်ကို ကျင့်သုံးမယ် ဆိုရင် လူမျိုးစွဲ၊ ၀ါဒစွဲ၊ အစွန်းရောက် ပါတီတွေက အချိုးကျစနစ်နဲ့ မဲရလာနိုင်တယ်။ အဲဒီလိုဖြစ် လာရင် တိုင်းပြည်ရဲ့ကံကြမ္မာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။ ဂျာမနီနိုင်ငံမှာ PR စနစ်ကျင့်သုံးခဲ့လို့ နာဇီတွေ နေရာရလာပြီး အာဏာရှင် ဟစ်တလာ တက်လာတာကိုကျနော် ဥပမာပေး ထောက်ပြခဲ့တယ်။ ဂျာမန် ဒီမိုကရေစီ ပျက်စီးရခြင်းဟာ PR စနစ်ကြောင့်လို့ ပြောစမှတ်တွင်သွားတယ်။အခုဒီက ဒီမိုကရေစီစနစ်က အပင်ပေါက်လေး ပဲရှိသေးတယ်။ သင်းသတ်တဲ့ ပုံစံမျိုး တော့ အဖြစ်မခံနိုင်ဘူး”ဟု ပြောသည်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌလည်းဖြစ်  ဟင်္သတမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်သူ ဦးဌေးဦးကမူ ရွေးကောက်ပွဲတွင် မည်သို့သော မဲပေးစနစ် အသုံးပြုစေကာမူ  ပြည်သူလူထု နားလည်လွယ်သော စနစ်ဖြစ်ရေးသည်သာ အဓိကဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး မဖြစ်နိုင်သေးကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

”အဓိက က မဲထည့်မယ့် ပြည်သူတွေ အဆင်ပြေဖို့လိုတယ်။ မဲပေးသူတွေ ရှင်းရှင်းလင်းလင်း သဘောမပေါက်ဘူးဆိုရင် သူတို့ပေးချင်တဲ့သူကို ပေးနိုင်မှာ မဟုတ်ဘူး။ အခု အမှား အမှန်ခြစ်တဲ့ ကိစ္စမှာတောင် လူတွေ ဒီလောက် ဇဝေဇ၀ါ ဖြစ်နေတာ။ PR စနစ် ဆိုရင် လည်း ပြည်သူတွေ လိုက်ပါလာနိုင်ဖို့ လိုတာပေါ့။ ပြည်သူတွေ နားလည်မှ ဒီစနစ် အောင်မြင် လိမ့်မယ်”ဟု ဦးဌေးဦးက သုံးသပ်သည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများကမူ ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး စောလွန်းနေသေးပြီး အခက်အခဲများစွာ ရှိလိမ့်မည်ဟု ဆိုကြသည်။

”တိုင်းရင်းသား ဒေသမှာဆိုရင် စာတတ်မှုနှုန်းက တော်တော်နည်းတယ်။ Voter Education တွေအများကြီးလုပ်ရဦးမယ်။ PR စနစ် ကောင်းတာ မကောင်းတာထက် လူထုရဲ့ ပညာရေး ရေချိန်ပေါ်မှာ မူတည်ပြီးတော့ အချိန်ယူ တည်ဆောက်ရမယ်လို့မြင်တယ်”ဟု ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးဆလိုင်းဒေးဗစ်ထွန်းက ပြောသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက PR စနစ်ထက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အလေးပေးပြောလိုကြောင်း ပြောဆိုသည်။

”အခြေခံ ဥပဒေပြင်ပေးပါ။ တိုင်းရင်းသားပြသနာ အရင်ရှင်းပါ။ ပြီးမှရွေးကောက်ပွဲကို တရားမျှတအောင် လုပ်ပါ။ ကျနော်ကတော့ နိုင်ငံရေးနည်းကိုပဲ ပြောချင်တယ်”ဟု ဦးခွန်ထွန်းဦးက သုံးသပ်သည်။

PR စနစ်ကြောင့် အစွန်းရောက်လူနည်းစုများ ပါတီထောင်ပြီး နိုင်ငံရေးတွင် ပါဝင်ခြေရှုပ်လာမည်ကို စိုးရိမ်သည့်အတွက် ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဥက္ကဋ္ဌလည်းဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါက်တာအေးမောင်က ပြောသည်။

”ကျနော်တို့က PR စနစ်ကို လက်မခံဘူး။ ဒုတိယအင်အားကြီး ပါတီဝင်မှာကြောက်လို့။ ပြီးတော့ အစွန်းရောက်တွေလည်း ပါတီထောင်လာနိုင်တယ်။ ရွေးကောက်ပွဲမှာ ရှုံးပေမယ့် လည်း အချောင်ရတဲ့ပါတီခေါင်းဆောင်တွေ ပါလာနိုင်တယ်။သူတို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရှုံး ခဲ့ပြီး၂၀၁၅ မှာ ရှုံး နိုင်တဲ့ အတွေးလေးဝင်တာနဲ့ အခုလို ပုံစံပြောင်းချင်တာ”ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကမူ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး လာမည့်  ဇွန်လတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြကာ အဆုံးအဖြတ် ရယူမည်ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲကို သန့်ရှင်းမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

(ဧရာဝတီ)