Pages

Subscribe:

Saturday, October 12, 2013

၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် တရားမျှတစေမည် ဟု ကော်မရှင် ဥက္ကဋ္ဌဆို



၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အင်အားကြီး ပါတီများနှင့် ပါတီငယ်များအကြား မဲဆွယ် စည်းရုံးရေးတွင် တရားမမျှတမှုများ ရှိခဲ့သဖြင့် ၂၀၁၅ အထွေအထွေ ရွေးကောက်ပွဲတွင် ယင်းသို့မဖြစ်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမ၌ ပြုလုပ်သော နိုင်ငံရေး ပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တို့ တွေ့ဆုံပွဲတွင် ၎င်းက ယင်း သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ရွေးကောက်ပွဲကာလ ပါတီများ၏ မဲဆွယ် စည်းရုံးရေး လုပ်ငန်းစဉ်များတွင် တရား မမျှတမှုများ မဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု ပြောဆိုသော်လည်း မည်သို့ ဆောင်ရွက်မည်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။

အဆိုပါ မဲ ဆွယ်စည်းရုံးရေးသည် ပါတီများ၏ အခွင့်အရေး ဖြစ်ပြီး ကန့်သတ်မှုများ မပြုလုပ် သင့်ကြောင်း၊ ရွေးကောက် ပွဲ တရားမျှတမှု ရှိရန်သာ အရေးကြီးကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

နိုင်ငံရေး ပါတီကြီးများသည် မဲဆွယ် စည်းရုံးမှုများကို လွတ်လပ်စွာ စည်းရုံးနိုင်သော်လည်း အင်အားနည်း ပါတီများနှင့် ယှဉ်ပြိုင်မှုကို တရားမျှတမှု ရှိစေရန် ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူ ဆောင်ရွက်သင့်ကြောင်း ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးပုဂျင်ခမ်လန်က ပြောကြားသည်။

၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် အင်အားကြီး နိုင်ငံရေးပါတီများ မဲဆွယ် စည်းရုံးရာတွင် လွတ်လပ်လွန်းနေပြီး အခြားပါတီငယ်များ မဲဆွဲစည်းရုံးရေးအတွက် အနှောင့်အယှက် ဖြစ်စေသောကြောင့် တရားမျှတမှု မရှိကြောင်း ဦးတင်အေးက ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် အထွေအထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများ၏ မဲဆွယ် စည်းရုံးမှုများကို အကန့် အသတ်ဖြင့်သာ ခွင့်ပြုခဲ့ပြီး မဲမသမာမှုများ ရှိခဲ့ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုထားသည်။

(The Voice)
 

0 comments:

Post a Comment