Pages

Subscribe:

Saturday, October 12, 2013

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာများ ရှိသော်လည်း ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည်မဟုတ်


လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာများ ရှိသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ်ဟု အောက်တိုဘာ ၁၁ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၃၀ မှ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ပါတီများက လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြပြောဆို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက လက်ရှိ နယ်မြေဒေသ အချို့၌ လွှတ်တော် ကိုယ်စားလှယ်အချို့ လစ်လပ်နေမှုနှင့် ပတ်သက်ပြီး ပြည်သူ့အကျိုးကို ထိခိုက်သွားလောက်အောင် လစ်လပ်နေခြင်းမျိုး မဟုတ်သည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည် မဟုတ်ကြောင်း နိုင်ငံရေး ပါတီများအား ရှင်းပြခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် အတွင်း၌ အာဆီယံ အားကစားပြိုင်ပွဲ ကျင်းပရန် ရှိနေခြင်း၊ ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန်နှင့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ရန် စသည့် အခြေအနေများ ရှိနေရာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်းကြောင့် အာရုံပျက်ပြား စေနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပ ဖြစ်ခြင်းဟု ဦးတင်အေးက ဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပရခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ''အခု ၂၀၁၃ မှာ အာဆီယံ အားကစားပြိုင်ပွဲ ရှိတယ်။ ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမှာ ရှိတယ်။ အဲဒါကြောင့် ၂၀၁၅ ဆိုရင် ကပ်ပြီ ဖြစ်တဲ့အတွက် အခက်အခဲရှိတယ် ဖြစ်တဲ့ အတွက်ကြောင့် မလုပ်တာရယ်၊ ကိုယ့်ဘက်ကလည်း မဲစာရင်းကြီးကို အပိုင်ရမှာ လုပ်လိုက်ရင် ပြဿနာ နည်းမယ်။ မဲစာရင်း အဟောင်းကြီးတွေက မခိုင်မာဘူး ဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတဲ့ အတွက်ကြောင့် ကျွန်တော်က ဒီကာလ လေးတွေမှာတော့ မလုပ်သေးဘူး။ ကျန်တဲ့ တိုင်းပြည်တွေမှာ ကြားဖြတ် ရွေးကောက်ပွဲ ဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာ ဥပဒေရှိတယ်။ ကျွန်တော်တို့ ဆီမှာကတော့ လုပ်ပေးချင်တယ် ဆိုလည်း လုပ်ပေးလို့ ရပါတယ်။ ကျွန်တော်တို့ ဆီမှာက ပြဿနာတွေ အများကြီး ရှိတယ်။ တော်ကြာကျမှ မျက်နှာမရဘဲနဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးရိမ်တယ်'' ဟု ပြောကြားသည်။

လက်ရှိတွင် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ၃၂၅ နေရာ ရှိသည့်အနက် ၁၀ နေရာ လစ်လပ်နေကြောင်း၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ် ၁၆၈ နေရာတွင် လေးနေရာ လစ်လပ်နေကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် ကိုယ်စားလှယ် ၆၆၁ နေရာ ရှိသည့်အနက် ရှစ်နေရာ လစ်လပ်နေသည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

''မကျင်းပပေးတော့ရော ဘာဖြစ်နိုင်လဲ ဆိုတော့ သိပ်တော့ မထူးတဲ့အတွက် ဒါကို မကျင်းပပေးတာပါ။ ကြားဖြတ် ရွေးကောက်ပွဲဆိုတာ ရှိလည်း ရှိသင့်ပါတယ်။ သို့သော်လည်းပဲ တစ်နေရာမှာ လွှတ်တော် ကိုယ်စားလှယ် သုံးယောက်လုံး လွတ်သွားပြီဆိုမှ မဖြစ်မနေ ကျင်းပပေးရမယ့် အခြေအနေ ရှိတာပေါ့။ ကျင်းပပေးရမှာပေါ့။ အကျိုးနဲ့အပြစ် သိပ်ချိန်ပြီး လုပ်လိုက်လို့ပါ'' ဟု ဦးတင်အေးက ဆက်လက် ပြောကြားသည်

(eleven)
 

0 comments:

Post a Comment