Pages

Subscribe:

Friday, January 3, 2014

မြန်မာ့နိုင်ငံရေး၊ မုန်တိုင်းလား၊ လေပြည်လား

NLD နှင့် ၈၈ မျိုးဆက် ကွဲပြီလား

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) က ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော သဘောထားအကြံပြုချက်တွင် အဓိကအချက်များမှာ အခြေခံမူများခိုင်မာရန် နှင့် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ကွဲလွဲမှုမရှိစေပဲ လိုက်လျောညီထွေဖြစ်စေရန်၊ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က တာဝန်ထမ်းဆောင်နိုင်ရေး 
သည် " နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတဝှမ်းလုံး၌ တည် သည်" ဟူသော အခြေခံမူနှင့် ဆန့်ကျင်ကွဲလွဲနေသည့်အတွက် ယင်းအချက်ကို အခြေခံမူအဖြစ် ထည့် သွင်း ပြဌာန်းရန် မသင့်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်း အခန်းကို နိုင်ငံသားများ၏ဆန္ဒဖြင့် ပြင်ဆင် နိုင်သော ပြုလွယ်ပြင်လွယ်ရှိသော လုပ်ထုံးလုပ်နည်းများအဖြစ် ပြောင်းလဲပြဌာန်းရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ရေရှည်အခြေခံရမည့်မူများကို နိုင်ငံရေးအရ အရေးပါသော လူထု ခေါင်း ဆောင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်စားပြုခေါင်းဆောင်များ၊ တိုင်းရင်းသားအင်အားစုများ အပါ အဝင် အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီးတစ်ခုမှ သဘောတူညီ ဆုံးဖြတ်ပြဌာန်း ကြရန်၊ အခြေခံမူများကို သဘောတူညီမှုရပြီးမှသာ အခြေခံမူ၏ လက်အောက်ခံဖြစ်သော အခြားပုဒ်မ အသေးစိတ် များကို နားလည်မှု၊ ယုံကြည်မှုတည်ဆောက်သည့် ဆွေးနွေးပွဲများမှတဆင့် အသေးစိတ် ဆက်လက် ပြင်ဆင်သွားရန် ဟူ၍ ဖြစ်သည်။

ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် “ မြန်မာနိုင်ငံတွင် ပဋိပက္ခ ဖြေရှင်းခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ၌ ဦးကိုကိုကြီး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း) က ယုံကြည်မှုတည်ဆောက်ခြင်းကို အရင် လုပ်ဆောင်ရမည် ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို နောက်မှ လုပ်ဆောင်ရမည်ဟု ပြောဆိုခဲ့သည်။ လက်ရှိ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အတားအဆီးတစ်ခုသဖွယ် ဖြစ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ပြင်ဆင်လိုက်ခြင်း၏ သက်ရောက်မှုကို ရေရှည်စဉ်းစားရန် အရေးကြီး ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျကလည်း ပြောကြားခဲ့ သည်။ "နိုင်ငံတွေအများစုမှာ ဒီလိုအချက်မျိုးတွေကို သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်း ပြဌာန်းလေ့ရှိတယ်။ အဓိကအားဖြင့် ပုဂ္ဂိုလ်ရေးကို အခြေမခံသော ဥပဒေကြောင်းအရ ပြောမယ် ဆိုရင် တော့ ဒီ ၅၉(စ) လိုအချက်က လိုအပ်တယ်။ ရှိသင့်တယ်။ နောက်ပြီးတော့ ပုဂ္ဂိုလ်ရေးကို အခြေခံပြီးတော့ ဥပဒေကြောင်းကို ပြင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကြီး မရှိတော့တဲ့ အခါကျရင် ဒီဥပဒေရဲ့ သက်ရောက်မှုကို တော့ အများကြီးစဉ်းစားဖို့တော့ လိုမယ်။ ပြောချင်တာက ပုဂ္ဂိုလ်ရေးဦးတည်ပြီး ပုဒ်မ ၅၉(စ)ကို ပြင်မယ် ဆိုရင် ဖွဲ့စည်းပုံမှာ မဟုတ်ဘဲနဲ့ လွှတ်တော်ကနေ ပြီးတော့ သီးခြားဥပဒေလိုမျိုး ပြဌာန်းပြီးပြင်ဆင်တာက ပိုပြီး လက်တွေ့ကျနိုင်တယ်လို့ ယူဆတယ်" ဟု ကိုမင်းဇေယျက ပြောကြား ခဲ့သည်။

ထို့ကြောင့် ၈၈ မျိုးဆက်များ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် NLD က အသည်း အသန်ပြင်ဆင်လိုနေသည်ဟုယူဆရသော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အတား အဆီးတစ်ခုသဖွယ် ဖြစ်နေသည့် သမ္မတအရည်အချင်းသတ်မှတ်ချက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးကို ထောက်ခံခြင်း မရှိကြောင်း တွေ့ရသည်။ ဒီဇင်ဘာ ၁၃ ရက်နေ့က သာယာ ၀တီမြို့ တွင် ကျင်းပသော ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ NLD ပါတီထောက်ခံသူများ ဆွေးနွေးပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ဒီရွေးကောက်ပွဲက အရမ်းစွန့်စားရတဲ့ အရာတစ်ခုပါ။ အဲဒါကို မပြင်နိုင်ဘူးဆိုရင် ပြည်သူကို ကိုယ်စားပြုရမယ့် ကျမအတွက် ဘာမှ ဂုဏ်သိက္ခာ ရှိမှာ မဟုတ်ဘူး။ အဲဒါအတွက် ကျမ မ၀င်ချင်ဘူး။ ဒါ့ကြောင့် ဂုဏ်သိက္ခာရှိတဲ့ သူတွေ အနေနဲ့လည်း ဒီဖွဲ့စည်းပုံနဲ့တော့ မ၀င်သင့်ဘူး” ဟု ပြောကြားခဲ့ပါသည်။ ဒေါ်စုထိုသို့ ပြောကြားခဲ့ခြင်းကို သတင်းဌာန အချို့က အခြေခံဥပဒေမပြင်နိုင်လျှင် ၂၀၁၅ ရွေးကောက်ပွဲကို NLD ဝင်မည်မဟုတ်ဟု ရေးသားခဲ့ပြီး NLD ပါတီမှ တာဝန်ရှိသူများကလည်း ထိုသို့မဟုတ်ကြောင်း ငြင်းဆိုနေကြသည်ကိုလည်း တွေ့ရသည်။

တပ်မတော်နှင့် လွှတ်တော်

ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်သိန်းလင်းက ဒေါ်အောင်ဆန်းစုကြည်ကို တားမြစ်ထားသည့် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ခြင်းမပြုရန် ပြည်သူ ငါးသောင်းကျော်က တင်ပြလာသည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသော ဦးဌေးဦးနှင့် ဦးအောင်သောင်းတို့ကမူ ၅၉(စ)ပြင်ဆင်ရေးကို လက်မခံသည့် သဘောထားများ ထုတ်ဖော်ပြောကြား ထားပြီး ဖြစ်သည်။ ယင်းခေါင်းဆောင်(၂)ဦးစလုံးသည် စစ်အစိုးရလက်ထက်ခေါင်းဆောင်များ၏ လူယုံတော်များ ဖြစ်သည်ဟု ယူဆထား ကြသူများ ဖြစ်ပြီး ဦးအောင်သောင်း ဆိုလျှင် ဆိုဗီယက်ခေတ် ခရူးရှက်ပြုတ်ကျမှု သာဓကဖြင့် ပြည်တွင်း ဂျာနယ်တစ်စောင်မှတစ်ဆင့် သူရဦးရွှေမန်းကို သတိပေးစကား ပြောကြားခဲ့သူ ဖြစ်သည်။ ကြံ့ခိုင်ရေးပါတီအတွင်းမှာပင် ၅၉(စ)အပေါ် ကြီးကြီးမားမား သဘောထား ကွဲလွဲနေကြောင်း အထင်အရှား ဖြစ်လာစေခဲ့သည်။ ဤသို့ ၅၉(စ)အပေါ် နိုင်ငံရေးအဖွဲ့အစည်းများ အမျိုးမျိုး အဖုံဖုံ သဘောထားကွဲလွဲလာချိန်တွင် ကြံ့ခိုင်ရေးပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အထူးအစည်းအဝေး ခေါ်ယူလိုက်ရာ ၅၉(စ)ဇာတ်ရှိန်မှာ ပိုမိုမြင့်မားလာ ခဲ့သည်။ 

အခြားတစ်ဘက်တွင် သမ္မတဦးသိန်းစိန်သည် အခြေခံဥပဒေပြင်ဆင်ရေးကို လက်ခံသော်လည်း တပ်မတော်သား (၂၅%)လျှော့ချရေးကို ရေရှည်တွင် တဖြည်းဖြည်းချင်း လျှော့ချသွားရေးကို ထုတ်ဖော် ပြောကြားထားပြီး ဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေးတွင် အဓိကသော့ချက်ကို ဆုပ်ကိုင်ထားသူမှာ (၂၅%)ကို ရယူထားသည့် တပ်မတော်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ သမ္မတ၏ လက်ထောက် ဟုပင် သတ်မှတ်နိုင်ကြောင်း ကြံ့ခိုင်ရေးခေါင်းဆောင် ဦးအောင်သောင်းက ထုတ်ဖော်ပြော ကြားထားသည်။ ဦးအောင်သောင်း၏ ပြောကြားချက်အရ တပ်မတော်သည် သမ္မတဦးသိန်းစိန်ဘက်တွင် အခိုင်အမာ ရပ်တည်လျက်ရှိကြောင်း သုံးသပ်နိုင်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း တရားဝင် ပြောကြားထားပြီး ဖြစ်သည်။ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်သည် ဟူသော သမ္မတဦးသိန်းစိန်၏ ပြောကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းခြင်း မရှိဘဲ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို ရည်ညွှန်းပြောဆို ခြင်း ဖြစ်ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းက ရရှိသော သတင်းများအရ သိရှိရသည်။ 

အချို့ကလည်း ဤပွတ်တိုက်မှုသည် ကြံ့ခိုင်ရေး၏ ဟန်ဆောင်ပြဇာတ်တစ်ပုဒ်ဟု ဆိုကြသော်လည်း အချို့ကမူ အမှန်တစ်ကယ်ပင် အကွဲအပြဲဇာတ်လမ်းစတင်နေပြီး ကြံ့ခိုင်ရေးပါတီအတွင်း၌လည်း ဦးသိန်းစိန် အုပ်စုနှင့် ဦးရွှေမန်းအုပ်စု ကွဲနေပြီ ဟု ပြောကြသည်။ လွှတ်တော်ကို ကိုင်ထားသော ဦးရွှေမန်း သည် တပ်မတော်ကိုကိုင်ထားသော ဦးသိန်းစိန်တို့အကြားအားပြိုင်မှုကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့် နှေး စေခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုကြသည်။ အထူးသဖြင့် လွှတ်တော်သည် အစိုးရလုပ်ငန်း များကို ၀င်ရောက်နှောက်ယှက်စွက်ဖက်မှုများ များပြားနေခြင်းမှာ တပ်မတော်အစိုးရလက်ထက် ခေါင်း ဆောင်ပိုင်းမှ အရပ်သားအစိုးရလွှဲပြောင်းလိုက်ချိန်တွင် နေရာမရရှိခြင်း၊ နေရာရရှိခြင်းတို့အပေါ် အခြေခံ၍ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သုံးသပ်တစ်ရပ်တွင် ဖော်ပြပါရှိလာခဲ့သည်။ ၀န်ကြီး၊ ဒုဝန်ကြီး နေရာ မရရှိတော့သည့် လွှတ်တော်ရောက် ကြံ့ခိုင်ရေးအမတ်များ၊ အစိုးရ၀န်ထမ်းအကြီးအကဲဟောင်း ကြံ့ ခိုင်ရေးအမတ်များနှင့် ပြုပြင်ပြောင်းလဲရေးအစိုးရ ဟု ကြွေးကြော်ထားသည့် ဦးသိန်းစိန်လက်ထက် ၀န်ကြီး များ၊ ဒုဝန်ကြီးများ၊ ၀န်ထမ်းအကြီးအကဲများအကြား အားပြိုင်မှုများ ဖြစ်ပေါ်လာခဲ့ရာမှ လွှတ်တော်၏ လုပ်ပိုင်ခွင့်များကို တိုးချဲ့ကာ Check and Balance အသံပေးခဲ့ကြသည်။ အစိုးရ၀န်ကြီးဌာနအားလုံးရှိ လူသစ်များသည် ယခင်က မမှန်မကန် လုပ်ဆောင်ချက်များအားလုံးကို တိုးတိုး တိတ်တိတ် ဖုံးဖိကြိတ်ရှင်း ခဲ့ကြသော်လည်း လူဟောင်းများက ကြံ့ခိုင်ရေး ပါတီအလံကို အသုံးချလျက် ယင်တို့လုပ်ဆောင် ခဲ့သော အပြစ်များ၊ အမှားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ဆောင်ရွက်လာခဲ့ရာ ဦးသိန်းစိန် အစိုးရအနေဖြင့် ကြံ့ခိုင်ရေးပါတီတစ်ခုလုံးကို အရှုပ်ထုတ်ဖော် ဖွင့်ချပစ်ရမည်လား၊ ဆက်လက်ကာကွယ်ရမည်လား ဝေခွဲရ ခက်ခဲနေဟန်လည်း ရှိနေသည်။ ဦးသိန်းစိန်သာ ရှေ့နောက် ပြန်လည်ငဲ့ကွက်နေခြင်း မရှိဘဲ ပြတ်ပြတ်သား သား ဖော်ထုတ် ရှင်းလင်းလိုက်မည် ဆိုပါက ကြံ့ခိုင်ရေးပါတီတစ်ရပ်လုံး နာမည်ပျက်ဖြင့် ဇာတ်သိမ်းရမည့် အခြေအနေ ရှိနေကြောင်း နေပြည်တော်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်ကို လည်း တွေ့ရသည်။ 

ဤသို့ တပ်မတော်နှင့် လွှတ်တော် ထိပ်တိုက်ရင်ဆိုင်နိုင်သည့် အလားအလာ ပိုမိုကြီးမားပြင်းထန် လာချိန် တွင် ကြံ့ခိုင်ရေးပါတီမှ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လာမည့် အစည်းအဝေးတွင် လွှတ်တော်၏ပါဝါကို အမြင့်ဆုံးအထိ ဆွဲတင်ထားသော အခြေခံဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်သွားမည် ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။ ထိုသို့ လွှတ်တော်ပါဝါချဲ့ထွင်ရာတွင် သမ္မတနှင့် အစိုးရအဖွဲ့တစ်ခုလုံးကို လွှတ်တော်အတွင်း ဆွဲသွင်းသည့် ပါလီမန်စနစ်မျိုးအထိ ရည်ရွယ်ထားကြောင်းလည်း ပြောကြားချက်များအရ ခန့်မှန်းရသည် ဟု ဆိုသည်။ နောက်ဆုံးထွက်ပေါ်လာခဲ့သည့် အရိပ်လက္ခဏာမှာ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော် ထိပ်တိုက် ရင်ဆိုင် တော့မည့် အခြေအနေကို ညွှန်းဆိုနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအရေးကိစ္စများကို အစဉ်တစိုက် လေ့လာစောင့်ကြည့်သူတစ်ဦးက ဤအခြေအနေများသည် ကြံ့ခိုင်ရေးပါတီအတွင်း အာဏာလွန်ဆွဲမှုများ ကို အခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးပါတီတွင် အသင်းအဖွဲ့ဘ၀ကတည်းက နှစ်ရှည် ပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် ၂၀၁၀ ရွေးကောက်ပွဲများနီးမှ ပါတီတွင်းရောက်ရှိလာကြသူများဟူ၍ အုပ်စုနှစ်စု ကွဲနေကြောင်း၊ တစ်ဖန် အစိုးရသစ်ဖွဲ့စည်းချိန်တွင် နေရာ ရရှိသူများနှင့် နေရာလက်လွတ်ရသူ များအကြား အငြိုးအတေးများဖြင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ စိုးရိမ်ဖွယ်ရာကောင်းလှပြီး အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်သည့် အခြေအနေအထိ ရောက်ရှိလာနိုင်ကြောင်း သုံးသပ် ပြောကြားခဲ့သည်။ 

နောက်ကြောင်း တစ်ကယ်လှည့်မှာလား

ယင်းပညာရှင်များကမူ နောက်ကြောင်းပြန်လှည့်ခဲ့ပါက အာဏာရပါတီ၏ အာဏာစားခွက်လုပွဲကြောင့် ဖြစ်နိုင်ပြီး ထိုသို့သော အခြေအနေမျိုး မြန်မာနိုင်ငံ၏သမိုင်းကြောင်းတွင် ဖြစ်ပေါ်ခဲ့သည့် မှတ်တမ်းများ ရှိကြောင်း သုံးသပ်ထားသည်။ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ၅၉(စ)ပြင်ဆင်ရေး မတူသော်လည်း NLD ၏ လုပ်ဆောင်ချက်မှာ ရောကြိတ်ထားသည်။ ကျန်အဖွဲ့အစည်းအတော်များများ၏ သဘောထားမှာ အခြေခံ ဥပဒေပြင်ဆင်ရေးကို လက်ခံသော်လည်း ၅၉(စ)ပြင်ဆင်ရေးကို လက်မခံ ဖြစ်နေသည်။ လက်ရှိ အလား အလာများအရ ၂၀၁၅ မတိုင်မီ ၅၉(စ) ပြင်ဆင်ရေး မဖြစ်နိုင်တော့ပေ။ 

မဖြစ်နိုင်တော့ ဟူသည့် အခြေအနေကိုလည်း ဒေါ်အောင်ဆန်းစုကြည် လက်ခံရမည်၊ အသိအမှတ် ပြုရတော့မည်။ ၅၉(စ)ပြင်ဆင်နိုင်ခြင်း မရှိတော့လျှင် မည်သည့်လမ်းကို ဆက်လျှောက်မည်ကို ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရတော့မည်။ NLD ပါတီဝင်များကမူ ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ် ချက်ကို မျက်စေ့စုံမှိတ် လက်ခံကြမည်သာ ဖြစ်သည်။ ကြံ့ခိုင်ရေးပါတီအကွဲအပြဲတွင် ဒေါ်အောင်ဆန်း စုကြည် ဘာဆက်လုပ်မလဲ ဆိုသော အချက်မှာ မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်သွားမည် ဖြစ်သည်။ ၂၀၁၅ တွင် မုန်တိုင်းလာမည်လား၊ လေပြည်တိုက်မည်လား ဆိုသည်မှာ ကြံ့ခိုင်ရေးပါတီအထူးအစည်း အဝေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ထပ်ခြေလှမ်းများက အဆုံးအဖြတ်ပေးတော့မည် ဖြစ်သည်။ 




 
ဆောင်းနက်
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၃၂) မှ ကူးယူဖော်ပြသည်

မြန်မာ့နိုင်ငံရေးဆောင်းပါးများ

0 comments:

Post a Comment