Pages

Subscribe:

Saturday, September 21, 2013

ရွေးကောက်ပွဲမှာ ဘယ်သူတွေ မဲပေးပိုင်ခွင့်ရှိသလဲ


ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတွေကို သတ်မှတ်ဖို့ကတော့ ဥပဒေများနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပြီး ဆက်စပ်ပါဝင် ဆောင်ရွက်ရမယ့် အဖွဲ့အစည်း/ဌာနတိုင်းမှာ တာဝန်ရှိပါတယ်။ အဲဒီတော့ ဥပဒေတွေမှာ ဘယ်လိုပြဋ္ဌာန်းထားသလဲဆိုတာ လေ့လာသုံးသပ် ကြည့်ရအောင်ပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈ (က) မှာ ‘နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ရှိသည်။’ (Every citizen shall have the right to elect and be elected in accord with the law.) လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပုဒ်မမှာ အခွင့်အရေးကို နှစ်မျိုးဖော်ပြ ထားပေမယ့် အဲဒီအခွင့်အရေး ခံစားခွင့် ရှိသူကိုတော့ ‘နိုင်ငံသား’ ဆိုတဲ့ စကားလုံး တစ်လုံးတည်းသာ သုံးစွဲထားပါတယ်။ မဲပေးပိုင်ခွင့်ရှိသူနဲ့ အရွေးခံပိုင်ခွင့် ရှိသူဟာ ဂုဏ်ရည်တူ တစ်ထပ်တည်းဖြစ်ပြီး လူတစ်ဦးဟာ မဲပေးပိုင်ခွင့် ရှိတယ်ဆိုရင် အရွေးခံပိုင်ခွင ရှိတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ (နောင်ရွေးကောက်ပွဲ ဥပဒေများလို့ပဲ ခေါ်ဝေါ်သုံးစွဲပါမယ်) မှာတော့ မဲပေးပိုင်ခွင့်နဲ့ စပ်လျဉ်းပြီး ပုဒ်မ ၆ (က) မှာ ‘ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ’ တွေဟာ ဆန္ဒမဲပေးပိုင်ခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီရွေးကောက်ပွဲ ဥပဒေများရဲ့ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်နဲ့ စပ်လျဉ်းပြီး ပုဒ်မ ၈ (ခ) မှာ ‘နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသား ဖြစ်သူ’ သည်သာ ရွေးကောက် ခံပိုင်ခွင့်ရှိပြီး ပုဒ်မ ၁၀ (င) မှာ ‘မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့် နိုင်ငံသား’ သည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း ဖော်ပြထားပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲ ဥပဒေများမှာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူနဲ့ ရွေးကောက်ခံပိုင်ခွင့် ရှိသူတို့ဟာ တစ်ထပ်တည်း မကျပါဘူး။ ဂုဏ်ရည်ချင်း မတူညီကြပါဘူး။ ပုဒ်မ ၆ (က) ရဲ့ သတ်မှတ်ချက်နဲ့ ပုဒ်မ ၈ (ခ)၊ ပုဒ်မ ၁၀ (င) တို့ရဲ့ သတ်မှတ်ချက်များဟာ မတူညီကြပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူနဲ့ ရွေးကောက် ခံပိုင်ခွင့် ရှိသူတို့ဟာ တစ်ထပ်တည်းဖြစ်တယ်၊ ဂုဏ်ရည်ချင်း တူတယ်ဆိုတဲ့ သဘောတရားနဲ့ ကွဲလွဲနေပါပြီ။

ဘယ်အပိုင်း၊ ဘယ်ပုဒ်မက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်ကွဲလွဲနေသလဲဆိုတာ အဖြေရှာဖို့ လိုပါတယ်။ ရွေးကောက်ပွဲ ဥပဒေများရဲ့ ပုဒ်မ ၆ (က) က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီတယ် ဆိုရင် ပုဒ်မ ၈ (ခ) နဲ့ ပုဒ်မ ၁၀ (င) တို့ဟာ ဆန့်ကျင်ကွဲလွဲတာ ဖြစ်မယ်၊ ဒါမှမဟုတ် ပုဒ်မ ၈ (ခ) နဲ့ ပုဒ်မ ၁၀ (င) တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီတယ်ဆိုရင် ပုဒ်မ ၆ (က) က ဆန့်ကျင် ကွဲလွဲတာ ဖြစ်ပါမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို အဓိပ္ပာယ် ဖွင့်ဆိုရမယ့် ကိစ္စဖြစ်နေတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ တာဝန်ဖြစ်လာပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈ (က) မှာ ပြဋ္ဌာန်းဖော်ပြထားတဲ့ ‘နိုင်ငံသား’ ဆိုတဲ့ စကားရပ်ဟာ မည်သူတွေ အကျုံးဝင်ကြောင်း အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရမှာ ဖြစ်ပါတယ်။

အဓိကကတော့ ရွေးကောက်ပွဲ ဥပဒေများရဲ့ ပုဒ်မ ၆ (က) မှာ ဖော်ပြထားသူများ အကျုံးဝင်။ မဝင် သိရှိလိုခြင်း ဖြစ်ပါတယ်။ ခုံရုံးကလည်း အမှုတင်သွင်းတဲ့သူရှိမှ ဆောင်ရွက်ရမှာပါ။ အဓိပ္ပာယ် ဖွင့်ဆိုပေးဖို့ ခုံရုံးကို တင်သွင်းခွင့် ရှိသူတွေကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၅ နဲ့ ၃၂၆ တို့အရ အောက်ပါပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်-

(၁) နိုင်ငံတော်သမ္မတ၊ (၂) ပြည်ထောင်စုလွှတ်တော် နာယက၊

(၃) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ (၄) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊

(၅) ပြည်ထောင်စု တရားသူကြီးချုပ်၊

(၆) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊

(၇) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ (နိုင်ငံတော်သမ္မတမှ တစ်ဆင့်)

(၈) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ (ပြည်ထောင်စုလွှတ်တော် နာယကမှတစ်ဆင့်)၊

(၉) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ (သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတမှတစ်ဆင့်)၊

(၁၀) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းအရေ အတွက်ရှိသော ကိုယ်စားလှယ်များ (သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့်) အထက်ပါ တင်သွင်းခွင့်ရှိသူ တစ်ဦးဦးက တင်သွင်းလို့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကျပြီ ဆိုရင်တော့ ခုံရုံးရဲ့ဆုံးဖြတ်ချက်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မညီညွတ်တဲ့ ရွေးကောက်ပွဲ ဥပဒေများရဲ့ ပုဒ်မများကို ပြင်ဆင် ပြဋ္ဌာန်းဖို့ကတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ တာဝန်သာ ဖြစ်ပါတယ်။ ပြီးလျှင်တော့ ဥပဒေ ပြဋ္ဌာန်းချက်များနဲ့အညီ ဆက်စပ်ပါဝင်ဆောင် ရွက်ရမယ့် အဖွဲ့အစည်း/ဌာနများက ဆက်လက်ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။

ဒါကတော့ ‘ရွေးကောက်ပွဲမှာ ဘယ်သူတွေ မဲဆန္ဒပေးပိုင်ခွင့်ရှိသလဲ’ ဆိုတဲ့ ကိစ္စမှာ ပြည်သူတစ်ဦးအနေနဲ့ တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ သိမြင်သမျှကို တင်ပြလိုက်ခြင်းပါ။ တာဝန်ရှိသူများ အနေနဲ့လည်း တစ်ဦးနဲ့တစ်ဦး လွှဲချမနေဘဲ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက် မိမိသက်ဆိုင်တဲ့၊ ဆောင်ရွက်လို့ရတဲ့ လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း တင်ပြအပ်ပါတယ်ခင်ဗျာ။

(ခင်ဌေး)
 

1 comments:

အမေစု said...

ကောင်းတယ်ဗျာ ၊ အခြေခံဥပဒေကို လိုအပ်ချက်တစ်ခုချင်း အခုလိုထောက်ပြနိုင်ရင် ပြည်သူတွေပြန်ကြည်.လို.ရတာပေါ. လိုအပ်ချက်တွေဖေါ်ပြပေးပါအုံး ။

Post a Comment