Pages

Subscribe:

Saturday, May 4, 2013

ပီအာအကြောင်းပြောကြည့်တာပါ


ပီအာစနစ်အကြောင်း၊ မသုံးသင့်ကြောင်း ဝေဖန်တဲ့စာတွေကို ဖတ်ရတိုင်း အဖန်တရာတေနေ အောင်ပါတဲ့ စာသားတွေက မြန်မာပြည်နဲ့ မသင့်တော်ဘူး၊ ခေတ်နောက်ပြန် ရှေးရိုးစွဲသူများ ၊ ဘာသာ ရေးအစွန်းရောက်များ ၊ လူမျိုးရေး အစွန်းရောက်များ  လွှတ်တော်ထဲကို ရောက်လာနိုင်တယ်၊ ဂျာမဏီ မှာ ဟစ်တလာတောင် ပီအာကြောင့် အာဏာရလာတာဆိုတာတွေ အမြဲတမ်းပါနေတယ်။ ပီအာစနစ် ဆိုတာ အဲ့ဒီလောက်အထိ ဆိုးလွန်းနေတာလား။ မြန်မာပြည်တစ်ခုတည်းအတွက် ပီအာစနစ်က ဆိုးလွန်းပြီး ပီအာကို အသုံးပြု နေ ကြတဲ့ အခြားနိုင်ငံတွေကတော့ သူတို့အတွက် မဆိုးဘူးပေါ့။

ပညာရေး ရေချိန်နိမ့်တဲ့ မြန်မာပြည်သူလူထုအတွက် ဒီစနစ်က အခက်အခဲဖြစ်စေမယ်တဲ့။ ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ ခေတ်တွေမှာ မဆလခေတ်မှာ ထောက်ခံတယ်၊ကန့်ကွက်တယ် နှစ်မျိုး ထဲက တစ်မျိုးဖော်ပြဖို့ မဲပြားကို အဖြူပုံး၊ အမည်းပုံးကြိုက်တာထဲ တစ်ခုထည့်ရတယ်။ ရပ်ကွက် ကောင်စီ၊ မြိုနယ်ကောင်စီ၊ တိုင်းကောင်စီနဲ့ ပြည်သူ့လွှတ်တော်အတွက် လေးမျိုး  မဲထည့်ခဲ့ရတယ်။

ဒီစနစ်ကိုပဲ ကြုံဖူးတဲ့ ကျွန်တော်တို့တစ်တွေ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲစာရွက်ပေါ်မှာ ကိုယ်ကြိုက်တဲ့သူရဲ့ဘေးကွက်လပ်မှာ ကြက်ခြေခတ်တံဆိပ်တုန်း နှိပ်ရတဲ့ မဲပေးစနစ်ကို ကြုံကြရ တယ်။ ရွေးစရာ မရှိတော့ မဲပေးမယ့်သူတွေကိုပဲ ဘယ်လိုမဲပေးရမယ်ဆိုပြီး လိုက်လံအသိပေး၊ ပုံစံတူ တွေနဲ့  အစမ်းနှိပ်ခိုင်းကြည့်ရတယ်။ ဒါကလည်း ကျေးလက်အစွန်ထိဒီလိုမဲပေးရတယ်ဆိုတာရောက်မ

 ရောက် မသိနိုင်ဘူး။ ဒါပေမယ့် မဲရလာဒ်တွေအရ ပယ်မဲနည်းပြီး ရတဲ့မဲတွေက အရှုံးအနိုင် ပြတ်သား ခဲ့ တာကို တွေ့ရပါတယ်။

        နောက် ၂၀၀၈ မှာလည်း မဲစာရွက်ပေါ်မှာ  ၂၀၀၈အခြေခံဥပဒေကို ကြိုက်လား၊ မကြိုက်ဘူး လား နှစ်ခုတည်းက တစ်ခုအပေါ်မှာ ဘော်ပင်နဲ့အမှန်ခြစ်ရတဲ့ မဲစာရွက်နဲ့  တွေ့ခဲ့ရတယ်။ တံဆိပ်တုန်း မနှိပ်ရတော့ဘူး။

        ၂၀၁၀ မှာတော့ တစ်ခါမှမကြုံဘူးခဲ့တဲ့ မဲလေးမျိုးပေးရတဲ့စနစ်ကို မြန်မာမဲဆန္ဒရှင်တွေ ရင်ဆိုင် ခဲ့ရတယ်။ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဆိုပြိး ဖြစ်လာတယ်။ မဲစာရွက်စနစ်ကတော့ အားလုံး နားလည်နေကြတယ်။ ဘော်ပင်နဲ့ အမှန်ခြစ်ရတဲ့အလုပ်။ အလုပ်ရှုတ်သွားတာကတော့ မဲလေးမျိုးကို တစ်မျိုးပြီးတစ်မျိုး အမှန်ခြစ်ပြီး မဲပုံးထဲထည့်ရတာပဲ။ nld က ရွေးကောက်ပွဲကိုသပိတ်မှောက်ပြီး နိုးဘုတ်ကို ကြိုးစားပမ်းစားလုပ်နေကြတော့ ၀င်ပြိုင်တဲ့ပါတီတွေက လူထုကို မဲပေးပုံပေးနည်တွေ မဲဆွယ် စည်းရုံးရေးဆင်းတဲ့အခါ အများဆုံးရှင်းပြခဲ့ရတယ်။  မဲပေးကြတဲ့အခါမှာတော့ ပြဿနာ သိပ် မရှိပါဘူး။ မဲရေတွက်တဲ့အခါကျမှသာ ပြဿနာတက်ခဲ့ရတာပါ။ ကြိုတင်မဲသောင်းကျော်အောင် ရခဲ့သူ တွေကတော့ ဒုသမ္မတကြီးတွေဖြစ်ကြတဲ့ စိုင်းမောက်ခမ်းနဲ့ သီဟသူရသတင်အောင်မြင့်ဦး တို့ဖြစ် ပါတယ်။ ကြိုတင်မဲ နှစ်သောင်းကျော်ရခဲ့ပါတယ်။ မဲပေးနည်ဟာ အသစ်ဖြစ်ပေမယ့် ပြည်သူတွေက မအကြပါဘူး ။ မြန်မာပြည်သူတွေက တတ်လွယ်၊ နားလည်လွယ်ပါတယ်။

        ကမ္ဘာမှာ ပီအာစနစ်ကို အသုံးပြုနေတဲ့နိုင်ငံတွေ ၉၀ကျော်လောက်ဟာ အားလုံး ပညာရေး အဆင့်အတန်းမြင့်ကြလို့ သုံးနေတြသလားဆိုတာ ပညာရေးအဆင့်နိမ့်သေးလို့ မသုံးသင့်ဘူးဆိုတဲ့ သူတွေ လေ့လာဝေဖန်ပြကြည့်ပါလား။ သုံးနေကြတဲ့နိုင်ငံတွေထဲမှာ မြန်မာပြည်နီးပါး ပညာရေးအဆင့် နိမ့်တဲ့ နိုင်ငံတွေ မပါဘူးလားဆိုတာ ပြောကြည့်ပါလား။ ကျွန်တော်ပြောချင်တာကတော့ မြန်မာပြည် သူတွေဟာ သင်လွယ်တတ်လွယ်သူတွေပဲဆိုတာကိုပါ။ ပီအာမှာ ဒီလိုမဲပေးရတယ်၊ ဒီလို လုပ်ရတယ် ဆိုရင် ရှင်းပြရင် တတ်ပါလိမ့်မယ်။

 ပြည်သူတွေအလုပ်က ကိုယ်ကြိုက်တဲ့သူနဲ့ ပါတီကို  မဲပေးရွေး ချယ်ဖို့ပါပဲ။  ပါတီတွေအလုပ်က ပြည်သူတွေကြိုက်နိုင်မယ့်သူတွေကို ရွေးချယ်ပြီး party  list ထဲမှာ ဖော်ပြနိုင်ဖို့ဖြစ်တယ်။ ကိုယ်စားလှယ်လောင်းတွေအလုပ်ကလည်း ပါတီကရွေးချယ်တဲ့စာရင်းဇယား မှာ ပါနိုင်ဖို့ဖြစ်တယ်။ ဒါကလည်း သက်ဆိုင်ရာပါတီတွေက သူတို့ ပါတီအတွင်းမှာ ကိုယ့်နည်းလမ်းနဲ့ ကိုယ် ရွေးချယ်ဖို့ ဖြစ်ပါတယ်။ ပြည်သူတွေမကြိုက်တဲ့သူ ပါလာခဲ့ရင်တော့ အဲ့ဒီပါတီက မဲရဖို့ နည်းသွား နိုင်တာကြောင့်  စာရင်းထဲပါဖို့ မပါဖို့ဆိုတာ ဆိုင်ရာပါတီက စဉ်းစားပါလိမ့်မယ်။ အပေါ်ကနေ ဗဟိုဦးစီးစနစ်နဲ့ တန်းစီပြီးချလိုက်ပြီး အရွေးခံမယ်ဆိုရင်လည်း ပြည်သူတွေ မကြိုက်ရင် မဲရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ တန်းစီဇယားတွေဟာ သက်ဆိုင်ရာပါတီ တွေမှာ ပါတီတွင်းယှဉ်ပြိုင်မှုကနေ ထွက်လာပါလိမ့်မယ်။ ဒါကလည်း ဒီမိုကရေစီကျ တဲ့ပါတီတွေမှာ တင်ပြခဲ့သလို ဖြစ်လာနိုင်ပြီး လက်ရှိအင်အားကြီးပါတီနှစ်ခုမှာတော့ အပေါ်ကချတဲ့ အတိုင်း ဖြစ်လာဖို့ များနေတယ်။၂၀၁၅ ဟာ နာမည်ကြီးတဲ့သူနဲ့ အာဏာလက်ရှိတွေ အားပြိုင်ကြရမယ့်ပွဲပါ။

        လက်ရှိကော်မရှင်က လာမယ့်လွတ်တော်ကျမှ ပီအာစနစ်ကို အသုံးပြုဖို့ တင်မယ်ဆိုတယ်။ ဘယ်လွှတ်တော်မှာ ကျင့်သုံးမလဲဆိုတာကိုတော့ လောလောဆယ် မသိရသေးလို့ စမ်းတ၀ါးဝါးနဲ့ပဲ ထင်မြင်ချက်ပြောရမယ်ထင်တယ်။

ပီအာစနစ်မကြိုက်ဘူးဆိုတဲ့သူတိုင်းဝေဖေန်တဲ့စကားတိုင်းမှာ မြန်မာပြည်နဲ့ မသင့်တော်ဘူး၊ ခေတ်နောက်ပြန်ရှေးရိုးစွဲသူများ၊ ဘာသာရေးအစွန်းရောက်များ၊ လူမျိုးရေးအစွန်းရောက်များ လွှတ် တော်ထဲကိုရောက်လာနိုင်တယ်၊ ဂျာမဏီမှာ ဟစ်တလာတောင် ပီအာကြောင့် အာဏာရလာတာ ဆိုတာတွေ အမြဲတမ်းပါနေတယ်။

  လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ မသင့်တော်ဘူးလို့ ဘာကြောင့်ပြောနေကြတာလဲ။ ဒါကလည်း ဘယ်အထိုင်ကနေ စဉ်းစားနေတယ်ဆိုတာက စကားပြောနေတယ်။ nld ကွင်းလုံးကျွတ်အနိုင်ရရှိရေး လိုချင်သူတွေကတော့ ပီအာကို လုံးဝမကြိုက်ကြဘူး။ nld နိုင်မှ အခြေခံဥပဒေပြောင်းလဲရေး လုပ်လို့ရ မှာဆိုတဲ့ စိတ်ကူးနဲ့ အားလုံးအနိုင်ရမယ့်စနစ်ကို ဆက်သုံးချင်တယ်။ တိုင်းရင်းသား ပါတီကြီး တွေက လည်း မလိုချင်ကြဘူး။ သူတို့လည်း သူတို့ပြဿနာနဲ့ သူတို့ဖြစ်နေကြတယ်။  ၁၉၉၀အုပ်စုနဲ့ ၂၀၁၀ အုပ်စု တွဲမရဘူးဖြစ်နေတယ်။ ပြီးတော့ ပြည်နယ်အမည်အလိုက် ရှိကြတဲ့လူမျိုးတွေကို အခြားကျန်တဲ့ လူမျိုးတွေက ပုခုံးချင်းယှဉ်လာကြပြီ။ ပြည်နယ်တိုင်းမှာ အများစုမဖြစ်ကြတော့ဘူး။ အခြားသူတွေကို နေရာပေးရတော့မယ်။ ပီအာစနစ်ဆိုရင် ကိုယ့်လူမျိုးကပေးတဲ့မဲပဲ ကိုယ်ရတော့မယ်။ ဒါတောင် သိပ်မသေချာ။ မဲတွေက ကွဲသွားဦးမယ်။ ကြံခိုင်ရေးကိုပေးမယ့်မဲ၊ nld ကိုပေးမယ့်မဲ၊  အခြားကိုယ့်ပြိုင်ဖက် မျိုးတူပါတီကိုပေးမယ့်မဲ၊ အခြားသူတွေကိုပေးနိုင်တဲ့မဲတွေ ဖြစ်လာဦးမယ်။

        ပီအာစနစ်ကို မိတ်ဆက်ပေးပြီး ကျင့်သုံးချင်သူတွေက အတိတ်ကဖြစ်ရပ်ကို သင်္ခန်းစာယူ ထားပြီး နိုင်ငံရေးနောက်ပြန်လှည့်နိုင်တဲ့အခြေအနေကနေ အားလုံးလက်ခံနိုင်မယ့် ကြားအဖြေတစ်ခု ကို ရှာပေးကြသူတွေ ဖြစ်ပါတယ်။  နုနယ်သေးတဲ့ ဒီမိုကရေစီအပင် သင်းသတ်ခံရမှထက် အမြစ်ပြုတ် ပျောက်သွားမှာကို မျှော်တွေးမိလို့ ဒီစနစ်ကို မြန်မာပြည်မှာ ကျင့်သုံးဖို့ သင့်မသင့် စတင်ဖော်ထုတ် မိတ်ဆက်ပေးတာပါ။ ဒါကို အခုနောက်ဆုံးထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဆောင်းပါးရှင် ၀သုန်ဆိုသူက ဒီစနစ်တင်ပြသူတွေရဲ့ နိုင်ငံရေးလမ်းကြောင်း ရိုးသားမှုကို သံသယဖြစ်မိပါတယ်လို့ ပြောထားပါတယ်။ ကျွန်တော်ပြောခဲ့သလို ဝေဖန်သူတွေက ဘယ်အထိုင်ကနေ စဉ်းစားနေသလဲ ဆိုတာက သူ့ရေးသားချက်ကို ဖြစ်စေတာပါ။ nld နိုင်စေချင်လွန်းသူတွေကတော့ nld နိုင်ရင် အရာ အားလုံး ကောင်းသွားမယ်လို့ ခံယူထားပုံရပါတယ်။ ဒီထက် ပိုမတွေးကျတော့ဘူးလား။ ဖြစ်လာနိုင်ချေရှိတဲ့ ပြဿနာတွေကို ထည့်မတွက်ချက်တော့ဘူးလား။ ပီအာကိုတင်ပြသူတွေက ဖြစ်လာနိုင်ချေရှိတဲ့ အလားအလားတွေကို တွေးဆမြင်ထားကြသူတွေပါ။ ဒီလိုဖြစ်လာရင်တော့ ဒါက ဒီလိုဖြစ်လိမ့်မယ်လို့ တွေးထားသူတွေပါ။ nld ၂၀၁၂ မှာ နိုင်ခဲ့လို့ ၂၀၁၅ မှာ ဒီအတိုင်း ဆက်နိုင်ခဲ့ရင် တိုင်းပြည်အနာဂတ်က ဘယ်လိုဖြစ်သွားနိုင်သလဲဆိုတာကို တွေးမိကြလို့ပါ။  ခင်ဗျားတို့လည်း တွေးမိကြရဲ့လား။ မြန်မာ့နိုင်ငံရေးရဲ့ အရိပ်ဖုံးနေတဲ့ဘက်တွေက အနေအထားကို ထည့်တွက်မိ ပါရဲ့လား။ ဘက်ပေါင်းစုံကို ထည့်တွက်ထားရဲ့လားဆိုတာက ပြန်မေးချင်တဲ့မေးခွန်းပါ။ ဒါကိုတော့ နောက်မှ အကျယ်ရေးပါဦးမယ်။ အခုတော့ ဖတ်သူတွေ စဉ်းစားဖို့ပါ။ ငါတို့ ဒါတွေကို တွေးမိရဲ့လား။ တွေးထားရဲ့လားဆိုတာ ဖြစ်စေချင် လို့ပါ။

        ဒေါ်အောင်ဆန်းစုကြည်ရှိနေသမျှ ပြည်မက အခြားဒီမိုကရေစီပါတီတွေ  ဘယ်သူမှ nld ကို မယှဉ် နိုင်ပါဘူး။ ယှဉ်နိုင်ပါတယ်လို့ပြောလို့လည်း ဘယ်သူကမှ အဲံဒီပါတီကို  အထင်မကြိးပါဘူး။ သေချာတာတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရက်တစ်အင်အားစုတွေရဲ့ ခေါင်းဆောင် မဟုတ်ပါဘူး။ nld ပါတီရဲ့ ခေါင်းဆောင်၊ ဥက္ကဌသာ ဖြစ်နေတာပါ။ စုစည်းညီညွတ်တဲ့ ဒီမိုကရက်တစ် အင်အားစုကြီးတစ်ရပ်ကို ဖော်ဆောင်နေတဲ့သူ မဟုတ်ပါဘူး။ nld ပါတီ ကြီးထွားရေးနဲ့ အင်အား ကောင်းရေးကိုသာ လုပ်ဆောင်နေတယ်လို့ ပြောလို့ရသလို တစ်ခါတရံ တစ်ဦးကောင်းသူရဲကောင်း ၀ါဒကို ကိုင်ပြီး လုပ်နေသလားလို့ တွေးမိပါတယ်။

 အောင်မြင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း ဆိုတာ ရှိရပါလိမ့်မယ်။ ကိုယ့်ပါတီထဲတွင် သာ ညှိနိုင်းဆွေးနွေးခြင်းတွေ ရှိနေရမှာဖြစ်သလို မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ပါ  ဆွေးနွေး ညှိနှိုင်းခြင်းတွေ ရှိရပါမယ်။ ဒါမှသာ အများလက်ခံနိုင်တဲ့ လမ်းကြောင်းကို ဦးဆောင်ပါတီတစ်ခုအနေနဲ့ ဦးဆောင်ပြီး ရည်မှန်းချက်ကို ရောက်အောင် သွားလို့ဖြစ်ပါလိမ့်မယ်။ ဒါတောင် တစ်ခြမ်းပဲ ရှိပါသေးတယ်။ ပြိုင်ဖက်အင်အားစုတွေနဲ့ပါ ဘယ်လိုညှိ နှိုင်းဆွေးနွေးမလဲဆိုတာ ရှိပါသေးတယ်။ ဒီအတွက် ကိုယ့်ဖက်ကနေ ညီညွတ်တဲ့အားတစ်ခုကို ထူထောင်ထားနိုင်ရင် တစ်ဖက်ကလည်း လေးလေးစားစားနဲ့ တုန့်ပြန်ပါလိမ့်မယ်။ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ဟာ ကိုယ့်အလေးထားရမယ့် အဖွဲ့အစည်းတွေပါ။ သူတို့နဲ့ သဟာဇာတဖြစ်သွားတဲ့အခါ မြန်မာ့နိုင်ငံရဲ့အနာဂတ်ဟာ အာရှကျား တစ်ကောင် ဖြစ်သွားပါမယ်။ အခုတော့ ဒီအိမ်မက်က ဝေးနေဆဲပါ။ လွှတ်တော်ထဲမှာ ဒွေးရောယှက်တင် သလိုဖြစ်နေပေမယ့် တကယ့်မှာတော့ နှစ်ဖက်စလုံးက နောက်ကျောမှာဓါးကိုယ်စီနဲ့ဆိုတာ အားလုံးသိနေကြသလိုပဲ။ ပါတီခေါင်းဆောင်၊ ဥက္ကဌ တစ်ယောက်အနေနဲ့   ပါတီရဲ့မူဝါဒကို ကိုယ်က ဖော်ဆောင်ပေးတာလား၊ ကိုယ့်မူဝါဒကို ပါတီအမည် တပ်လိုက်တာလားဆိုတာ မကွဲပြားတော့ပါ။ ပါတီဆိုတာ ခေါင်းဆောင်ပြောတာကို တံဆိပ်တုံးနှိပ်ပေးတဲ့ သဘောမျိုးများ ရောက်နေပြီလား။ ဒါက ကျွန်တော်တွေးမိတာပါ။

 ခေတ်နောက်ပြန်ဆွဲသူများဆိုတာ ဘယ်သူတွေ၊ ဘယ်ပါတီတွေကို ပြောတာလဲ။ ဖြစ်နိုင်တာ ကတော့  အာဏာရှင်စနစ်ကို လွှမ်းဆွတ်သူတွေထင်တယ်။ ကွန်မြူနစ်စနစ်ကတော့ လက်ရှိမှာ ခေတ်ကုန်သွားပါပြီ။ ဘာသာရေးအစွန်းရောက်သူများ ဆိုတာကလည်း ဘယ်ဘာသာဝင်တွေကိုလဲ။ သေချာတာကတော ဗုဒ္ဒဘာသာဘုန်းကြီးတွေ မဖြစ်လောက်ဘူး။ အခြားဘာသာဝင်တွေ ဖြစ်ဖို့များ တယ်။ လူလား၊မော်လ၀ီလား၊သင်းအုပ်ဆရာလား။သူတို့ကလည်း မြန်မာပြည်မှာ ရွေးကောက်ပွဲဥပဒေ အရ အရွေးချယ်ခံပိုင်တောင် မရှိဘူး။  လူမျိုးရေးအစွန်းရောက်သူများဆိုတာကတော့ ရှင်းပါတယ်။ ဒီလူတွေကို ပါတီတွေက ရွေးရမယ်။ ပါတီကိုလည်း လူထုက မဲပေးကြရမယ်။  ဒီလိုလူမျိုးတွေ ရောက်မလာအောင် ပါတီမှတ်ပုံတင်ဥပဒေနဲ့ ထိန်းချူပ်လို့ ရတယ်။ ရွေေးကာက်ပွဲဥပဒေတွေ နဲ့ တားလို့ရတယ်။ ဥပဒေအတိုင်းသာ အတိအကျလုပ်ဖို့ လိုတာပါ။ တားလို့မရမှာက မူဆလင် ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ လွှတ်တော်ထဲရောက်မလာဖို့ ဆိုတာပဲ။ သူတို့လည်း ရောက်လာပါလိမ့်မယ်။ ပြောနေကြတဲ့ အစွန်းရောက်တွေ ပြည်သူက မဲပေးမှ ဒီလူတွေ လွှတ်တော် ရောက်လာမှာ။ မဲတောင်မှ ပီအာစနစ်မှာဆိုရင်  သတ်မှတ်ထားတဲ့ အရေအတွက်ကိုရမှဖြစ်မယ်။ အရင်လို နှစ်ယောက်တည်းပြိုင်ရမှာ မဟုတ်သလို ပြိုင်ဖက်တွေက ပိုများလာပြီး ပါတီတွေက ပိုပြီး စည်းရုံးရေးဆင်းရဖို့ များနေတယ်။ ပါတီဝိတ်က ပိုကြီးဖို့များပါတယ်။

မဲဆန္ဒနယ်မြေဆိုလို့          မျှတမှုတစ်ခု ဖြစ်စေချင်တာကို  ဆွေးနွေးချင်ပါတယ်။  ဆွမ်ဘရာဘွမ် ၂၅၄၃၊ ဆိပ်ကမ်း ၁၇၆၉၊ လှိုင်သာယာ ၃၀၇၇၄၃၊ မောင်းတော ၂၅၅၇၉၂၊  ပခုက္ကူ ၁၉၉၂၂၈၊  လပွတ္တာ ၃၀၄၄၃၆၊ ပုသိမ် ၂၁၀၄၅၄၊ မယ်စဲ့(ကယား) ၃၁၂၇၊ ရှားတော ၁၈၂၁၊ ကိုးကိုးကျွန်း ၇၈၉၊  မုံရွာ ၂၁၆၉၁၃၊ နောက်မွန်း ၃၉၁၉၊ မိုင်းလား ၁၂၉၀ ဆိုတဲ့ မဲပေးနိုင်သူ ကိုယ်စားပြုမှုကို ကြည့်ပြီး အချိုးညီတာကို ဖြစ်စေချင်ပါတယ်။ လူ၂၀၀၀ လောက်ကို မဲဆွယ်ရသူနဲ့ လူ သုံးသိန်းကို မဲဆွယ်ရသူ ဘယ်သူက ပိုပန်းမလဲ။ အမတ်တစ်နေရာချင်းအတူတူ။  လူတစ်သိန်းမှာ အမတ်တစ်ယောက်လို့ သတ်မှတ်ရင် လူပေါ်ကိုယ်စားပြုတာက ပိုမှန်မယ်။ ဒါပေမယ့် ပြည်နယ်တွေကတော့ ကြိုက်ကြမှာ မဟုတ်ဘူး။ သူတို့က ပိုအခွင့်အရေး ရထားတယ်။

ပြည်မမှာလိမ့်ခံနေရတာက အမျိုးသားလွှတ်တော်၊ ခရိုင်အလိုက် စုထားသော လူကပိုများ၊ မဲဆွယ်ရတာက ပိုပင်ပန်း။ ပြည်နယ်တွေများ သက်သာလိုက်တာ အချို့မြိုနယ်ဆိုရင် အမျိုးသားလွှတ် တော်အမတ်၂နေရာ ရတယ်။ ပြည်နယ်လွှတ်တော်အမတ်နဲ့ အတူတူပဲ။  ပင်ပန်းရတာချင်းအတူတူ အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်ထက် ဘာမှပိုမသာသလို ပြည်ထောင်စုလွှတ်တော်မှ မဲခွဲရင်တောင် မဲအနည်းစုပဲ ရနေတယ်။ ဒါကြောင့် အမျိုးသားလွှတ်တော်ကို လုပ်ပိုင်ခွင့်အာဏာ ပိုပေး သင့်သလို လူဦးရေကိုလည်း မျှမျှတတကိုယ်စားပြုနိုင်အောင် နည်းသင့်ပါတယ်။ အမေရိကန်ဆီးနိတ် ဆိုရင် တစ်ပြည်နယ် ၂ယောက်ပဲ။ မြန်မာပြည်မှာလဲ သမ္မတစနစ်ကျင့်သုံးတာကြောင့်  အမျိုးသား လွှတ်တော်ကို လုပ်ပိုင်ခွင့်ပိုပေးပြီး အမတ်ဦးရေကိုလည်း လျှော့ချသင့်တယ်။

        ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေကလည်း ပြင်ရမှာတွေ အတော်များနေတယ်။ ဒါကလည်း အားလုံး ညီညွတ်၊ သဟာဇာတဖြစ်၊ အချင်းချင်းယုံကြည်၊ ပြည်တွင်းငြိမ်းချမ်းရေး အမှန်ရရှိသွားတဲ့အခါမှ ဖြစ်လာနိုင်တာမျိုးမို့လို့ အချိန်တစ်ခုထိ စောင့်ရပါဦးမယ်။ အခုတော့ အိမ်မက် ထဲမှာပဲ အားရပါးရ ပြင်ဆင်၊ဖြည့်စွက် ၊အသစ်ရေးနေပါတယ်။



မိုးတုတ်ကိုတိုး

ဤစာမှုကို သတင်းစာ၊ ဂျာနယ်တွင် အသုံးပြုလိုပါက

094500 57088 သို့ ဆက်သွယ်ပါရန်
#to be happy#

$$ kotoetoe $$

0 comments:

Post a Comment